ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက် ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရတစ်ရပ်သည်အဓိကအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ဆောင်ရွက် ရခြင်းဖြစ်သဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများသည် အရေးကြီးကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်အားပြန်လည်ဖွဲ့စည်းခြင်း၊ မဲစာရင်းများအားပြန်လည်စိစစ်ခြင်း၊ တာဝန်ရှိ သူများအားဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခု အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများကတက် ကြွစွာဖြင့် ဦးဆောင်ဆောင်ရွက်ခဲ့မှု၊ ပြည်သူများကဝိုင်းဝန်းကူညီဆောင်ရွက်မှုများနှင့် စည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်မှု၊ အိမ်နီးချင်းနိုင်ငံများ၏ ကူညီပေးခဲ့မှုများ ကြောင့် ကိုဗစ် - ၁၉ တတိယလှိုင်းအား အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ ကူးစက်မှုနှုန်း များစွာလျော့နည်းလာပြီဖြစ်သဖြင့် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်တချို့ကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း၍ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း၊ သို့သော် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး (အိုမီခရွန်) ကူးစက်မှုအချို့ရှိခြင်းကြောင့် သတိထား ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ် -၁၉ ရောဂါကူးစက်မှုများဖြစ်ပွားခဲ့ချိန် အတွေ့အကြုံများကြောင့် ယခုအခါ ဆေးရုံများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အောက်ဆီဂျင် နှင့် ကုသဆေးများအပြင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိပြီး ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းသွားသည့် နိုင်ငံ၏စီးပွားရေး ပြန်လည်တိုးတက်မှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ သည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ် လုပ်မှုများဆောင်ရွက်သည့် နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဦးစားပေးပြီး အားပေးဆောင်ရွက်ပေးလျက်ရှိသဖြင့် နိုင်ငံစီးပွားရေးအတွက် များစွာ အထောက်အကူပြုကြောင်း၊ အလားတူ စက်ရုံအလုပ်ရုံများအနေဖြင့်လည်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူအကြမ်းဖက်လုပ်ရပ်များကြောင့် စက်ရုံအလုပ်ရုံအချို့ ရပ်နား ထားခဲ့ရသော်လည်း ယခုအခါ စက်ရုံအလုပ်ရုံအချို့မှလွဲ၍ စက်ရုံအလုပ်ရုံအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းသွားပြီဖြစ်သဖြင့် ခရီးသွားကဏ္ဍ သည်လည်း ပြန်လည်လည်ပတ်လာပြီး အဆိုပါလုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများ အားလုံးနီးပါး ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်ကြောင်း၊ သို့သော်အချို့သောလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကန့်သတ်ချက်များကြောင့် ထိန်းသိမ်းဆောင်ရွက် နေရခြင်းများ ရှိကြောင်း၊ လုပ်ငန်းများပုံမှန်ပြန်လည် လည်ပတ်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေး ပြန်လည်နလန် ထူလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်ငြိမ်းချမ်း ရေးဆွေးနွေးမှုများ အတွက် အမြဲတမ်းဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် ညှိနှိုင်းမှုများ ကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိမည်ဟု မျှော်လင့် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံး အချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများလုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများအားလုံးအဆင်ပြေ ချောမွေ့ စေရန် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ၏ ပူးပေါင်း ဆောင်ရွက်မှု များအပေါ်တွင်များစွာမူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်မှ စတုတ္ထအချက် အထိ လုပ်ငန်းစဉ်များသည် နောက်ဆုံးလုပ်ငန်းစဉ်ချောမွေ့စွာဖြင့် အောင်မြင်စေရေး အတွက် လမ်းခင်းပေးထားခြင်းဖြစ်သဖြင့် အဆိုပါလုပ်ငန်းစဉ်လေးရပ်အား ထိခိုက် အောင် ဆောင်ရွက်မည်ဆိုပါက နောက်ဆုံးလုပ်ငန်းစဉ်အတွက် အဟန့်အတား ဖြစ်စေ နိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် မူဝါဒများပြောင်းလဲမည် မဟုတ် ကြောင်း။
