သက်ရှည်ကျန်းမာ ဒို့ကမ္ဘာ
ကမ္ဘာတစ်လွှားတွင် လူသားတွေဟာ ယခုအခါမှာ အသက်ရှည်ရှည်နေနိုင်လာကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မည်သည့် နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ လူအများစုဟာ ၎င်းတို့ရဲ့သက်တမ်းကို အသက် ၆၀ ကျော်အထိ နေထိုင်နိုင်ဖို့ မျှော်မှန်းနိုင် ကြပြီဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ ၎င်းတို့တိုင်းပြည်ရဲ့ လူဦးရေပမာဏ ကြီးထွားလာသလို အသက်ကြီးသူတွေရဲ့ အချိုးအစား ဟာလည်း မြင့်တက်လာနေပါတယ်။ လာမယ့် ၂၀၃၀ မှာ လူခြောက်ဦးမှာ တစ်ဦးသည် အသက် ၆၀ နှစ်အထက်တွေ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၂၀ မှာ အသက် ၆၀ နှစ်အထက်က လူဦးရေ ၁ ဘီလီယံကနေ ၁ ဒသမ ၄ ဘီလီယံအထိရှိနေပြီး ၂၀၅၀ မှာတော့ အသက် ၆၀ နှစ်အထက်လူဦးရေဟာဆိုရင် နှစ်ဆ (၂ ဒသမ ၁ ဘီလီယံ) အထိရှိလာမယ်လို့ ခန့်မှန်းတွက်ချက် ဖော်ပြလာကြပါတယ်။ အသက် ၈၀ နှစ်အထက်ကတော့ ၂၀၂၀ ကနေ ၂၀၅၀ အတွင်းသုံးဆခန့်အထိ တိုးပွားလာနိုင်ကြောင်းလည်းဆိုပါတယ်။
ထိုသို့ လူဦးရေအချိုးအစားမှာ အသက်ကြီးသူတွေများပြားလာမှုကို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေမှာ တွေ့ရှိနေရ ပြီဖြစ်ပါတယ်။ ဥပမာ- ဂျပန်နိုင်ငံမှာ ဆိုရင် ၎င်းလူဦးရေ၏ ၃၀ ရာနှုန်းခန့်ဟာ အသက် ၆၀ နှစ်အထက်တွေဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေ၊ ဝင်ငွေအလယ်အလတ် နိုင်ငံတွေမှာပါ နိုင်ငံ့လူဦးရေ အချိုးအစားမှာ အဆိုပါအသက်ကြီးသူဦးရေများပြားလာတဲ့ ပြောင်းလဲမှုကို တွေ့ကြုံနေရပြီဖြစ်ပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာပေါ်ရှိ အသက် ၆၀ နှစ်အထက် လူဦးရေ၏ သုံးပုံနှစ်ပုံလောက်ဟာ ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေက သူတွေဖြစ်လာတော့မှာ ဖြစ်ပါတယ်။
အိုမင်းရင့်ရော်မှုဘာကြောင့်ဖြစ်
ဇီဝဖြစ်စဉ်တွေကို လေ့လာကြည့်ရင် အိုမင်းရင့်ရော်မှုဆိုတာ ခန္ဓာကိုယ်၏ မော်လီကျူးတွေမှာ ဆဲလ်တွေမှာ အချိန်နဲ့အမျှ အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးမှုတွေ စုဝေးဖြစ်ပေါ်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ဟာဆိုရင် စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေကိုပါ တဖြည်းဖြည်းယုတ်လျော့စေပါတယ်။ ရောဂါတွေဖြစ်ပေါ်လာစေပြီး နောက်ဆုံး မှာတော့ အသက်ဇီဝချုပ်ငြိမ်းစေခြင်းကို ဖြစ်စေပါတယ်။ ဒီလိုအိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ဟာဆိုရင် တစ်သမတ်တည်း တစ်ဖြောင့်တည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဆိုလိုတာက လူတစ်ဦးရဲ့အသက်အရွယ်ရလာခြင်းနဲ့ အဆိုပါဇီဝဖြစ်စဉ်တို့ဟာ အတိအကျ ချိတ်ဆက်နေတာတော့ မဟုတ်ပါဘူး။ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေအပြင် အိုမင်း ရင့်ရော်ခြင်းဟာဆိုရင် တခြားနေ့စဉ် လူနေမှုဘ၀ အပြောင်းအလဲတွေနဲ့လည်း ဆက်နွှယ်နေပါတယ်။ ဘယ်လိုဟာမျိုးတွေလဲဆိုရင်တော့ ပင်စင်ယူခြင်း၊ နေအိမ်ပြောင်း လဲနေထိုင်ရခြင်း၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ နာရေးကိစ္စ စတဲ့အဖြစ်အပျက်တွေဟာ အိုမင်းရင့်ရော်ခြင်းနဲ့ ချိတ်ဆက်နေ တတ်ပါတယ်။
