မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီး

မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ- ၂၈
    
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိသည်။
    
ထိုသို့မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း RC ၂ ထပ်ကျောင်းဆောင်အား အကြမ်းဖက်သမားများက ဓာတ်ဆီလောင်းမီးရှို့ခဲ့သော်လည်း မီးလောင်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။ 
    
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌  ထိန်းသိမ်းထားရှိသည့် သင်ရိုးညွှန်တမ်းစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များအား နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာအုပ်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    
ထို့အတူ  စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းအား ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် အကြမ်းဖက်သမား များက ဓာတ်ဆီပုလင်းများဖြင့် မီးရှို့ပစ်‌ပေါက်ခဲ့သော်လည်း ကျောင်းအဆောက်အဦ မီးလောင် ပျက်စီးမှု မရှိကြောင်း သိရှိရသည်။ 
    
၎င်းအပြင် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘောဝမ်(က)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးအနီး ပြည်ထောင်စုလမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ်မိုင်း ၃ လုံး၊  ဘိုးဘွား ရိပ်သာလမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ်မိုင်း ၃ လုံး၊ ဆိုင်ကယ်ဘက္ထရီအိုး ၁ လုံး၊ Radio Control Box ၁ ခု၊ ပေ ၅၀ ခန့်အရှည်ရှိ ဝါယာကြိုး ၂ ချောင်းတို့ဖြင့် ချိတ်ဆက်၍  ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထိခိုက် သေကျေပျက်စီးစေရန်အတွက် မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်း ခဲ့ကြောင်း  သိရသည်။ 
    
အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။