တောင်ဥက္ကလာပမြို့မရဲစခန်းအား ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

တောင်ဥက္ကလာပမြို့မရဲစခန်းအား ၄ဝ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့မရဲစခန်းအနီးသို့ အကြမ်းဖက်သူများက ယာဉ်အမှတ်(စိစစ်ဆဲ) Light Truck အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာကာ သစ္စာလမ်းဘက်မှနေ၍ ၄၀ မမဗုံးပစ် လောင်ချာဖြင့် ၂ ချက် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဗုံးသီးတစ်လုံးမှာ ရဲစခန်းနှင့် ပေ ၄၀ ခန့် အကွာ သစ္စာလမ်းဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီးရှိ ကားပေါ်သို့ ကျရောက်ပေါက်ကွဲ ခဲ့သည်။

ပေါက်ကွဲမှုကြောင့် အဆိုပါလိုင်းခန်းဘေးဈေးဆိုင်တွင် မုန့်စားနေကြသည့် အပြစ်မဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၂ နှစ်အရွယ် မိန်းကလေး ၁ ဦးနှင့် အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေး ၁ ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး ပို့ဆောင်စဉ် အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်စဉ် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများကြောင့် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် Light Truck ယာဉ်၏ ယာဉ်နံပါတ်အား သိရှိရသဖြင့် ယာဉ်နံပါတ်မှန်ကန်မှု ရှိ/မရှိ အတည်ပြု စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ချိန်က အကြမ်းဖက်သမားများမှာ ယာဉ်နံပါတ်အား ပြောင်းလဲတပ်ဆင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်အား စုံစမ်းခဲ့ရာ အဆိုပါယာဉ်အား ရဲစခန်းပစ်ခတ် တိုက်ခိုက် သည့်နေ့တွင် မောင်းနှင်အသုံးပြုခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ်(၂၈)နေ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး(၂၁)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၁)လမ်း၊ အမှတ်(၃၇၁)နေ ဝေယံထက် (ခ)နိုင်ကြီး (၂၀)နှစ်တို့ ၂ ဦးအား ဒီဇင်ဘာလ ၁၆ ရက် နေ့လည်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၅)ရပ်ကွက်၊ မဟာလမ်းပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ၂ ဦး၏ ထွက်ဆိုချက်များအရ ရဲစခန်းအားပစ်ခတ်တိုက်ခိုက် ရာတွင် ၎င်းတို့ ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ်(၉၉)နေ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave ၏ နေအိမ်၌ တိုက်ခိုက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်း၏မိဘများဖြစ်သည့် သူရ(ခ)ကျော်မင်းမင်းကို (၄၇)နှစ်နှင့် မိုးမိုးခိုင်(ခ)မြဝင်းကြည်(၅၁)နှစ်တို့ ၂ ဦးအား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ ၃ စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံး၊ ဓာတ်ခဲမျိုးစုံ ၃၀ လုံး၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer  ၁ လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ ၁ ခု တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီးနှင့် ဝေယံထက်(ခ)နိုင်ကြီး တို့၏ ထွက်ဆိုချက်အရ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ်(၄၁)နေ ဆက်စပ်တရားခံ မိုးကျော်သူ(ခ)အာကြီး (ခ) Rock Gyi(၂၆)နှစ်နှင့် အဆိုပါရပ်ကွက်၊ ခရေလမ်း၊ အမှတ်(၁၂၉)နေ ကျော်မိုးလွင်(ခ) ကျော်ကြီး (၂၆)နှစ်တို့ ၂ ဦးအား ပိတောက်လမ်းပေါ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၅ ဦး၊ မ ၁ ဦး၊ ပေါင်း ၆ ဦးတို့အား MK-12 သေနတ် ၂ လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတို ၁ လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ဒူးကာ ၃ စုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer ၁ လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ မော်တာ ၁ လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ ၁ ခု၊ မော်တော်ယာဉ် ၁ စီးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရန်ကုန်မြို့အတွင်း ဆူပူအကြမ်းဖက်ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြောင်း၊ ဝေယံထက်(ခ)နိုင်ကြီး အနေဖြင့် ဧပြီလ အတွင်း မြဝတီမြို့နယ်၊ လေးကေ့ကော်ကျေးရွာရှိ KNLA တပ်မဟာ(၆)တွင် ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဖမ်းဆီးရမိတရားခံ ၄ ဦး အပါအဝင် အဖွဲ့ဝင် ၁၃ ဦး ဖြင့် D.S.R အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ခေါင်းဆောင်အဖြစ် ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave မှ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ် များကို အားပေးထောက်ခံသည့် အဖွဲ့အစည်းများထံမှ အလှူငွေများရယူကာ ဖမ်းဆီးရမိ လက်နက်များနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများအား ဝယ်ယူခဲ့ကြောင်း၊ အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ရန် Telegram တွင် Group ဖွဲ့၍ အကြမ်းဖက်ဖောက်ခွဲခြင်းနှင့် ပစ်ခတ် တိုက်ခိုက်မှုလုပ်ငန်းများအား Zoom Meeting ဖြင့် Online မှ တစ်ဆင့် ဆွေးနွေးတိုင်ပင် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုအနေ ဖြင့် ၃ ကြိမ်၊ တောင်ဥက္ကလာပမြို့မရဲစခန်း မိသားစုနေအိမ်လိုင်းခန်းအား ၁ ကြိမ် ပစ်ခတ် ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့ပြီး ကျူးလွန်ခဲ့မှုများအနေဖြင့်-
အောက်တိုဘာလ ၁ ရက်တွင် မိုးကျော်သူ(ခ)Rock Gyi၊ မျိုးမြင့်မြတ်အောင်(ခ) မျိုးကြီး၊ ကျော်မိုးလွင်(ခ)ကျော်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ဆက်မင်းခန့်(ခ) လရောင် တို့ ၄ ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ကြိုးတံတားအနီးတွင်လည်းကောင်း။
အောက်တိုဘာလ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ သီတဂူ ဘုန်းတော်ကြီးကျောင်းအနီးတွင်လည်းကောင်း။

