လေးကေ့ကော်မြို့သစ်၊ ထီးမယ်ဝါးခီးနှင့် မယ်ထော်သလေးတစ်ဝိုက် ခိုအောင်းနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရေး ဆောင်ရွက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

လေးကေ့ကော်မြို့သစ်၊ ထီးမယ်ဝါးခီးနှင့် မယ်ထော်သလေးတစ်ဝိုက် ခိုအောင်းနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရေး ဆောင်ရွက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ် ရေးထိုးပြီးချိန်မှစတင်၍ NCA သဘောတူညီချက်ပါအချက်များကို လေးစားလိုက်နာ၍ ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေး ပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့်ပြည်သူတို့လိုအပ်လျက်ရှိသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိသော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ NCA သဘောတူညီချက်များအား လက်တစ်လုံးခြား ပြုလုပ်ကာ နည်းမျိုးစုံဖြင့် ချိုးဖောက် လျက်ရှိကြောင်းတွေ့ရှိရသည်။
၂၀၂၁ခုနှစ် မတ်လ ၂၇ ရက်တွင် KNU တပ်မဟာ ၅ မှ ဘောကျော်ဟဲ ဦးစီးသာလွန် အင်အားဖြင့် ကရင်ပြည်နယ် သံလွင်မြစ်အနီးရှိ တပ်မတော်မှ စစ်ဆင်ရေးနှင့် နယ်မြေ စိုးမိုးရေးတာဝန်ယူထားသည့် ထီးမူထစခန်းအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် အရာရှိ/စစ်သည် အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သလို ဧပြီလ၂၇ ၊၂၈ ရက် နှင့် ဇွန်လ ၃ ရက်တို့တွင်လည်း တပ်မတော်မှ စစ်ကြောင်းတစ်ကြောင်းတာဝန်ယူထားသည့် ဒါးကွင်း စခန်းအား KNU တပ်မဟာ ၅ မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁၇ ရက်တွင် KNU တပ်မဟာ(၁)အင်အားစုအချို့က ကျသောင်းဆိပ်စခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် စခန်းအားယာယီစွန့်ခွာပေးခဲ့ရပြီး အရာရှိ/စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း စခန်းအား တပ်မတော်စစ်ကြောင်းမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ အလားတူ KNU တပ်မဟာ(၁/၅)မှ အင်အားအချို့အနေဖြင့် ဖာပွန်မြို့နယ်ရှိ ဒေသခံ ပြည်သူများနှင့် အစိုးရဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကုသဆေးဝါးများ ဖာပွန်မြို့သို့ပေးပို့မှုအပေါ် နည်းလမ်းမျိုးစုံဖြင့် မိုင်းထောင် ဖောက်ခွဲ၊ ချောင်းမြောင်းပစ်ခတ်မှုမျိုးစုံဖြင့် တားဆီးသဖြင့် ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများအတွက် ကာကွယ်ဆေးအမြန်ဆုံးရောက်ရှိရန် တပ်မတော ်စစ်ကြောင်းများက လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
KNUအဖွဲ့ထဲမှအချို့တပ်မဟာများနှင့်တပ်ရင်းတပ်ဖွဲ့များအနေဖြင့် နိုင်ငံအနှံ့အပြား တွင် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်လိုသည့် နိုင်ငံကြီးအချို့နှင့် အကြမ်းဖက်မှုကို လစ်လျူရှုလျက် အားပေးထောက်ခံမှုပြုနေသည့် NGO၊ INGO အဖွဲ့အစည်းအချို့ထံမှ နည်းမျိုးစုံအကြောင်းပြချက်ဖြင့် ထောက်ပံ့ကြေးများ ရယူကာ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးခြင်း၊ လက်နက်/ ခဲယမ်းများ ကို လမ်းကြောင်းအမျိုးမျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သည်ကိုလည်း ဖမ်းဆီးရမိသူများ၊ ဖော်ထုတ်ရမိသူများနှင့် အကြမ်းဖက် လုပ်ရပ်ကို စက်ဆုပ်ရွံရှာပြီး သေနတ်သံ၊ ဗုံးသံ တိတ်ဆိတ်နေသည့် မိမိတို့ဒေသအား သေနတ်သံ၊ ဗုံးသံများ ပြန်လည်ဖြစ်ပေါ်အောင်၊ မိမိတို့၏ နေအိမ်များမှ ထွက်ပြေးရအောင် အကြမ်းဖက် လုပ်ဆောင်နေမှုများကို မလိုလားကြသည့် ဒေသခံပြည်သူအများစု၏ သတင်းပေးမှုမှ တဆင့်ဖော်ထုတ် သိရှိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ယနေ့အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများ ဆောင် ရွက်ခဲ့ရာ အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများကို အချိန်မီဖော်ထုတ် တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အကြမ်းဖက်သမားတို့၏ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့သည့် အချို့သောအကြမ်းဖက်လုပ်ရပ်များနှင့် သတင်းအား ဖော်ထုတ်ဖမ်းဆီးရမိချိန် ဖော်ထုတ် ချက်အရဖမ်းဆီးရမိသည့်လက်နက်/ခဲယမ်းများသည် ကရင်ပြည်နယ်၊ လေးကေ့ကော် မြို့သစ်ရှိ အကြမ်းဖက်သမားများအနေဖြင့် ၎င်းမြို့သစ်မှတဆင့် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် တောင်ငူ၊ ပြည်စသည့်မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အလစ် အငိုက်နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများ ပြုခဲ့ကြကြောင်း တွေ့ရှိ ရသည်။
တပ်မတော်အနေဖြင့် KNU တပ်မဟာ(၅)၏ ထီးမူထစခန်းဖြစ်စဉ်မှ စတင်၍ လေးကေ့ကော်မြို့သစ် တိုက်ပွဲဖြစ်စဉ်မတိုင်မီအချိန်ထိ KNU/KNLA တာဝန်ရှိသူများထံ NCA သဘောတူညီချက်များကိုထိန်းသိမ်းလိုက်နာရန်နှင့် လက်အောက်ခံအဖွဲ့များကို ထိန်း သိမ်းကြပ်မတ်ပေးရန် ညှိနှိုင်းပြောဆိုမှုများကိုလည်းအကြိမ်ပေါင်းများစွာ တရားဝင်/ ရင်းနှီး မှုသဘောတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ အခြားသတင်းများအရလည်း KNU အဖွဲ့အတွင်း ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအဝေးများ၊ အရေးပေါ်အစည်းအဝေးများ၌လည်း NCA လမ်းကြောင်းမှ သွေဖယ်၍ ပြည်ပမှ ငွေကြေးနှင့် ထောက်ပံ့မှုရယူပြီး ငြိမ်းချမ်းနေသည့် ကရင်ပြည်နယ်အတွင်း ပဋိပက္ခစစ်မီးများ ပြန်လည်တောက်လောင်အောင် ပြုလုပ်လိုသည့် ခေါင်းဆောင်ပိုင်း အချို့မှ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုအား နောက်ကွယ်မှ အားပေးအားမြှောက်ပြုလုပ်၍ တည်ဆဲ အစိုးရအား အကြပ်အတည်းဖြစ်စေရေးရည်ရွယ် လုပ်ဆောင် ရေး တိုက်တွန်းမှုများလည်း ရှိကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်အား မလွှဲ မရှောင်သာ တာဝန်ယူထိန်းသိမ်းပြီးချိန်နောက်ပိုင်း နိုင်ငံ၏ အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့ သည့် NLD အစွန်းရောက်တို့၏ ဆူပူအကြမ်းဖက် ဆန္ဒပြမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်း စာနာထောက်ထားမှုအကြောင်းအရာအောက်၌ လက်ခံထိန်းသိမ်းပြီး အဆိုပါတိမ်းရှောင် အုပ်စုတို့ကို အကြောင်းပြု၍ ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုး ရယူကာ နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေးပဋိပက္ခဖြစ်လာစေရေး ရည်မှန်းလုပ်ဆောင်လာခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ တဆင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်၊ ဒေသတည်ငြိမ်ရေးကို အလေးထားရန်၊ အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်၍ အကြမ်းဖက်သမားများကို လက်ခံခြင်းမပြုရန် KNU တာဝန်ရှိသူများထံ အကြိမ်ကြိမ် အကြောင်းကြားညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ သည်။ တပ်မတော်၊ EAOs များနှင့် သက်ဆိုင်သည့်ဌာနကြီးများမှလည်း အကြိမ်ကြိမ် သတိပေးအကြောင်းကြားမှုများ ပြုလုပ် ခဲ့သည်။
