ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ၌ ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်လျက်ရှိ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ငါ့သရောက်မြို့ရှိ တောင်ကုန်းကျေးရွာသည် ရှေးဘိုးစဉ်ဘောင်ဆက်ကတည်းက ရိုးရာအိုးလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်လာသော ကျေးရွာဖြစ်ကြောင်း အဆိုပါကျေးရွာရှိ အိုးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ  သိရသည်။ တောင်ကုန်းကျေးရွာမှ ထွက်ရှိသည့် အိုးများသည် အရည်အသွေး အလွန်ကောင်းမွန်သော အိုးများသာထုတ်လုပ်လျက်ရှိပြီး သောက်ရေအိုးကြီး၊ သောက်ရေအိုးလတ်၊ ထန်းဆွဲမြူအိုး၊ ညောင်ရေအိုး(ဘုရားတင်ပန်းအိုး)၊ ဟင်းချက်အိုး၊ ပန်းအိုး၊ မြေအိုးစုဘူး၊ အရက်ပေါင်းအိုး၊ မြေရေဆေးအိုး(မြေဇလုံ)၊ မုန့်ပျားသလက်ထိုးအိုး၊ အိုးပုတ်၊ချိုးရုပ်၊အိုးအမျိုးမျိုးထုတ်လုပ်ပြီး ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ပြာသိုသောက်ရေအိုးသည် နာမည်ကြီးကာ ဈေးနှုန်းအလွန်ကြီးကြောင်း၊ ပြာသိုအိုးတစ်လုံးလျှင်ငွေကျပ် ၅၀၀၀ အထိ ရောင်းချရပြီး ထန်းဆွဲမြူအိုးများ အများအပြား ထုတ်လုပ်ကာလုပ်သလောက် ရောင်းချရကြောင်းနှင့် ထန်းတက်ရာသီမစချိန်တွင် စတင်ထုတ်လုပ်ထားပြီး ထန်းတက်လုပ်ငန်းသိမ်းချိန်အထိ ထန်းဆွဲမြူအိုး ထုတ်လုပ်ရောင်းချရကြောင်း သိရသည်။

ယင်းကျေးရွာတွင် တစ်ရွာလုံး အိုးအမျိုးမျိုးပြုလုပ်တတ်ကြောင်း၊ အိမ်တိုင်းတွင် အိုးပြင်စက် ရှိကြောင်း၊ အိုးအမျိုးမျိုးပြုလုပ်ရာတွင် အဓိကကုန်ကြမ်းမှာ ကန်မြေအကြမ်း၊ အစေး(အချွဲ) သာလိုအပ်ပြီး ကန်မြေအကြမ်းနှင့် အစေး ရောစပ်ကာ လက်ဖြင့်ဆုပ်နယ်ခြင်း၊ ခြေဖြင့် နင်းနယ်ခြင်းများ ပြုလုပ်ပေးရကြောင်း သိရသည်။ အိုးလုပ်ရန် မြေသားများသည် ရွှံ့စေးမြေသားဖြစ်ပြီး  မြေသားများကို ရေကန်ထဲမှကိုယ်တိုင်တူးယူခြင်းဖြင့် လည်းကောင်း၊ ဖောကားတစ်စီးလျှင် ငွေကျပ် ၁၇၀၀၀ ဖြင့်လည်းကောင်း၊ လှည်းတစ်စီးလျှင် ငွေကျပ် ၅၀၀၀ ဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင်ကာ အိုးလုပ်ငန်းအတွက် အိမ်ထောင်စုတစ်စုလျှင် ကန်မြေ အကြမ်းနှင့်အစေး(အချွဲ)တစ်နှစ်စာ ဖောကား ၁၀ စီး ကုန်ကြောင်း၊ လှည်းဖြင့်တိုက်လျှင် လှည်းအစီး ၅၀ ကျော်ကုန်ကြောင်း သိရသည်။ နှူးနှပ်ပြီးသား၊ ရောမွှေပြီးသားမြေသားကို အိုးအမျိုးမျိုးပြုလုပ်ရန်အတွက် အိုးပြင်စက်အိမ်တိုင်းတွင်ရှိပြီး အိုးထွင်းသူ အိမ်တိုင်းမရှိဘဲ အိုးလုပ်ရန်အတွက် အိုးထွင်းသူပြန်လည်ငှားလုပ်ကိုင်ကြသည်။ အိုးထွင်းသူများသည် အခြားအိမ်များအိုးထွင်းရန်ရှိပါက အငှားလိုက်လေ့ရှိပြီး အိုးပြင်စက်တစ်ခုဖြင့် အိုးအမျိုးမျိုး ဖန်တီးပြုလုပ်ကြကြောင်း သိရသည်။                 

ကိုထိန်၊ KPD