စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းတို့အား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းတို့အား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၂၄
    
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက ခရိုင်ပညာရေးမှူးရုံးနှင့် စာသင် ကျောင်းတို့အား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
    
ထိုသို့ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းတို်ငးဒေသကြီး၊ ကသာမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ပန်းပဲရပ်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်း KG တန်း စာသင်ဆောင်ရှိ သွပ်မိုး/ထရံကာ/အုတ်ခင်းအခန်း၏ ထရံများ၊ စာသင်ခုံနှင့် ထိုင်ခုံ စုစုပေါင်း ၁၂ ခုံတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
    
အလားတူ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကလေးမြို့နယ်၊ စမ်းမြို့ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ကလေးခရိုင်ပညာရေးမှူးရုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့က မီးသတ် ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်အကြာတွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၈၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၈ ပေရှိ ကွန်ကရစ်ခင်း၊ အုတ်ကာ/သွပ်မိုး/နံကပ်တိုက် အဆောက်အဦ ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။  
    
အထက်ပါဖြစ်စဉ်များမှ ခရိုင်ပညာရေးမှူးရုံးနှင့် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။