ဆောင်းရာသီ အတွက် အသားအရေ ထိန်းသိမ်းနည်း

ဆောင်းရာသီ အတွက် အသားအရေ ထိန်းသိမ်းနည်း

ကျွန်မတို့ အသားအရေဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီနှင့်  ပူအိုက်စိုစွတ်တဲ့  မိုးရာသီတွေကို အန်တုပြီးလာလိုက်တာ ရာသီစက်ဝန်း တစ်ပတ်လည်၍ ဆောင်းရာသီရောက်လာပြန်ပါပြီ။  ယခုလို နေ့လယ်နေပူပူ ညချမ်းချမ်း ဆောင်းရာသီအရောက်မှာတော့ အသားအရေတွေ သိသိသာသာ ခြောက်သွေ့လာပါတော့တယ်။ တချို့က ခြောက်သွေ့ရုံမက  အသားတွေ ယားယံပြီး    ပပ်ကြားအက် လာတတ်ကြပါတယ်။ အသားနုသူတွေက မျက်နှာ၊ ပါး၊ နှာခေါင်းထိပ် စတဲ့ လေအေးဖြင့် အများဆုံးထိတွေ့ရတဲ့   နေရာတွေမှာ အသားပပ်တတ်ပါတယ်။     လူအများစုကလည်းခြေသလုံးတွေယားလို့ ကုတ်မိတာကြောင့် ခြေထောက်မှာ အဖြူရောင် အစင်းကြောင်းကြီးတွေ ထင်ပြီး သွေးစို့ကာ ရေချိုးချိန်ရောက်တော့မှ အရေပြားစပ်တာကို သတိထားမိကြပါတယ်။

ဒီလိုဆိုရင်ဖြင့် အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ ဆောင်းရာသီအတွက် အသားအရေ ထိန်းသိမ်းနည်းလမ်း အသွယ်သွယ်တို့ဖြင့်   ဒီတစ်နှစ် ဆောင်းရာသီကို ကျော်ဖြတ်လိုက်ကြရအောင်။

-ဗီတာမင်အီးပါဝင်မှုပမာဏများတဲ့   မျက်နှာသစ် ဆပ်ပြာလေးတွေကို ဦးစားပေး ရွေးချယ်ဝယ်သင့်ပါတယ်။ သူက အသားအရေကို သန့်စင်စေရုံသာမက အာဟာရလည်းဖြစ်စေပါတယ်။

-ရက်သတ္တတစ်ပတ်ကို  တစ်ကြိမ်လောက်  နွားနို့(အစိမ်း)နဲ့ မျက်နှာသစ်ပေးပါ။ နွားနို့က အသားအရေကို ဖြူစင်ဝင်းမွတ်ရုံသာမက အစိုဓာတ်ကိုပါ ထိန်းပေးနိုင်တာကြောင့် ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့ကြမ်းတမ်းနေမှာကို  စိတ်မပူရတော့ပါဘူး။

-ဆောင်းရာသီရဲ့နေပူဒဏ်က နွေနေလို ပူပြင်းခြောက်သွေ့တာမို့    နေ့ဘက်အပြင်များများ ထွက်ရသူတွေအဖို့ ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်ကို   ခံစားရစမြဲဖြစ်ပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်နိုင်ရန်နှင့် အသားအရေကို အာဟာရပြုပြီး အစိုဓာတ်ထိန်းသိမ်း နိုင်စေဖို့အတွက်  SPF များများပါတဲ့  မျက်နှာအောက်ခံ ခရင်မ်တွေကို  ရွေးချယ်သုံးစွဲပါ။  အထူးသဖြင့် ခရင်မ်နှင့်မိတ်ကပ် ဘူးခွံတွေပေါ်မှာ '' winter cream သို့မဟုတ် winter makeup''စာသားပါတဲ့  အလှကုန်ပစ္စည်းကို သုံးပါ။