အထွေထွေကျန်းမာရေး အခြေအနေများနဲ့ အိုမင်းရင့်ရော်ခြင်း
အသက်အရွယ်ရလာသည်နှင့်အမျှ ဖြစ်တတ်တဲ့ အခြေအနေများကတော့ နားထိုင်းလာခြင်း၊ မျက်စိမွဲလာခြင်း၊ ကျောနာခါးနာ ဒူးနာလာခြင်း၊ နာတာရှည် အဆုတ်ရောင်ရင်ကျပ်လာခြင်း၊ ဆီးချို၊ စိတ်ကျခြင်းနဲ့ စိတ်နောက်ကျိခြင်း စတဲ့ရောဂါများ တစ်ခု မဟုတ်တစ်ခု ခံစားရတတ်ကြပါတယ်။ လူတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ယိုယွင်း ဖောက်ပြန်မှုတွေကို မလွဲမသွေခံစားရမှာလည်း ဖြစ်ပါတယ်။ ထို့ပြင် အသက်ကြီးလာတဲ့အခါမှာ ရောဂါလက္ခဏာတစ်ခုချင်းစီကို မည်မည်ရရ နာမည် တပ်လို့မရတဲ့ လူကြီးနာလို့ခေါ်တဲ့ ရောဂါအစုအဝေးလိုက် ခံစားရမှုမျိုးလည်း ကြုံရတတ်ပါတယ်။ လူကြီးနာကတော့ ဘယ် အကြောင်းကြောင့်ရယ်လို့ မည်မည်ရရမဟုတ်ဘဲ နှစ်ကာလ ကြာမြင့်စွာကဒဏ်တွေ အကြောင်းရင်းတွေကြောင့်ပဲဖြစ်ပြီး ဘယ်လိုမျိုး တွေဖြစ်တာလဲဆိုတော့ နုံးချည့်နဲ့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ မိုက်ခနဲလဲကျတတ်ခြင်း၊ ရီဝေဝေဖြစ်ခြင်း၊ ကိုယ်ခန္ဓာမှာ ကြာကြာပွတ် မိဖိမိရာမှတစ်ဆင့် အနာများဖြစ်ပွားခြင်း စတာတွေပဲဖြစ်ပါတယ်။
ကျန်းမာစွာအိုမင်းရင့်ရော်ခြင်းကို လွှမ်းမိုးနေသောအချက်များ အသက်ရှည်ရှည်နေထိုင်ရခြင်းကတော့ ကာယကံရှင်အတွက်နှင့် ၎င်းတို့ရဲ့ မိသားစုများအတွက်သာမကဘဲ လူမှုအဖွဲ့အစည်းအတွက်ပါ အခွင့်အလမ်းကောင်းတွေဖြစ်စေပါတယ်။ ထပ်ဆောင်းနေထိုင် ရတဲ့နှစ်တွေတိုင်းမှာ ထပ်မံ၍ သင်ယူလေ့လာခြင်း၊ အလုပ်အကိုင်အသစ်များ သို့မဟုတ် ယခင်က လျစ်လျူရှုထားခဲ့ရတဲ့ လုပ်ချင်တဲ့ အလုပ်တွေ လုပ်ကိုင်ခြင်း စတဲ့ အတွေ့အကြုံ လှုပ်ရှားမှုအသစ်တွေကို ဆောင်ရွက်နိုင်ဖို့ အခွင့်ကောင်းတွေရရှိလာစေပါတယ်။ ထို့ပြင် လူအိုတွေဟာ သူတို့မိသားစုတွေ လူ့အဖွဲ့အစည်းတွေကို တစ်နည်းနည်းနဲ့ အကျိုးပြုနိုင်ပါသေးတယ်။ လူအိုတွေအနေနဲ့ ဖော်ပြပါ အချက်များအား ဆောင်ရွက်နိုင်ဖို့ဆိုရင် အရေးကြီးဆုံးအချက်ကတော့ ကျန်းမာရေးပေါ်မှာ အများကြီး မူတည်နေမယ် ဆိုတာ ပြောဖို့လိုမယ်မထင်ပါဘူး။ ကျန်းမာနေမှသာ အဆိုပါလှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။
ထပ်လောင်းနေရတဲ့နှစ်တွေမှာ လူအိုတွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အထောက်အကူကောင်းတဲ့ ပတ်ဝန်းကျင်တွေမှာ နေရမယ်ဆိုရင် သူတို့တန်ဖိုးထားတဲ့အရာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ ၎င်းအရာတွေဟာဆိုရင်လည်း လူငယ်တွေနဲ့ အနည်းငယ်ကွဲပြား ခြားနားပါလိမ့်မယ်။ အကယ်လို့ ရုပ်ပိုင်းရောစိတ်ပိုင်းပါ ကျန်းမာရေး ယိုယွင်းနေမယ်ဆိုရင်တော့ အဆိုပါ ထပ်ဆောင်းနေရတဲ့ နှစ်တွေမှာ လူအိုတွေဟာ လူ့အဖွဲ့အစည်းအတွက် အနုတ်သဘောဆောင်နေနိုင်ပါတယ်။
