ဝါးတန်း-ဒလပြေးဆွဲနေသော ကူးတို့ရေယာဉ်ကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ပုံမှန်ပြေးဆွဲပေးလျက်ရှိ

 

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခရီးသွားလာမှုလျော့နည်းလာ သော်လည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော ဝါးတန်း-ဒလ ကူးတို့ရေယာဉ်ကို အခေါက်ရေလျှော့ချမှုမရှိဘဲ ကျန်းမာရေးဆိုင်ရာ  ညွှန်ကြားချက်များနှင့်အညီ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်မြို့   ပန်းဆိုးတန်း လမ်းရှိ    ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သိရသည်။

“ရန်ကုန်မြစ်ကူး ဝါးတန်း-ဒလ ကူးတို့ရေယာဉ်ကို နှုန်းထားသတ်မှတ်မှုပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲပေးနေပါတယ်။ လိုအပ်ချက်အတိုင်း ပြေးဆွဲပေးနေတာဖြစ်လို့ ဒီကာလ မှာလည်း အခေါက်ရေလျှော့တာတွေ၊ တိုးတာတွေ မလုပ်ပါဘူး။ ကူးတို့ရေယာဉ်ကတော့ ပုံမှန် နှစ်စင်းပါပဲ။  ကူးတို့ရေယာဉ်နဲ့ကူးနေတဲ့  ကားသမားတွေ၊ ခရီးသွားပြည်သူတွေကို Mask တပ်ဖို့၊ Mask မပါတဲ့သူတွေကို Mask တွေ အခမဲ့ပေးဝေပြီး အသိပညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်”ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန ဒုတိယအထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးဝင်းကိုအောင်ကပြောသည်။

လက်ရှိတွင် ဝါးတန်းကူးတို့ဆိပ်၌ RORO ကူးတို့ရေယာဉ် တစ်စင်း၊ ဒလကူးတို့ဆိပ်၌ RORO ကူးတို့ရေယာဉ်တစ်စင်း စုစုပေါင်း နှစ်စင်းဖြင့် နေ့စဉ် နံနက် ၅နာရီမှ ည ၇ နာရီအထိ ပြေးဆွဲ ပေးနေကြောင်း၊ ယခင်က တစ်ရက်လျှင် ၁၅ ခေါက်နှင့်အထက်ဖြင့် မော်တော်ယာဉ်အစင်းရေ  ၇၀၀ ခန့်ကို တင်ဆောင်ကာ အသွား၊ အပြန် ပြေးဆွဲပေးမှုရှိသော်လည်း ယခု COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသွားအလာလျော့နည်းလာကြောင်း သိရသည်။ ထို RORO ကူးတို့ရေယာဉ်တစ်စင်းလျှင် အိမ်စီးကား ၂၄ စီးအထိ တင်ဆောင် နိုင်ပြီး ကားအရွယ်အစားအလိုက် ကုန်တင်ယာဉ်များလည်း တင်ဆောင်နိုင်သည်။ တစ်တန်အောက် အိမ်စီးကားများကို တစ်စီးလျှင် ငွေကျပ် ၂၅၀၀၊ တစ်တန်နှင့် နှစ်တန် ကြားယာဉ်များကို တစ်စီးလျှင် ငွေကျပ် ၃၀၀၀၊ နှစ်တန်နှင့် သုံးတန်ကြားယာဉ်များကို တစ်စီးလျှင် ငွေကျပ် ၄၀၀၀၊ သုံးတန်နှင့် ခြောက်တန်ကြားယာဉ်များကို တစ်စီးလျှင် ငွေကျပ် ၅၀၀၀၊ ခြောက်တန်နှင့် ၁၂ တန်ကြားယာဉ်များကို တစ်စီးလျှင် ငွေကျပ် ၈၀၀၀၊ ကုန် တစ်တန်လျှင် ငွေကျပ် ၂၀၀၀ ကောက်ခံကြောင်း သိရသည်။

ထိုရန်ကုန်မြစ်ကူး ဝါးတန်း-ဒလ ကူးတို့ရေယာဉ်လမ်းကြောင်းသည် ဧရာဝတီတိုင်း ဒေသကြီးရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင် စသည့်မြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနှင့် တခြားဒေသများမှ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသထွက်ကုန်စည်စီးဆင်းမှုများအတွက် နေ့စဉ်သွားလာအသုံးပြုနေသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)