အောက်တိုဘာလ ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံ အနီးတွင် လည်းကောင်း လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် ဖောက်ခွဲမှုများ ဆောင်ရွက်နိုင်ရေး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave က လက်လုပ်ဗုံးများအား ကိုယ်တိုင်ပြုလုပ်ကာ အကြမ်းဖက်ဖောက်ခွဲမည့်သူများ ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၉ ရက် ညနေပိုင်းတွင် တောင်ဥက္ကလာပမြို့မရဲစခန်းအား ချောင်းမြောင်းပစ်ခတ်ရန်အတွက် ကျော်မိုးလွင်၊ ဖမ်းဆီးရန်ကျန် တရားခံ ရဲမာန်အောင် (ခ)Zulex နှင့် ဆက်မင်းခန့်(ခ) လရောင် တို့က ရဲစခန်းအား အခြေအနေ စောင့်ကြည့် ပေးကာ Light Truck ယာဉ်အား မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီး က မောင်းနှင်၍ ဝေယံထက် (ခ)နိုင်ကြီး မှ ကျည်ဖြည့်ပေးသူအဖြစ် ဆောင်ရွက်ပြီး မိုးကျော်သူ(ခ)Rock Gyi က ယာဉ်ပေါ် မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ၂ ချက် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လိုအပ်သည့်‌ ငွေကြေး နှင့် လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန် တရားခံ အောင်ကြီး မှ ဝင်းဇော်မိုး(ခ) မိုးဟိန်း(ခ)Brain Wave ထံ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave က ယာဉ်နှင့် လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
    
အထက်ပါ ဖမ်းဆီးရမိ တရားခံများအား  ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။