ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး

ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄
    
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အများပြည်သူလုံခြုံရေး အတွက် လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ရန် မော်တော်ယာဉ်များအား ရပ်တန့် စစ်ဆေးစဉ် ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအချို့အား လက်နက်/ခဲယမ်း များနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာအနီး လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီခန့်တွင် ကွိုင်ငံရွာ ဟောင်းဘက်မှ မူဆိုကျေးရွာဘက်သို့ မသင်္ကာဖွယ် မောင်းနှင်လာသည့် မော်တော်ယာဉ်မျိုးစုံ ၇ စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အဆိုပါမော်တော် ယာဉ်များမှာ ရပ်တန့်ခြင်းမရှိသည့်အပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များ ၊ လက်ပစ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်တွင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် စုဆောင်းလာသည့် လူသစ်အချို့တို့အား အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ တူမီးသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ အမ်-၁၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် ၂ ခု၊ ပြောက်ကျားယူနီဖောင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ ခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် အကြမ်းဖက်အဖွဲ့များ စားသုံးရန် ကျေးရွာများမှ အဓမ္မကောက်ခံခဲ့သည့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၇ စီးမှာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသည့် အရပ်ဘက်ခရီးသည်တင်လေယာဉ်အား ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်ဝတ်ဖြင့် လျှို့ဝှက်ထွက်ပြေးလာသည့် အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများမှတစ်ဆင့် ဖော်ထုတ်ရရှိသကဲ့သို့ သေဆုံးခဲ့ သူများကိုလည်း သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည့် စုံစမ်းမှုများ ဖော်ထုတ် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။