မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက်သမားများက ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက်သမားများက ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၂၄
    
PDF အမည်ခံအကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် အတွင်း ရထားလမ်းပိုင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ခရီးသည်များလိုက်ပါ၍ ထွက်ခွာလာသည့် မန္တလေးအမှတ်(၁)အဆန် စာပို့ရထားသည် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းဘူတာအဝင် မိုင်တိုင်အမှတ် ၃၇၃ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားသို့ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက် သမားများက ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ရထားတွဲအမှတ် GBHV 40018 ကုန်တွဲတွင် ဘီး ၂ ဘီး ချော်ကျခဲ့ပြီး ရထားသံလမ်း ၂ ပေခန့် ပြတ်ထွက်ကာ ကွန်ကရစ် ဇလီဖားတုံး ၃ တုံး ပျက်စီးခဲ့ကြောင်းနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်နစ်နာ စေရန်ရည်ရွယ်၍ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။