စစ်သမီးတို့၏ ဂုဏ်ရည်

စစ်သမီးတို့၏ ဂုဏ်ရည်

(အမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်း ဂုဏ်ပြုဆောင်းပါး)

    အမျိုးသမီးများ၏ ဘဝသည် ရှေးနှစ်ပေါင်းများစွာက ယောကျ်ားသားများ၏ နောက်တွင်အိမ်တွင်းမှု လုပ်ငန်းများဖြင့်သာ နေထိုင်ခဲ့ရသည်။  မိမိဘဝကို မီးဖိုချောင်ထဲ၌သာ နစ်မွန်းခဲ့ရသည်။ အမျိုးသားများနှင့် တန်းတူ  အိမ်ပြင်ထွက် အလုပ်လုပ်ကိုင်ခွင့် မရခဲ့ပေ။ တဖြည်းဖြည်းဖြင့် ဖွံ့ဖြိုးတိုးတက်လာသောခေတ်၊ တိုးတက်လာသော နည်းပညာများ၊ ပွင့်လင်းလာသော လူမှုပတ်ဝန်းကျင်တို့ကြောင့် အမျိုးသမီးများ၏ဘဝသည် အိမ်ရှင်မဟူသောဘဝမှ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍတို့တွင် အမျိုးသားများနည်းတူ တစ်ခန်းတစ်ကဏ္ဍမှ မောင်တစ်ထမ်းမယ်တစ်ရွက် ပါဝင်လာကြပြီ ဖြစ်သည်။

အမျိုးသမီးများ၏ စိတ်ဓာတ်သည်  အလွန်ပင် ပျော့ပျောင်းနွေးထွေးပြီး ကြီးမားသော မေတ္တာစေတနာ တို့ကို အခြေခံထားသည့် မိခင်စိတ်ရှိသူများပင် ဖြစ်သည်။  သားသမီးတို့အပေါ် ချစ်ခင်သလို   မိမိတို့မွေးဖွားရာ အမိနိုင်ငံတော်အပေါ်၌လည်း ချစ်ခင်သော မျိုးချစ်စိတ်ရှိသူများလည်း ဖြစ်သည်။ 

ထိုသို့မျိုးချစ်စိတ်ကို အခြေခံသော အမျိုးသမီးကောင်းများကို နိုင်ငံတော် ကာကွယ်လိုစိတ်ဖြင့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်နိုင်အောင် လေ့ကျင့်သင်ကြားပေးနေသော နေရာမှာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း ကျောင်းပင်ဖြစ်သည်။   ထိုကျောင်းကြီးမှ   ''နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာမှာ အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေဖို့အတွက် အမျိုးသမီး စစ်မှုထမ်းများကို   လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်'' ဟူသည့် ရည်ရွယ်ချက်ဖြင့်၂ဝ၁၄ ခုနှစ် မတ်လ ၁ ရက်နေ့မှစ၍ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းသူ ၁ဝဝ ဦးဖြင့်  အမျိုးသမီး အရာရှိကောင်းများစွာကို မွေးထုတ်ပေးလာသည်မှာ ယနေ့ဆိုလျှင် အမှတ်စဉ်(၈)သို့ ရောက်ရှိလာပြီဖြစ်သည်။

ယနေ့အချိန်အခါသည် ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာသည်ကို  အားလုံးသိရှိပြီးဖြစ်သည်။ထိုသို့တိုးတက် ပြောင်းလဲလာသော ကမ္ဘာကြီးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့် အမျှ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များတွင်လည်း အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် များစွာ တိုးတက်လာခဲ့ပြီး အဆင့်မြင့် တာဝန်များစွာကို ထမ်းဆောင်လာနိုင်ကြပြီဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဗိုလ်သင်တန်းကျောင်းဆင်း အမျိုးသမီးအရာရှိ ကောင်းများ မွေးထုတ်ပေးနိုင်ရန်မှာ လွယ်ကူသော အရာတစ်ခုမဟုတ်ပေ။  များစွာသော  ငွေအင်အား၊ လူအင်အားတို့ကို အခြေခံ၍  အချိန်များစွာ ရင်းနှီးမြှုပ်နှံထားရပေသည်၊။

