COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ရန်ကုန်အိမ်ခြံမြေ အရောင်းနှင့် အငှားဈေးကွက် ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်း

 

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ရေးကာလအတွင်း ရန်ကုန်အိမ်ခြံမြေအရောင်းနှင့် အငှားဈေးကွက် ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦး၏ ပြောဆိုချက်အရ သိရသည်။ လက်ရှိတွင်    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  မြို့နယ်များ၌  Stay at Home ထုတ်ပြန်ထားသဖြင့် ရပ်ကွက်နှင့် လမ်းများ၊ အိမ်ရာများအတွင်း ပြင်ပဧည့်သည်ပေးမဝင်ခြင်း၊ အိမ်ပြောင်းရွှေ့ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ အခက်အခဲ ဖြစ်လာပြီး အရောင်းအဝယ်လည်း အေးသွားကြောင်း  သိရသည်။

“အိမ်ခြံမြေဈေးကွက်မှာ အငှားဈေးကွက်က တော်တော်ကျသွားပြီ။ အခုချိန်မှာ ဘယ်သူမှ    အပြင်မထွက်ရဲတော့သလို အသွားအလာလည်း သိပ်မရှိကြတော့ဘူး။ ဖုန်းနဲ့ဖြစ်ဖြစ်၊ Online နဲ့ဖြစ်ဖြစ် အိမ်ခြံမြေကိစ္စနဲ့ ပတ်သက်ပြီး ဈေးစကားပြောတာနဲ့ ညှိနှိုင်းတာလောက်ပဲ ရှိတော့တယ်”ဟု ဦးသန်းဦးကပြောသည်။ လက်ရှိတွင် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် Online မှ လုပ်ငန်းအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ရှိနေသေးပြီး ရောဂါ အခြေအနေတည်ငြိမ်၍ စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမှသာ အိမ်ခြံမြေ ဈေးကွက်အရောင်း အဝယ်ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များက   သုံးသပ်ကြသည်။

လက်ရှိ သိန်းရာချီတန်သည့် ပါမစ်မြေများ ငွေကျပ် သိန်း ၅၀ ခန့်ဖြင့် အရောင်းဖြစ်နေပြီး ထိုသို့အရောင်းအဝယ်ဖြစ်သည့် ပါမစ်မြေနေရာများမှာ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်ပိုင်း)နှင့် ဒဂုံ (မြောက်ပိုင်း)မြို့နယ်တို့၌ ဖြစ်ကြောင်းသိရသည်။

“ဒီကာလမှာ အောက်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်ကြတယ်။ အများစုက ပါမစ်မြေများတယ်။ ပြီးခဲ့တဲ့ခြောက်နှစ်လောက်က ငွေကျပ်  သိန်း ၁၀၀ လောက်ရှိတဲ့ မြေကွက်တွေက အခုချိန်မှာ ငွေကျပ် သိန်း ၆၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ အချက်အချာကျတဲ့ နေရာလောက် ပဲ  ငွေကျပ် သိန်း ၇၀၊ ၈၀ ရတယ်”ဟု  ဦးသန်းဦးကပြောသည်။

အိအိ