နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဒေသရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင်၊ ဒုတိယ ပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှူးများ က ကြိုဆိုနှုတ်ဆက်ကြသည်။ 

ထို့နောက် တက္ကသိုလ် အစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် တို့က တက္ကသိုလ်၏ နောက်ခံသမိုင်းကြောင်း၊ တက္ကသိုလ်၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တက္ကသိုလ်ဖွဲ့စည်းပုံ၊ သင်ကြားမှု ဆိုင်ရာအချက်အလက်များ၊ နိုင်ငံတကာစံနှုန်းနှင့်အညီ လေ့ကျင့် ဆောင်ရွက်နေမှု အခြေအနေများအား၊ လက်တွေ့လေ့ကျင့်ခန်းများ သင်ကြားပေးမှု အခြေအနေများ၊ တက္ကသိုလ်စာကြည့်တိုက်အသစ် တည်ဆောက်နေမှု အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံကိန်းများတွင် တက္ကသိုလ်မှ ပါဝင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုတက္ကသိုလ်သည် နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ရေပိုင်နက်နယ်နိမိတ်သည် စတုရန်း မိုင် ၁၄၀၀၀၀ ကျော်ရှိပြီး ပင်လယ်ကမ်းရိုးတန်းအရှည်သည် ၁၂၆၀ မိုင်ကျော်ရှိကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ် စသည့်မြစ်များတွင်လည်း ဆိပ်ကမ်းများရှိကြောင်း၊ ပြည်တွင်းပြည်ပ ရေကြောင်းသွားလာရေးလုပ်ငန်းများအတွက် အရေးပါသည့် ရေကြောင်းပညာရှင်များမွေးထုတ်ပေးသည့် အဓိကတက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ်မှဘွဲ့ရရှိပြီးသူများအား အလုပ်ခန့်အပ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသားများအလုပ်အကိုင်အခွင့် အလမ်းရရှိရေးနှင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံသားများ၏ စွမ်းရည်ကိုပြသနိုင်သည့် အလုပ်အကိုင်တစ်ခုလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆိပ်ကမ်း များ စီမံခန့်ခွဲမှုသည်အရေးကြီးကြောင်း၊ အချို့ဆိပ်ကမ်းများတွင် ဆိပ်ကမ်း စီမံခန့်ခွဲမှု များ အားနည်းသည်ကိုတွေ့ရှိရကြောင်း၊ ဆိပ်ကမ်းများအား နိုင်ငံတကာအဆင့်မီ ဖြင့်တည်ဆောက်နိုင်ရေး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ဆိပ်ကမ်းငယ်များမှအစ အကြီးဆုံးဆိပ်ကမ်းများအထိ ယခုကျောင်းဆင်း များမှ စနစ်တကျဖြင့်စီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း။

အလားတူ မိမိတို့နိုင်ငံရှိ မြစ်ချောင်းများ၏ ရေလမ်းကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း စနစ်တကျထိန်းသိမ်း၍ အကျိုးရှိအောင် အသုံးချဆောင်ရွက်ရန် လိုကြောင်း၊ မြစ်ကမ်းပါးများကိုလည်း စနစ်တကျဖြင့် ပြုပြင်ထိန်းသိမ်းရန်နှင့် မြစ်ချောင်းများ သာယာလှပရေးနှင့် ရေယာဉ်များကောင်းမွန်စွာ သွားလာနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးစနစ်တွင် ၄ မျိုးရှိပြီး မော်တော်ယာဉ်၊ လေယာဉ်၊ ရထား၊ ရေလမ်းကြောင်း ဟူ၍ဖြစ်ကြောင်း၊ ရေကြောင်းပို့ဆောင်ရေးသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းအမြောက်အများကို သယ်ယူပို့ဆောင်ပေး နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း ဟူ၍ရှိပြီး ကောင်းမွန်စွာ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ထွက်ပေါ်လာသည့် ပညာရှင်များသည် နိုင်ငံတော်အတွက် ကောင်းမွန်စွာ အကျိုးပြုပေးနိုင်ရမည်ဖြစ် ကြောင်း၊  ရေကြောင်းကူးသန်းမှုတွင် port management သည် အရေးကြီးပြီး နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ခေတ်မီနည်းပညာများဖြင့် စီမံခန့်ခွဲသည့် ပညာရပ်များကို လေ့လာသင်ကြားဆောင်ရွက်ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ အလားတူပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့်‌ရေအား လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် လည်း သာမန်ရေစီးကြောင်းမှတစ်ဆင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး ရေကြောင်းပညာရှင်များနှင့် လျှပ်စစ်ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း။ 

သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက်၍ ယခင်က ဆင်မလိုက်သင်္ဘောကျင်းမှ မြစ်တွင်းသွားသင်္ဘောများနှင့် ကမ်းရိုးတမ်းသွားသင်္ဘောများ တည်ဆောက်နိုင်ခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်အတွင်းကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင် သည့် သင်္ဘောများ၊ ပင်လယ်ပြင်အတွင်းရှိ သယံဇာတများအား ထုတ်ယူနိုင်သည့် သင်္ဘောများ တည်ဆောက်နိုင်ရန်လိုအပ်သကဲ့သို့ ပင်လယ်ပြင်သယံဇာတများကိုလည်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ ယခုတက္ကသိုလ်မှသင်တန်းဆင်းပြီး သင်္ဘော တည်ဆောက် ရေးနှင့်သက်ဆိုင်သည့် အင်ဂျင်နီယာများအနေဖြင့် မိမိတို့နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ ထူးချွန်သည့် သင်္ဘောတည်ဆောက်ရေးပညာရှင်များထွက်ပေါ်လာရေး လက်တွေ့ လေ့ကျင့်ခန်းများဖြင့် ထိထိရောက်ရောက် အဆင့်မီစွာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ရှိပြီးသားသင်္ဘောကျင်းများ၌ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် ယခု တက္ကသိုလ်မှမွေးထုတ်ပေးလိုက်သည့် သင်္ဘောတည်ဆောက်ရေးပညာရှင်များက ဦးဆောင်၍ဆောင်ရွက်ကြရန်လိုကြောင်း၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သူများ အနေဖြင့် ယခုထက်ပိုမိုအရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးသွားရန်လိုကြောင်း၊ ထို့ကြောင့် ပညာရပ်များအား ထိထိရောက်ရောက်သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည့် ဆရာ၊ ဆရာမများအား ထပ်မံဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ မြစ်ချောင်းနှင့်ပင်လယ်ရေပြင်များ သဘာဝအတိုင်း သန့်ရှင်းမှု ရှိစေရေးအတွက် ထိထိရောက်ရောက်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွား လုပ်ငန်းတွင် ရေကြောင်းအပန်းဖြေသွားရောက်မှုလည်း ပါဝင်ကြောင်း၊ ယခုသင်တန်း ကျောင်းအနေဖြင့် ရှိပြီးသားအောင်မြင်မှုများကိုထိန်းသိမ်းဆောင်ရွက်ရန်နှင့် ထပ်မံ တိုးတက်ဖွံ့ဖြိုးစေရေး ကြိုးပမ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံ များတွင် ပုဂ္ဂလိကလုပ်ငန်းများဖြင့်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် အချို့ကဏ္ဍများတွင် နိုင်ငံတော်အစိုးရမှစီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုတက္ကသိုလ်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်စေရေး အဆောက်အဦများ၊ သင်ထောက်ကူ ပစ္စည်းများ ကိုထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားများအတွက် ပတ်ဝန်းကျင်ကောင်းများဖန်တီး၍ လူမှုဘဝများဖွံ့ဖြိုး တိုးတက်အောင် အခြေခံမှအစ ဆောင်ရွက်ပေးရန်လိုပြီး သင်တန်းပြီးဆုံးချိန်တွင် မိမိကိုယ်တိုင်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ဖြစ်ကြောင်း၊ သင်ကြားရေး ပိုင်း ဆိုင်ရာများတွင်လည်း ဆရာ ဆရာမများ၏ သင်ကြားပေးမှုများကို ကျောင်းသား၊ ကျောင်းသူများ လွယ်ကူစွာ နားလည်သိရှိစေရန် သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊  သင်ကြားမှုအထောက် အကူပြု စာအုပ်၊ စာတမ်းများကို အမြဲမပြတ် ဖတ်ရှုနိုင်ရန်နှင့် ခေတ်နှင့်လျှော်ညီသည့် ပညာရပ်များကိုလေ့လာနိုင်ရေးအတွက်လည်း ဒစ်ဂျစ်တယ် နည်းပညာများအသုံးပြု၍ စာအုပ်၊ စာတမ်းများ ဖတ်ရှု့လေ့လာနိုင်ရေး ဆောင်ရွက် ပေးရန်လိုကြောင်း။

