ပခုက္ကူမြို့၌ ကလေးသူငယ်အခွင့်အရေးနှင့်သက်ငယ်မုဒိမ်းမှု ပပျောက်ရေး Talk Show အစီအစဉ် ကျင်းပ

 

ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး Talk Show အစီအစဉ်ကို စက်တင်ဘာ ၁၈ရက် နံနက်ပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးနှင့်သက်ငယ်မုဒိမ်းမှုပပျောက်ရေး Talk Show အစီအစဉ် ကျင်းပရခြင်းနှင့်ပတ်သက်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဦးဇော်ဌေးအောင်က ရှင်းလင်းပြောကြားပြီး ပါဝင် ဆွေးနွေးမည့်သူများအား မေးခွန်းများမေးမြန်းသည်။

ဆက်လက်၍ ပခုက္ကူခရိုင်ရင်ခွင်မဲ့ ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ စာရေးဆရာမ စိမ်းမြမြက ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့်အကြောင်း၊ ကာကွယ် တားဆီးရေးနည်းလမ်းအကြောင်းနှင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ပေးခဲ့သည့် အကြောင်းများ၊ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မေဆုကျော်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ အကြောင်း၊ ဌာနမှ သက်ငယ် မုဒိမ်းမှုဆိုင်ရာ ဆောင်ရွက်ပေးသည့် လုပ်ငန်းအကြောင်းတို့ကို အသီးသီးရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးနှင့်သက်ငယ်မုဒိမ်းမှု Talk Show ဆွေးနွေးမှုများ အပေါ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဌေးအောင်က မြန်မာနိုင်ငံရှိ လူဦးရေ၏၃၃ ဒသမ ၈၃ ရာခိုင်နှုန်းသည် အသက်၁၈ နှစ်အောက်ဖြစ်ပြီး မြို့ပြ၌ ၈ ဒသမ၈၅ ရာခိုင်နှုန်း၊ ကျေးလက်၌ ၂၂ ဒသမ၉၈ ရာခိုင်နှုန်းရှိကြောင်းနှင့် သက်ငယ် မုဒိမ်းမှုသည် အမျိုးသား၊ အမျိုးသမီး မရွေးဖြစ်နိုင်ခြင်းကြောင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များနှင့်မိဘအုပ်ထိန်းသူ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဖြင့် သက်ငယ်မုဒိမ်းမှုကို   ကာကွယ်ကြရန်လိုကြောင်းပြောကြားသည်။           

ဆလိုင်းကိုကီး