-သိသိသာသာ  အသားပပ်တတ်သူများအဖို့ mo-isturizer ပါတဲ့ ပေါင်ဒါ သို့မဟုတ် ခရင်မ်ပတ်ဖ်လေးတွေ ရွေးချယ် လိမ်းပေးသင့်ပါတယ်။ သူက မျက်နှာအစိုဓာတ်ကို ထိန်းသိမ်းပေးတာကြောင့် ဆောင်းရာသီမှာ အသားခြောက်တာတွေ၊ အသားကြမ်းတာတွေ၊  မလိုလားအပ်တဲ့  အသားအရေ တင်းရင်းတာတွေကို လျော့ပါးသက်သာစေပါတယ်။ ထိခိုက်လွယ်တဲ့   အသားအရေ ပိုင်ရှင်အချို့က moisturizer နဲ့ ဓာတ်မတည့်ကြပြန်ပါဘူး။ အဲဒီအခါ ညအိပ်ရာဝင်ခါနီးတိုင်း ရှားစောင်းလက်ပပ် (ဂျယ်လီ) လိမ်းပေးပြီး  ၁၅  မိနစ်ခန့်အကြာမှာ မျက်နှာကို သဘာဝရေအေးအေးနဲ့ သန့်စင်ပြီးမှ အိပ်ရာဝင်ပါ။

-ခန္ဓာကိုယ်တွင်း   အပူဓာတ်များတဲ့ သူတွေဟာ ဆောင်းရာသီရောက်တိုင်း နှုတ်ခမ်း အသားပပ်လေ့ရှိကြပြီး အချို့ကတော့ ပြင်းပြင်းထန်ထန် နှုတ်ခမ်းအသားက အဖတ်လန်ကာ သွေးထွက်လာပါတယ်။

ဟင်းရည်၊ ရေနွေး၊ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ အရည်ပူပူတွေကို  ခွက်ပူပူမှာ   နှုတ်ခမ်းတေ့၍သောက်ခြင်း မပြုပါနှင့်။

-နှုတ်ခမ်း အသားပပ်နေချိန်မှာ ခဲဓာတ်ပါဝင်မှုများတဲ့ နှုတ်ခမ်းဆိုးဆေး   အရောင်ရင့်ရင့်တွေကို မသုံးဘဲအဆီပါဝင်မှုများတဲ့ နှုတ်ခမ်းဆိုးဆေး တစ်မျိုးတည်းကိုသာ ရွေးချယ်ပါ။

-ဆောင်းနံနက်တွေမှာ ဘယ်လောက်ပဲချမ်းနေပါစေ အလုပ်သွားနောက်မကျစေဖို့   နံနက်အိပ်ရာထ ရေချိုးကြရတဲ့အခါ   သွေးပူလေ့ကျင့်ခန်းလေး လုပ်ပြီးမှရေချိုးတော့    သိပ်မချမ်းတော့ဘူးပေါ့။

လူအများစုက ဆောင်းရာသီရောက်မှသာ ရေနွေးနဲ့ ရေချိုးကြတာကြောင့်  ရေနွေးသုံးလေ့ မရှိသူများအဖို့  သိသိသာသာ  အသားအရေ ခြောက်သွေ့ ပပ်ကြားတွေအက်လာပြီး   အရေပြား ယားယံလာပါတော့တယ်။    ဒါကြောင့်   ဖြစ်နိုင်ရင် ရေနွေးနဲ့ လုံးဝရေမချိုးပါနဲ့။   အကယ်၍  ရေနွေးသုံးချင်ရင် မိမိအသားအရေ ခံနိုင်ရုံလောက် အပူကိုသာသုံးပါ။ ရေနွေးအပူဓာတ်ကြောင့်   အသားအရေ မစိုပြည်တော့ဘဲ ညိုညစ်သွားတတ်ပါတယ်။