လူအိုတွေရဲ့ကျန်းမာရေးအကြောင်းပြောရမယ်ဆိုရင် ကျန်းမာရေးဆိုတာ မျိုးရိုးနဲ့ ဆိုင်တယ်ဆိုပေမယ့်လို့ အများစုကတော့ သူတို့ရဲ့ ရုပ်ပိုင်းလူမှုရေးပိုင်းဆိုင်ရာ ပတ်ဝန်းကျင် (ဥပမာ-အိမ်နီးချင်းမိတ်ဆွေများနှင့် လူမှုအဖွဲ့အစည်းများ၊ ကာယကံရှင်၏ ဝိသေသအချက် အလက်များဖြစ်တဲ့ ကျား/မ၊ လူမျိုး၊ လူမှုစီးပွားဘဝ) စတာတွေပေါ်မှာ မူတည်နေပါတယ်။ ဒီအချက်တွေဟာဆိုရင် စုပေါင်းပြီးတော့ ရေရှည်မှာ လူတွေ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်ဆိုတာကို သက်ရောက်စေပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် တွေဟာ ကျန်းမာရေးအပေါ်ကို တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ သက်ရောက်မှုရှိစေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်နိုင်တာတွေ၊ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေ၊ မျှတတဲ့ အစားအသောက်ပုံစံကို ထိန်းသိမ်းမှုတွေကို ဘဝတစ် လျှောက်လုံး ထိန်းသိမ်းလုပ်ဆောင်ခြင်းဟာဆိုရင် နာတာရှည်ရောဂါ ဖြစ်ပွားနိုင်မှုကို လျော့နည်းစေခြင်း၊ ကိုယ်ရောစိတ်ပါ စွမ်းဆောင်ရည်ထိန်းသိမ်းနိုင်ခြင်းနဲ့ အသက်ကြီးလာလို့ သူတစ်ပါးကို အားပြုရမှုတွေ လျှော့ချပေးခြင်း စတဲ့အကျိုးကျေးဇူးတွေ ရနိုင်မှာလည်းဖြစ်ပါတယ်။
လူဦးရေတစ်ခုအတွင်း အသက်အရွယ် အိုမင်းသူများနှင့်ပတ်သက်၍စိန်ခေါ်မှုများ
စံပြုလူအိုတစ်ယောက်ဆိုတဲ့ ပုံစံဆိုတာမျိုးမရှိပါဘူး။ တချို့သူတွေဟာ အသက် ၈၀ ကျော်ပေမယ့် အသက် ၃၀ ကဲ့သို့ စွမ်းဆောင် နိုင်မှုတွေ ရှိနေနိုင်ပါတယ်။ အများစုကတော့ အသက်ငယ်တုန်းကလိုတော့ မစွမ်းဆောင်နိုင်ကြတော့ပါဘူး။ ပြည့်စုံကျယ်ပြန့်သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ သက်ကြီးရွယ်အိုတွေရဲ့ ကျယ်ပြန့်တဲ့မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ရန်လိုပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေအတွက် လိုအပ်ချက်အများစုဟာ သူတို့ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တွေကနေ၊ ဒီလို လူအိုတွေရဲ့ ကျန်းမာရေးနှင့်အခွင့်အလမ်းများအပေါ်မှာ ပတ်ဝန်းကျင်သက်ရောက်မှုတွေကနေ ထွက်ပေါ် လာတာပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လူသားတွေ၏ ဆက်နွှယ်မှုတွေဟာ တစ်ဦးချင်းစီ၏ မွေးဖွားကြီးပြင်းလာတဲ့ မိသားစုပုံစံ၊ ကျား/မ၊ လူမျိုး စတဲ့စရိုက်လက္ခဏာမတူတာတွေကြောင့် ချွတ်ချော်တိမ်းစောင်းမှုတွေဖြစ်စေပြီး ကျန်းမာရေးဆိုင်ရာ မညီမျှမှုကို ဦးတည်စေပါတယ်။