နိုင်ငံတော်က အားကိုးအားထား ပြုနိုင်သော အရာရှိကောင်း တစ်ဦးဖြစ်ရန်မှာလည်း  မလွယ်ကူလှပေ။ ပြန်တမ်းဝင် အရာရှိတစ်ဦးဖြစ်ရန် အနိမ့်ဆုံးပညာ အရည်အချင်းမှာ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိသောသူဖြစ်၍ အနည်းဆုံး အသက်၂ဝ နှစ် ဝန်းကျင်ဖြစ်သည်။ ထိုအရွယ်သည် လွန်စွာမှနုနယ်ပျိုမျစ်၍ ငယ်ရွယ်မှု၊ လှပမှု၊ လွတ်လပ်မှုတို့ကိုစတေးကာ မိမိချစ်ခင်သော မိသားစုပတ်ဝန်းကျင်နှင့် ခွဲခွာ၍ နိုင်ငံတော်က အားထားရသော အရာရှိကောင်း တစ်ဦးဖြစ်အောင် လေ့ကျင့်သင်ကြားရသည်။ ထိုသို့ လေ့ကျင့်သင်ကြားရာတွင် မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ရသည်။ စစ်တက္ကသိုလ်တွင် လေး နှစ်တာသင်ကြားရသော   စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ စစ်မြေပြင် အင်ဂျင်နီယာ ဘာသာရပ်၊ လက်နက်သင်ဘာသာရပ်၊ ကြံ့ခိုင်ရေးဘာသာရပ်၊ ခေါင်းဆောင်မှုဘာသာရပ်၊ စစ်ဦးစီး စစ်ရေးစစ်ထောက် ဘာသာရပ်၊ စစ်ဘက်ဥပဒေ ဘာသာရပ် စသည်ဖြင့်များစွာသော သင်ခန်းစာများကို အချိန်ကာလကိုးလဖြင့် ပင်ပန်းကြီးစွာ လေ့ကျင့်သင်ကြားရသည်။

ထိုကိုးလတာ ကာလအတွင်း နံနက် ၅ နာရီခွဲ ကြံ့ခိုင်ရေး ဘာသာရပ်သင်ခန်းစာမှစ၍  ည ၉ နာရီခွဲ အိပ်ချိန်ရောက်သည်အထိ မရပ်မနားအားထုတ် ကြိုးပမ်းရသည်။  နိုင်ငံတော်က  အားကိုးရသော အမျိုးသမီးအရာရှိကောင်း တစ်ဦးဖြစ်ရန် နေပူမရှောင်မိုးရွာမရှောင် သင်ခန်းစာများကို လေ့လာရသည်။ နည်းပြများ၏  သင်ကြားပြသပေးမှုကို  လိုက်နာ မှတ်သားရသည်။ သင်ခန်းစာများသည် စာတွေ့သာမဟုတ် လက်တွေ့နယ်ပယ်တွင် များစွာအကျိုးပြုလျက်ရှိပေသည်။ တပ်မတော်သည် ပြည်သူ့ကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သောကြောင့် အမျိုးသမီး စစ်မှုထမ်းများသည်လည်း ပြည်သူ့စစ်သမီးများပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူအပေါ်  သစ္စာစောင့်သိ တတ်စေရန်နှင့် အမိန့်နာခံ၍ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်နိုင်သော စိတ်ဓာတ်ကောင်း ရှိရန်လည်း လမ်းညွှန်ပြသပေးသည်။ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်၍ စည်းကမ်းကောင်းမွန်အောင်၊ လေ့ကျင့်သား ပြည့်ဝသော အရာရှိကောင်းများ ဖြစ်အောင် မွေးထုတ် ပေးလျက်ရှိသည်။   လေ့ကျင့်သားပြည့်ဝမှသာ တိုက်ရည်ခိုက်ရည်ရှိသော၊   ကျန်းမာကြံ့ခိုင်သော သူများဖြစ်လာပေမည်။ တာဝန်များ ထမ်းဆောင်ရာတွင်လည်း အချင်းချင်းစည်းလုံး ညီညွတ်မှုရှိအောင် ရဲဘော်စိတ်ဖြင့် စွန့်လွှတ် အနစ်နာခံတတ်သော သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်တတ်သော စိတ်ဓာတ်ထားရှိနိုင်အောင် လေ့ကျင့်သင်ကြားပေးသည်။ ထိုသို့တပ်မတော်၏  အားဆယ်ပါးနှင့် ပြည့်စုံအောင် လိုက်နာဆောင်ရွက်ရသည်မှာ မိန်းမသားများအတွက် အလွန်ပင် ခက်ခဲပင်ပန်းလှသည်။

တပ်မတော်၏ အားဆယ်ပါးနှင့် ပြည့်စုံနေရုံဖြင့် အရာရှိကောင်းတစ်ဦးလည်း မဖြစ်နိုင်ပေ။ အဓိကကျသော ခေါင်းဆောင်မှု အရည်အချင်းများနှင့်လည်း ပြည့်စုံရန်လိုသည်။ နိုင်ငံတစ်နိုင်ငံတွင်သာမက အဖွဲ့အစည်းတစ်ခုတွင်လည်း ခေါင်းဆောင်မှုကောင်းရန် လိုအပ်လှပေသည်။ ခေါင်းဆောင်ကောင်း တစ်ဦး၏ အရည်အချင်းများနှင့် ပြည့်စုံမှသာ မိမိလက်အောက်ခံ ငယ်သားများ၏ ယုံကြည်လေးစားမှု၊ အားကိုးချစ်ခင်မှုနှင့် သစ္စာစောင့်သိမှုတို့ကို ရရှိမည်ဖြစ်သည်။ ခေါင်းဆောင်မှုညံ့ဖျင်းပါက နိုင်ငံတော်အတွက် များစွာသော ဆုံးရှုံးနစ်နာမှုဖြစ်တတ်ကြောင်းကို ရှေ့တွင်သာဓက များစွာရှိပြီးဖြစ်သည်။