-လူတော်တော်များများဟာ ဆောင်းရာသီရောက်တိုင်း ခြေသလုံးသား အရေပြားပေါ်မှာ   ငါးအကြေးခွံသဏ္ဌာန် အသားပပ်လာပြီး ယားယံတာကြောင့်လည်း အတင်းဖိကုတ်မိကာ အရေပြား သွေးစို့လာပါတယ်။ အဲဒီပြဿနာအတွက်    သကြားရည်(အလှဆီ)၊ သံလွင်ဆီ၊ အုန်းဆီတို့ကိုလိမ်းပေးပါ။

-ရှေးလူကြီးများဆိုရိုးစကား  ''နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်''ကို သတိရပေးပါ။ အေးမြတဲ့ ဆောင်းရာသီမှာ အချဉ်များများ စားပေးခြင်းက ခန္ဓာကိုယ်ရဲ့အရည်ဓာတ်(အစိုဓာတ်)ကို  ထိန်းညှိပေးပါတယ်။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားရုံသာမက  အသည်းနှင့်ဆီးအိမ်ကို ကျန်းမာစေတဲ့ အပြင် မိမိစားသုံးလိုက်သော အစားအသောက်များထဲရှိ သတ္တုဓာတ်များကို အလွယ်တကူ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်၏   တစ်သျှူးများကို သန့်စင်ပေးပါတယ်။ ၎င်းဖြစ်စဉ်က ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်ပိုး များကို   ခုခံတိုက်ခိုက်ပေးနေပါတယ်။  သံပရာသီး၊ ရှောက်သီး၊  သံပရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်တော်သီး၊ ဒိန်ချဉ်၊ ပဲငါးပိအချဉ်ရည်၊ ရှာလကာရည်  စတဲ့ အချဉ်အရသာကို   ဆောင်းရာသီ ဓာတ်စာအဖြစ် စားသုံးပေးသင့်ပါတယ်။

-ဆောင်းရာသီမှာ လေထုစိုထိုင်းစ နည်းပါးမှုက ဆံသားနှင့်ဦးရေပြားတို့ကို ပိုမိုခြောက်သွေ့စေပြီး ဗောက်ထ ယားယံတတ်ပါတယ်။    သံလွင်ဆီ သို့မဟုတ် အုန်းဆီကိုအပူပေးပြီး ခေတ္တအအေးခံပါ။ ပြီးနောက်  ဦးရေပြားနှင့်  ဆံသားအနှံ့လူးပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တစ်ပတ်တစ်ကြိမ် မှန်မှန်လုပ်ပေးခြင်းဖြင့် ဆံပင်ကိုအရင်းမှ အဖျားထိ အာဟာရပြည့်ဝစေပြီး ဆောင်းရာသီ အအေးဒဏ်ကြောင့် ဦးရေပြားနှင့် ဆံသားများ ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။

-ခန္ဓကိုယ်တွင်းအပူဓာတ်ကို လျှော့ချပေးနိုင်သော ဆောင်းရာသီ အစားအစာများဖြစ်ကြတဲ့ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ဘယ်ရီသီး၊ စိမ်းစားဥ၊ သခွားသီး၊ ဘူးသီး၊ဂေါ်ရခါးသီးတွေစားပေးပါ။ ဗီတာမင်နဲ့ ပရိုတိန်းဓာတ်တွြေ<ွကယ်ဝတဲ့   ဗာဒံစေ့၊ သစ်ကြားသီး စားပေးပါ။  မုန်ညင်းစိမ်းလိုမျိုး  အစိမ်းရောင် လတ်လတ်ဆတ်ဆတ်    ဟင်းသီးဟင်းရွက်တွေစားပေးပါ။