လူအိုများဟာ ယေဘုယျအားဖြင့် ချည့်နဲ့ပြီးတော့ လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ တွေးထင်စေပါတယ်။ ပြည်သူ့ ကျန်းမာရေးအရာရှိများနဲ့ လူ့အဖွဲ့အစည်း ကိုယ်စားပြုသူတွေအနေနဲ့ လူအိုတွေနဲ့ပတ်သက်တဲ့ အဆင့်အတန်း ခွဲခြားမှုဖြစ် စေတဲ့ ထင်မြင်ယူဆချက်တွေကို အလေးအနက်ထားဖို့လိုပါတယ်။ အိုပယ်ဝါဒီတွေမထွန်းကားဖို့ လိုအပ်ပါတယ်။ ထို့ပြင် လူအိုများ အတွက် ကောင်းမွန်တဲ့မူဝါဒတွေ ပေါ်ထွက်ဖို့နဲ့ ကျန်းမာစွာ အိုမင်းရင့်ရော်ခြင်း အခွင့်အလမ်းတွေရရှိစေဖို့ မူဝါဒတွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။
မြို့ပြတွေဖွံ့ဖြိုးလာမှု၊ ရွှေ့ပြောင်းအခြေချ နေထိုင်မှုများလာခြင်း၊ လိင်မှုဆိုင်ရာစံနှုန်းတွေ ပြောင်းလာခြင်း၊ နည်းပညာ ဖွံ့ဖြိုးလာခြင်းနှင့်အတူ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ပေါ်မှုတွေဟာ လူသားတွေရဲ့ ဘဝတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် လွှမ်းမိုးသက်ရောက်စေပါတယ်။ လူအိုတွေနဲ့ပတ်သက်တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ အဆိုပါ ပြောင်းလဲဖြစ်ထွန်းလာမှုတွေကို မူတည်တွက်ချက်ပြီးတော့ မူဝါဒတွေ မူဘောင်တွေကို လိုက်လျောညီထွေစွာ တိုးတက်လာအောင် လုပ်ဆောင်ဖို့လိုအပ်မှာလည်းဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် လူ့ဘောင်အဖွဲ့အစည်းကြီးအနေဖြင့် ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊ မသိလိုက်မသိဘာသာဖြစ်စေ အသက်ကြီး သူများအား ပစ်ပယ်ခြင်းများ အထူးသတိထား ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူများနဲ့ အိုမင်းမစွမ်းဖြစ်သူများကို ရိုင်းပင်းကူညီဖေးမတဲ့ ဝန်းကျင်တစ်ခုတည်ဆောက်ရန် မဖြစ်မနေလိုအပ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေဟာ လူ့အဖွဲ့အစည်း အတွင်းမှာ အရေအတွက်များများ တွေ့လာရတော့မှာလည်း ဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းဟာ မျှော်မှန်းသက်တမ်းတွေ တိုးလာတာ တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ အမျိုးသမီးတစ်ဦးချင်းစီရဲ့ ကလေးမွေးမှုနှုန်းတွေ ကျလာတာကြောင့်လည်း ကလေးအရေ အတွက်နဲ့နှိုင်းယှဉ်ရင် ၆၅ နှစ်အထက် လူကြီးအရေအတွက်က ပိုမိုသာလွန်လာတော့မှာလည်းဖြစ်ပါတယ်။ ထို့ပြင် လူဦးရေ အချိုးအစားမှာ သက်လတ်ပိုင်းသူတွေအချိုးပိုများလာတော့မှာလည်းဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာတဲ့အသက်အရွယ်ကြီးရင့်သူတွေများလာဖို့လည်း လိုအပ်ပါတယ်။ လူတိုင်းဟာ တစ်ချိန်ချိန်မှာတော့ အသက်ကြီး ရင့်မှုကို မလွဲမသွေရင်ဆိုင် ကြုံတွေ့ကြရဖို့လည်း ရှိပါတယ်။ ကျန်းမာသက်ရှည်စွာ သက်တမ်းစေ့ နေထိုင်သွားနိုင်ရေးသည် မိမိကိုယ်တိုင်အတွက်သာမက နိုင်ငံတော်နဲ့ မိမိအဖွဲ့အစည်း အသိုက်အဝန်းအတွက်လွန်စွာအရေးကြီးပါကြောင်း ရေးသားလိုက် ရပါတယ်။ ။
ကိုဇေ