ယခုတက္ကသိုလ်မှ ဘွဲ့ရရှိသူများသည် နိုင်ငံတကာနှင့် ဆက်ဆံရမှုများ ရှိသဖြင့် အင်္ဂလိပ်ဘာသာ စကားကိုကျွမ်းကျင်စွာပြောနိုင်ရန်နှင့် ဖတ်ရှုနိုင်ရန်လိုအပ် သဖြင့် အင်္ဂလိပ်ဘာသာကို တတ်ကျွမ်းစေရန် စနစ်တကျဖြင့်လေ့ကျင့်သင်ကြား ပေးရန်လို ကြောင်း၊ အလားတူ ကွန်ပြူတာပညာရပ်များကိုလည်း ကျွမ်းကျင်စွာကိုင် တွယ်နိုင် ရန်လိုသကဲ့သို့ ကွန်ပြတာစနစ်ကိုအသုံးပြု၍ သင်ကြားမှုများကို အဆင့်မီစွာ ဆောင် ရွက်နိုင်ရန်လိုကြောင်း၊ တက္ကသိုလ်သင်ကြားရေးများတွင် သာမန်ပညာ သင်ကြားရေး သာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများအတွက် အခြားလိုအပ်သည့် နေထိုင်ရေး၊ လုံခြုံရေး၊ စားသောက်ရေးများကိုလည်း ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံ တကာတွင် မိမိတို့တက္ကသိုလ်များသည် အတုယူဖွယ်ရာတက္ကသိုလ်များ ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ သင်ကြားရေး၊ စီမံရေး တို့အား အရည် အသွေးစိစစ်ခန့်ခွဲရေးရုံး၊ စာကြည့်တိုက်တို့အား ကြည့်ရှုခဲ့ပြီး Full Mission Engine Room Simulator ဌာနတို့တွင် အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအား ကျွမ်းကျင်စွာ မောင်နှင်နိုင်ရေး၊ အရေးပေါ်အခြေအနေအား ဖြေရှင်းဆောင်ရွက်နိုင်ရေး လေ့ကျင့် ဆောင်ရွက်ပေးမှု အခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Simulator များဖြင့် လေ့ကျင့်ပေးရာတွင် ရေယာဉ်ငယ်မှ ပင်လယ်သွား သင်္ဘောကြီးများအထိ အဆင့်ဆင့် အခြေခံမှ စ၍ သင်ကြားလေ့ကျင့် ပေးရန် လိုအပ်သည့် အခြေအနေများနှင့် အခြားလိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် ကမာရွတ် မြို့နယ်၊ ဆင်မလိုက်ရှိ ရေကြောင်းသိပ္ပံ(Myanmar Mercantile Marine College) ကျောင်းဝင်းအတွင်း၌ ပထမအပတ်စဉ်အား စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် သန်လျင်မြို့နယ်၊ သီလဝါဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ ရေကြောင်းပညာဖြင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံပြီး ကျွမ်းကျင်သော ရေကြောင်းပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ ရေကြောင်း ပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် သိပ္ပံနှင့် နည်းပညာတို့ကို သင်ကြားပေးနိုင်ရန်၊ ရေကြောင်းပညာရပ်များစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စီမံဆောင်ရွက်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာရေကြောင်း အဖွဲ့ချုပ်က ချမှတ်ထားသည့် ပြဌာန်းချက်များကို ရေကြောင်းပညာရှင်များ သိရှိ နားလည်နိုင်စေရန်၊ ရေကြောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လိုအပ် သည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဘွဲ့ကြိုသင်တန်များ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ မဟာအင်ဂျင်နီယာဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘာသာရပ်များအလိုက် ဘွဲ့ရရှိသူစုစုပေါင်း ၄၁၃၇ ဦး၊ ဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာဘွဲရရှိသူ ၁၀၅၂ ဦးနှင့် မဟာအင်ဂျင်နီယာ ဘွဲ့ရရှိသူ ၁၇ ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းသတင်းရရှိသည်။