-ချမ်းအေးတဲ့ ဆောင်းရာသီရောက်ရင် ပျမ်းမျှလူဆယ်ဦးမှာ   ရှစ်ဦးခန့် ဝမ်းချုပ်တတ်တာကြောင့်''နံနက်သင်္ဘော၊ ညငှက်ပျော''ဆိုတဲ့   ဆောင်ပုဒ်အတိုင်း နေမွန်းမတည့်ခင်မှာ သင်္ဘောသီးမှည့်မှည့် စားပြီး အိပ်ရာဝင်ခါနီး  ဖီးကြမ်း ငှက်ပျောသီးမှည့်မှည့်လေးတွေ စားပေးသင့်ပါတယ်။

-ကောက်ညှင်းပေါင်းနှင့်   ကောက်ညှင်းဖြင့် ပြုလုပ်ထားတဲ့ အစားအစာတွေကို ဆောင်းတွင်းကာလမှာ အထူးရှောင်ရှားသင့်ပါတယ်။

-ဆောင်းရာသီက ချမ်းအေးပေမယ့် ရေလျှော့မသောက်ကြဘဲ နွေပူပူရင်ပူပူမှာ ရေသောက်သကဲ့သို့ ဆောင်းဥတုမှာလည်း ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အသားအရေအတွက် အစိုဓာတ် ထိန်းသိမ်းရာရောက်ပြီး အသားပပ်ခြင်း၊ အသားခြောက်သွေ့ယားယံခြင်း၊   နှုတ်ခမ်းသားအဖတ်လန်ခြင်း၊ ကျီးကန်းပါးစပ်ဖြစ်ခြင်း၊ ခံတွင်းခြောက် လည်ချောင်းနာခြင်းနှင့်    ခံတွင်းရနံ့ဆိုးခြင်းတွေ ဖြစ်မလာစေတော့ပါဘူး။ ထိုမျှမက ခန္ဓာကိုယ်တွင်း အူ၊ ကလီစာတွေ အလုပ်ကောင်းကောင်း လုပ်နိုင်ကာ ဓာတ်ကြီးလေးပါးမှန်ပြီး ဝက်ခြံဖုတွေ ထွက်လာမှာကိုလည်း မစိုးရိမ်ရတော့ပါဘူး။

ဆောင်းအေးသော်လည်း ရေချိုးသင့်သော အကြောင်းရင်း။

ရှေးလူကြီးများက  ရေချိုးချိန်ကို ''နွေကိုး၊ မိုး တစ်ဆယ်၊ ဆောင်းဆယ့်တစ်''လို့   ဆိုကြပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ မနက် ၁၁ နာရီတွင် ရေချိုးခြင်းက သင့်တော်ပါတယ်။ ချမ်းအေး၍ ရေချိုးရခက်နေပါက ဦးစွာသွားတိုက်ပါ၊ ပြီးမှရေချိုးပါ။ သွားတိုက်နေစဉ်  လည်ကုပ်နွေး၊   ချိုင်းပူသွားသဖြင့် ရေချိုးရတာ မချမ်းတော့ပါ။ အအေးကြောက်သူများက ရေနွေးပူစပ်၍ ချိုးပေးနိုင်ပါတယ်။ သို့သော် ရာသီဥတု မည်မျှအေးပါစေ ရေနွေးနဲ့ခေါင်းမလျှော်သင့်ပေ။ မိမိခန္ဓာကိုယ်တွင်းအပူချိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက  ဆံသားကို ကာကွယ်ပေးသော သဘာဝအဆီဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများ ခြောက်သွေ့မာဆတ် လာစေပါတယ်။ ဒါ့ပြင် ရေနွေးဖြင့်ခေါင်းလျှော်ခြင်းက မျက်စိကို ထိခိုက်စေပါတယ်။

