မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်

 
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့အစည်းအဝေး (12th ADMM-Plus Experts’ Working Group on Counter-Terrorism Meeting EWG on CT Meeting) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်ပြီး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ADMM-Plus EWG-CT ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသော မြန်မာ့ တပ်မတော်မှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်၊ ရုရှားတပ်မတော်မှ Major General Grigory TURIN တို့နှင့်အတူ အာဆီယံနိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်မှုတန်ပြန်တိုက် ဖျက်ရေးစာတမ်းများ ဖတ်ကြားဆွေးနွေးသည်။ မြန်မာနိုင်ငံက “The Terrorist Attacks, Threatening National Security in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိပါးနှောင့်ယှက်နေမှုများမှာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများနှင့် မူးယစ်ဆေးဝါးပြဿနာများအပါအဝင် လက်ရှိဖြစ်ပေါ်နေ သော NUG နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများ၊ ဥပဒေမဲ့ဆောင်ရွက်ချက် များကြောင့် နိုင်ငံတော်၏အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲမသမာမှုများကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာအဖြေရှာရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း NLD အစိုးရအနေဖြင့် အကြိမ်ကြိမ်ပယ်ချခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့၏ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်နှင့် အစိုးရအသစ် ဖွဲ့စည်းရန် ကြိုးစားလာခြင်းကြောင့်သာ နိုင်ငံတော်၏ အရေးပေါ်အခြေအနေသို့ ဆိုက်ရောက် ခဲ့ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများမှ အကြမ်းဖက်မှုသို့ အဆင့်ဆင့်ကူးပြောင်းခဲ့ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုများသို့ ကူးပြောင်းလာချိန် မှသာ အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး ၎င်းအကြမ်းဖက် အဖွဲ့အစည်းများက စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ NUG အဖွဲ့၏စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများက “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆဖြင့် အပြစ်မဲ့ ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲပြီး အုပ်ချုပ်ရေးမှူးများနှင့် NLD ကို မထောက်ခံသည့် သာမာန်ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အထူး သဖြင့် CDM မလုပ်ဘဲ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ဆရာမများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းများကိုပါ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လတ်တလောဖြစ်ပေါ်နေသော အကြမ်းဖက် လုပ်ရပ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေခြင်းမဟုတ်ဘဲ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အကြောက်တရားဖြင့် ထိန်းချုပ်ဆောင်ရွက်နေသည့် နေရာတစ်ချို့တွင်သာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနှင့် ၎င်းအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အစွန်းရောက် NLD ပါတီထောက်ခံသူများ၏ ပါဝင်ပတ်သက်မှုများကို အထောက်အထားများဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးရာတွင် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာမှ မသိရှိစေရန်နှင့် လိုရာဆွဲ ပုံဖော်နိုင်ရန် အစိုးရဆန့်ကျင်သည့် မီဒီယာများမှ တစ်ဖက်သတ်လုပ်ကြံသတင်းများရေးသားခြင်း၊ မြန်မာနိုင်ငံအပေါ်တွင် နိုင်ငံရေးရည်မှန်းချက်ရှိသည့်အုပ်စုများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖြစ်စဉ်များအပေါ်တွင် မဟုတ်မမှန်ဇာတ်လမ်းများကို လုပ်ကြံဖန်တီး တည်ဆောက်လျက်ရှိခြင်း၊ မီဒီယာနည်းပညာနှင့် ငွေကြေးအကူအညီရယူပြီး ထိုသို့ မဟုတ်မမှန် အကြောင်းအရာများကို ကြိမ်ဖန်များစွာ ထုတ်ပြန်ရေးသားခြင်းများ ကြောင့် Political Narrative များဖြစ်လာပြီး အမှန်တရားအလွန် နိုင်ငံရေး Post-truth Politics ၏ လက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေကြကြောင်း။
ကမ္ဘာပေါ်တွင် အကြမ်းဖက်ဝါဒအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံအားလုံး သဘောတူညီထားသည့် စံသတ်မှတ်ချက်မရှိသော်လည်း NUG၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များမှာ ကမ္ဘာ့နိုင်ငံကြီးများ၏ အကြမ်းဖက်ဝါဒ စံသတ်မှတ်ချက်များနှင့် ထပ်တူကျနေကြောင်း၊ ထို့ကြောင့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအတိုင်း ဆောင် ရွက်လျက်ရှိပြီး INTERPOL အပါအဝင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့အစည်းများထံသို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ နိုင်ငံတစ်ချို့အနေဖြင့် ထိုအကြမ်းဖက်အဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံမှုများ ပြုလုပ် နေခြင်းသည် အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုရာရောက်နေကြောင်း၊ CRPH၊ NUG၊ PDF တို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို မျက်ဝါးထင်ထင်သိရှိနေလျက်ဖြင့် ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေသော ဒီမိုကရေစီနိုင်ငံကြီးအချို့၏ စဉ်းစားမှုကို နားမလည်နိုင်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးရလိုမှုကို အခြေခံသည့် အကြမ်းဖက်ဝါဒ မပြန့်ပွားစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ရုရှားနိုင်ငံက “Threats to the national security of the Russian Federation emanating from the activities of international terrorist organizations” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသမှ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်အဖွဲ့အစည်းများအကြောင်းကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ “Evaluation of National Security Threats” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံအသီးသီးက ၎င်းတို့နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် နိုင်ငံများက စာတမ်းများအပေါ် ၎င်းတို့၏အမြင်များကို အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကြသည်။
အစည်းအဝေးသို့ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ASEAN Defence Ministers’ Meeting-Plus (ADMM-Plus) လုပ်ငန်းစဉ်အောက်တွင် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်လုပ်ငန်းအဖွဲ့ (ADMM-Plus EWG on CT) ၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သတင်းရရှိသည်။