သင်တန်းကာလတစ်လျှောက် အမိကျောင်းတော်ကြီးက လေ့ကျင့် သင်ကြားပေးသည်များကို မိမိတို့ တာဝန်ကျရာ  တပ်မတော်  (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင်  တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရင်း လက်တွေ့အသုံးချအကောင်အထည် ဖော်ဆောင်ရွက်၍ နိုင်ငံတော်တာဝန်ကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်လျက် ရှိပေသည်။ အမျိုးသမီး အရာရှိများသည် မိမိတို့ကျရာ အခန်းကဏ္ဍမှ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရင်း ထူးချွန်ထက်မြက်သော အမျိုးကောင်းသမီးများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ ယခုဆိုလျှင် နိုင်ငံတော်က ယုံကြည်အားကိုးရသော အမျိုးသမီး လေသူရဲများ၊ နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေသော အထူးတပ်ဖွဲ့ဝင် အမျိုးသမီးစစ်သည်များလည်း မွေးထုတ်နိုင်ပြီဖြစ်သည်။ ဤသည်မှာ အမျိုးသမီး စစ်မှုထမ်းများ၏ ကြိုးစားအားထုတ်မှု၊ နိုင်ငံတော်၏ အားကိုးယုံကြည်မှုပင်ဖြစ်သည်။

အမျိုးသမီးများကိုအားနည်းသူ၊ အားနွဲ့သူဟူ၍ အထင်သေး၍မရကြောင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မျိုးချစ်စိတ်ဓာတ်နှင့်အတူ စစ်သွေးစစ်မာန် အစဉ်ထက်မြက်နေသူ ဖြစ်ကြောင်းကို သူရမချစ်ပိုဟူသော အာဇာနည်ရဲမေက သက်သေပြခဲ့ပေသည်၊။ အမျိုးသမီးများသည်  အမျိုးသားများနှင့် တန်းတူ ရင်ပေါင်တန်း၍ ပေးအပ်လာသော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်လျက်ရှိပေသည်။

အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် တည်ဆောက်ရေးသည် တပ်မတော်၏ ရည်မှန်းချက်ပင်ဖြစ်သည်။ ၎င်းရည်မှန်းချက်ကို  အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ တပ်မတော်သား အားလုံး၏ တာဝန်ဖြစ်၍အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အားလုံးပူးပေါင်း ဆောင်ရွက်သင့်ပေသည်။  တပ်မတော်ပိုမို အင်အားတောင့်တင်း ခိုင်မာစေရန် ယခုကဲ့သို့ အမျိုးသမီး စစ်သည်များစွာ လိုအပ်လှပေသည်။ အမျိုးသမီးစစ်သည်များသည် နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရာ၌ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်လာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်က ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၈)   သင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ''နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာမှာ မိမိတို့တစ်ဦးချင်း တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် ''လေ့လာ၊လေ့ကျင့်၊ လိုက်နာ''  ဆိုသည့် ဆောင်ပုဒ်အတိုင်း သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်တဲ့ စစ်ပညာရပ်များကို လက်တွေ့နယ်ပယ်မှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုအပ်မှာဖြစ်တယ်။ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက် ရှိတဲ့ စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရေးအတွက် လေ့လာခြင်း၊ ကျန်းမာကြံ့ခိုင် ကျွမ်းကျင်နေရန် လေ့ကျင့်ခြင်းနှင့် စစ်အခြေခံသဘောတရားနဲ့ စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်မှာ လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းပြောကြားလိုတယ်''ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။

အနှစ်ချုပ်ဆိုရလျှင် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)မှ ကျောင်းဆင်း  အမျိုးသမီးအရာရှိ   ညီမငယ်များ အနေဖြင့်  အမျိုးသမီး စစ်သည်အရာရှိကောင်း တစ်ဦးဖြစ်ရန် အမိကျောင်းတော်ကြီးမှ  လေ့ကျင့်သင်ကြားပေးသည် များကို အမြဲလိုက်နာမှတ်သားကာ အကြီးအကဲများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးများ ဖြစ်ပါစေကြောင်း မိမိတို့၏ တန်ဖိုးရှိသော ဂုဏ်ကို ထိန်းသိမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ပါသည်။  ။