သို့သော် KNU တပ်မဟာအချို့နှင့် ခေါင်းဆောင်ငယ်အချို့အနေဖြင့် ညှိနှိုင်းမှုများ ကို လစ်လျူရှု၍ ငြိမ်းချမ်းရေး ရလဒ်၏ ပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်ကို အသုံးချပြီး PDF အမည်ခံအကြမ်းဖက်သမားများကို လက်ခံလျက် အကြမ်းဖက်နှင့် ဖောက်ခွဲရေးသင်ခန်းစာများ လေ့ကျင့်ပေးခြင်းနှင့် နိုင်ငံအနှံ့အပြား အကြမ်းဖက်လုပ်ရပ် များအတွက် ထောက်ပံ့အားပေးခြင်းများ ဆောင်ရွက်လာသဖြင့် အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း KNU/KNLA တာဝန်ရှိသူများထံကြိုတင် အသိ ပေးပြီး လုံခြုံရေးတပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၁၄ ရက်မှ စတင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ခဲ့ရာတွင် လေးကေ့ကော် မြို့သစ်အတွင်း ဥပဒေနှင့်အညီ ရှာဖွေ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် NUG အမည်ခံအဖွဲ့မှ လွှတ်တော် ကိုယ်စား လှယ်ဟောင်း ၂ ဦးအပါအဝင် PDF နှင့် CDM ပြုလုပ်ထားသူ ၂၁ ဦး အား လက်နက်မျိုးစုံ ၇ လက်နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ ဒီဇင်ဘာ ၁၅ ရက်တွင်လည်း ဖော်ထုတ် ဖမ်းဆီးနေစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက် မှုကိုလိုလားပြီး NCA ကိုဖျက်ဆီး စေလိုသည့် ခေါင်းဆောင်တချို့ပါဝင်သော KNU တပ်ဖွဲ့ဝင်အချို့၊ NUG ၊PDF အမည်ခံ အကြမ်းဖက်သမား များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး တချို့ မှာ ဖမ်းဆီးခံခဲ့ရသည်။
ထို့ကြောင့် မိမိကိုယ်မိမိခုခံကာကွယ်ရန်အလို့ငှာ တပ်မတော်အနေဖြင့် အကန့်အသတ် ဖြင့် အနည်းဆုံးအင်အားကို အသုံးပြု၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှစ၍ KNU တပ်ခေါင်းဆောင်တချို့နှင့်တပ်ဖွဲ့တချို့၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သမား များအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အထက်ပါ အကြမ်းဖက်အုပ်စုများ မှလည်း အင်အား များပြားစွာစုစည်းလျက် မိမိတပ်မတော်စစ်ကြောင်းများအား နေ့/ည ဝိုင်းဝန်း ပိတ်ဆို့လျက် တန်ပြန်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
ထို့ကြောင် တပ်မတော်အနေဖြင့် ထုတ်ပြန်ထားသည့် Rule of Engagement အတိုင်း ROE နှင့်အညီ လိုအပ်သည့် အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူရယူ၍ ရန်သူပစ်မှတ်၊ စခန်းများအား ချေမှုန်းတိုက်ခိုက် မှုများကြောင့် တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် လေးကေ့ကော်မြို့သစ်မှလွှဲ၍ ကျန်အကြမ်းဖက်သမားများခိုအောင်းခဲ့သည့်ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာစသည့် နေရာများ အား ဖော်ထုတ်ဖမ်းဆီးထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်း ဖက်သမားသောင်းကျန်းသူများထံမှ အလောင်းတချို့နှင့် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းများ၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူလူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရ၍အပြစ်မဲ့ပြည်သူများမိမိနေထိုင်ရာကျေးရွာ များသို့အမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ရန်အတွက်လည်း ထိုင်း-မြန်မာနယ်ခြား ကော်မတီများမှ ညှိနှိုင်းဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
တပ်မတော်အနေဖြင့် အရေးပေါ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေး အတွက် အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး NCA ပါသဘောတူညီချက် များကိုလည်း အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်အတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကရင်ပြည်နယ်နှင့် နိုင်ငံအဝှမ်း ငြိမ်းချမ်းရေးကို လိုလားသည့် တိုင်းရင်းသား ပြည်သူလူထုအနေဖြင့်လည်း ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