အိမ်မှာအမြဲနေရသူများကလည်း ဆောင်းရာသီမှာ ရေချိုးမကြောက်ပါနှင့်။ ဆောင်းရာသီ အအေးဓာတ်ကြောင့်  ခန္ဓာကိုယ်ပြင်ပမှအသားအရေက  အေးနေသော်လည်း ခန္ဓာကိုယ်တွင်း အပူကတော့ ရာသီဥတုမရွေး ခန္ဓာကိုယ်တွင်း အပူဓာတ်ရှိမြဲလျက်သာဖြစ်ပါတယ်။ ဆောင်းရာသီတွင် အအေးဒဏ်ကြောင့် ရေချိုးကြောက်သူများဟာ  နေ့စဉ်ပုံမှန် ရေချိုးသူများထက် လေးလံထိုင်းမှိုင်းနေတတ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေချိုးခြင်းက  ခန္ဓာကိုယ်အတွင်းရှိ အပူအခိုးများကို ဖယ်ရှားလိုက်ပြီး စိတ်ကိုကြည်လင် လန်းဆန်းစေပါတယ်။ ချမ်းမှာကြောက်၍ ရေမချိုးသူများဟာ ခန္ဓာကိုယ်တွင်း အခိုးငုပ်ခြင်း၊ မသန့်ရှင်းခြင်း၊ လေချုပ်ခြင်း၊  သွားနာခြင်း၊ မျက်စိဝေခြင်း၊ ဆံပင် ကျွတ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ဖျတ်လတ်သွက်လက်ခြင်း မရှိတော့ဘဲ ထိုင်းမှိုင်းမှုကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဆောင်းရာသီတွင် အသက်အရွယ်မရွေး ရေချိုးသင့်ပြီး ပုံမှန်ရေချိုးခြင်းကြောင့် အဆစ်အမျက် ကိုက်ခဲခြင်းနှင့် ဇက်ကြောတက်ခြင်း ဝေဒနာများမှလည်း ကာကွယ်ရာရောက်ပါတယ်။    အကယ်၍ အလွန်ချမ်းအေးသောဒေသတွင် နေထိုင်သူဖြစ်ပါက မိမိနေထိုင်ရာပတ်ဝန်းကျင်၊ ရာသီဥတု အအေးဓာတ်ပိုသော နေ့ရက်ပေါ်မူတည်၍ တစ်ရက်ခြားတစ်ကြိမ်လောက် ရေနွေးစပ်၍ ရေချိုးသင့်သလို၊ ရေနွေးဖြင့်ရေချိုးခြင်းကလည်း အကြောအချဉ်များကို ပြေစေကာ ညောင်းညာကိုက်ခဲမှု ဝေဒနာများကို အမှန်တကယ်ပင် သက်သာပြေလျော့စေမှာဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် ကိုဗစ်-၁၉ ကာလ အိမ်ထဲမှာပဲ နေရချိန်များလို့   ဆောင်းရာသီမှာ    ကွေးပြီး ထိုင်းမှိုင်းမနေပါနဲ့။  ယခင်နှစ်ဆောင်းရာသီတွေတုန်း ကလို  အိမ်ပြင်ထွက် လမ်းမလျှောက်ဖြစ်သေးသော်လည်း အိမ်ထဲ၊ ခြံထဲ၊ လှေကားအတက်အဆင်း ကြံဖန်ပြီး လမ်းလျှောက်ပါ။ နိစ္စဓူဝ လှုပ်ရှားမှုတိုင်းကို လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက်ပြု၍   ချွေးထွက်အောင် နေထိုင်ပါ။ ဆောင်းရာသီမှာချွေးထွက်ခြင်းက သွေးလေလည်ပတ်မှုကို ကောင်းစေပြီး အသားအရေကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။   အထက်ပါနည်းလမ်းတွေကို လက်ကိုင်ထားရင်း ဆောင်းဥတုကို ကျွန်မတို့ တစ်တွေ    ပျော်ပျော်ကြီး ကျော်ဖြတ်ကြပါစို့လားရှင်။ အလှအပ မြတ်နိုးသူတိုင်း  လှသထက်ပို၍ လှနိုင်ကြပါစေ။

စေတနာများစွာဖြင့်...