ပြီးခဲ့သည့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလတာကာလအတွင်း ပို့ကုန်များအထိုက်အလျောက်တင်ပို့နိုင်ခဲ့ပြီး ထိုသို့တင်ပို့ရာတွင် လယ်ယာထုတ်ကုန် များ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်များနှင့် ပတ်သက်၍လည်း စားအုန်းဆီများနှင့် စက်သုံးဆီများတင်သွင်းမှုကို ထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ကြီးဌာနများ အလိုက် စက်သုံးဆီများသုံးစွဲရာတွင်လည်း လုပ်ငန်းကို မထိခိုက်စေဘဲ လျှော့ချ၍ ရသည်များကိုလျှော့ချ ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုအရ ရငွေများရရှိအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထုတ်ကုန်များယခုထက် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ ထို့ကြောင့်ပြည်ပသို့တင်ပို့သည့် ထုတ်ကုန်များအား အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ အလားတူပြည်တွင်း၌လည်း အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ၏ GDP ကို ကုန်သွယ်မှုလုပ်ငန်း တစ်ခုတည်းဖြင့် တွက်ချက်၍ မရသော်လည်း ကုန်သွယ်မှုပမာဏများပြားလာခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက် အောင် အထောက်အကူပြုနိုင်ကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်များထက် အခြားကုန်ထုတ်လုပ်မှုကို ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ကြီးဌာနများအလိုက် အချက်အလက်များ သိမ်းဆည်းထားရှိရန် လိုအပ်မှုနှင့် ပတ်သက်၍ပြောကြားရာ၌ “ကျွန်တော်တို့တိုင်းပြည်မှာ တစ်ချက်ဘာလဲဆိုတော့ မနေ့ကစီးပွားရေး ကော်မတီမှာလည်း ကျွန်တော်ပြောပါတယ်။ Data နဲ့ပတ်သက် တဲ့အားနည်းချက် ကျွန်တော်တို့မှာရှိတယ်။ ကျွန်တော်တို့အစိုးရတင် မဟုတ်ပါဘူး။ ဟိုအရင် အစိုးရအဆက်ဆက်လဲ ဒီလိုပါဘဲ။ Data နဲ့ ပတ်သက်တဲ့ အားနည်းချက် ရှိတယ်။ မှတ်တမ်းမှတ်ရာမရှိကြဘူး။ ကျွန်တော်တို့ သူများရဲ့ကျွန်ဖြစ်ခဲ့တဲ့အတွက် ကြောင့် ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေဖျက်ဆီးခံရတဲ့ အတွက်ကြောင့်ပါပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမိုင်းမှတ်တမ်းတွေမရှိဘူး။ အထောက်အထားတွေတချို့ရှာရ တော်တော်ခက်ပါတယ်။ တချို့အချက်အလက်တွေက အင်္ဂလိပ်ကနေ ရေးသား ထုတ်ဝေခဲ့တဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ ပြန်ကြည့်ရတာ ရှိပါတယ်။ ကျွန်တော်တို့ဆီက ထုတ်ပြန်တဲ့အချက် အလက်တွေမှာ တချို့ပေ ပေါ်မှာ ရေးတဲ့ဟာတွေ။ ပေနဲ့တင်တာကြတော့လည်း ဆေးကျမ်းတွေကပိုများတယ်။ ကျန်တဲ့ ဟာတွေရှိသလားဆိုတော့ မရှိဘူးတော့ မဟုတ်ဘူးရှိတော့ရှိတယ်။ သို့သော် ဆေးကျမ်းတွေက ပိုများပါတယ်။ အကြောင်းတစ်ခုခုသိချင်လို့ ကျွန်တော်တို့လိုက်ရှာပြီ ဆိုရင် တော်တော်ခက်ခက်ခဲခဲရှာရတယ် Data တွေ။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာန များအနေနဲ့ အချက်အလက်တွေကို သေချာလေးဆောင်ရွက်ပေးထားဖို့၊ မှတ်ထားပေးဖို့ လိုပါတယ်။ ပိုဆိုးတာကတော့ ကျွန်တော်တို့က ရန်ကုန်ကနေ နေပြည်တော်ကို ရုံးတွေပြောင်းတဲ့အခါမှာ အချက်အလက်တချို့ကို မလိုပါဘူးကွာ ဆိုပြီး ထားပစ်ခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ကဖြစ်လာခဲ့တယ်။ အဲဒီတော့ဒီမှာ ကြည့်လို့ရှိရင် တချို့သောအချက်အလက် တွေဒီမှာမရှိဘူး။ တချို့က ရန်ကုန်မှာ ရှိနေတယ်။ ဉပမာအမျိုးသားစာကြည့်တိုက်ဆိုလျှင် တချို့စာရွက်စာတမ်းက ရန်ကုန် မှာရှိတယ်။ ဒီမှာမရှိဘူး။ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာတချို့ပစ္စည်းတွေရှိ တယ်။ တချို့ပစ္စည်းတွေက ဒီမှာရှိတယ်။ မနေ့တနေ့ကပဲ ပြင်ဦးလွင်ကိုသွားတော့ ပြင်ဦးလွင်ဘူတာမှာ ရှိတဲ့အခန်းတစ်ခန်းကို ကျွန်တော်က ငါ့ ပြစမ်းပါဆိုပြီး ပြောတော့ ပထမတော့ အဲဒီအခန်းကို ပိတ်ထားတယ်။ ဖွင့်ပြစမ်းပါဆိုပြီး ဖွင့်ကြည့်တော့ အထဲမှာ ဟိုရှေးခေတ်ကဓာတ်ပုံတွေ သွားတွေ့တယ်။ မီးရထားစက်ခေါင်း ပုံတွေ၊ ဘူတာပုံ တွေသွားတွေ့တယ်။ သိပ်တန်ဖိုးရှိတယ်။ တော်တော်တန်ဖိုးရှိတဲ့ပုံတွေ သွားတွေ့ တယ်။ မှတ်တမ်းမှတ်ရာ ထားသိုမှုနဲ့ပတ်သက်ပြီး တန်ဖိုးကို တချို့နားမလည်ဘူး။ ငါတို့ ဘယ်လိုပြောင်းလဲလာသလဲ။ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို သိဖို့လို ပါတယ်။ ငါတို့ဝန်ကြီးဌာနတွေ၊ ငါတို့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်လိုပြောင်းလဲ လာသလဲ။ ငါ့တို့ နိုင်ငံရေး၊ စီးပွားရေး ဘယ်လိုပြောင်းလဲလာသလဲ။ ငါတို့ရဲ့ စီးပွားရေးပုံစံတွေ ဘယ်လို ပြောင်းလဲလာသလဲ။ ဉပမာအားဖြင့် စိုက်ပျိုးရေးဆိုရင် စပါးနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွားသလဲ။ ပဲနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲ သွားသလဲ။ ဆီနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွားသလဲ။ ရာဘာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွားသလဲ။ ရာဘာထုတ်ကုန်ပစ္စည်း ဘယ်လိုပြောင်း လဲသွားသလဲ စသည်ဖြင့်ဒီလိုမျိုးကစပြီး ကျွန်တော်တို့တိုင်းပြည်က မှတ်တမ်းမှတ် ရာရှိဖို့လိုတယ်။ ဒီခေတ်ကပိုပြီးလွယ်ပါတယ်။ ဒီခေတ်က ကျွန်တော်တို့လက်လှမ်း မီတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်နှစ်ခု၊ သုံးခုလောက်အထိ လှမ်းပြီး Data ပြန်ကောက် လို့ရတယ်။ ဒါတွေကလုပ်ထားပြီးရင်နောင် ၁၀ နှစ်၊ ၁၅ နှစ်ကျရင် နှစ်ပေါင်း ၅၀ ဖြစ်လာမယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ် ၃၀ က Data ကို ပြန်ကောက်နိုင်လို့ ရှိရင် နောင် အနှစ် ၂၀ ကျရင် အဲဒီ Data သည် နှစ် ၅၀ ကြာတဲ့ Data ဖြစ်သွားမယ်။ အဲဒီ နှစ် ၅၀ အချိန်မှာ နောက် Data ကောက်တဲ့သူတွေ ကောက်တဲ့အခါနှစ် ၅၀ Data ကို ရတယ်ဆိုပြီး သူတို့မှာက ပိုတန်ဖိုးရှိတယ်။ ကျွန်တော်တို့အရှေ့က အဲဒီလို Dataတွေ ထိန်းသိမ်းနိုင်မှု မရှိတဲ့အတွက် ကြောင့် ကျွန်တော်တို့မှာ တော်တော်ခက်ခက်ခဲခဲ လုပ်ရတာရှိတယ်။ ဒါလေးတွေကို ဝန်ကြီးဌာနများအနေနဲ့ ဒီအားနည်းချက်ကို ပြင်ပေးဖို့ ကျွန်တော် ပြောလိုပါတယ်။” (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု Video File ကို ပြသမည်ဖြစ်ပါသည်။)
ထို့နောက် မိမိတို့အစိုးရသည် အချိန်ကာလတိုတစ်ခုအတွင်းသာ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်သည့် အစိုးရအဖွဲ့ဖြစ်သဖြင့် ရေရှည်လုပ်ငန်းများထက် လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်၍ ရသည်များကိုသာ ဦးစားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ အားကစားကဏ္ဍနှင် ပို့ဆောင်ရေးကဏ္ဍတို့တွင် ကာလတိုအတွင်း ဆောင်ရွက်၍ ရသည်များကို ပထမဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍ နှင့် ပတ်သက်၍လည်း နိုင်ငံတော်၏ အမျိုးသားပညာရေးစီမံကိန်း (နှစ် - ၃၀) အတိုင်းသာ ဆောင်ရွက်လျက်ရှိကာ ယခင်ဆောင်ရွက်ခဲ့သည့်သင်ရိုးများမှ မိမိတို့နိုင်ငံ ၏ လူမှုရေးစနစ်နှင့် မကိုက်ညီသည်များ ကိုသာ တည်းဖြတ်ဆောင်ရွက်ခြင်း များသာရှိကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦများ တည်ဆောက်ရာတွင်လည်း အကုန်အကျသက်သာပြီး လက်တွေ့ဆောင်ရွက်နိုင်သည့် အဆောက်အဦများကို ပုံစံတူသာ တည်ဆောက်ကြရန်လိုကြောင်း၊ အလားတူ တက္ကသိုလ်များ၊ စာသင်ဆောင် များ၊ ခန်းမများနှင့် အားကစားခန်းမများ တည်ဆောက်ရာတွင်လည်း ရေရှည် အတွက်စဉ်းစားတွက်ချက်၍ စနစ်တကျဖြင့် တည်ဆောက်ကြရန်အတွက် တာဝန်ရှိသူ များက ကြပ်မတ်ကွပ်ကဲကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက်ရယူ ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းပြည်၏ အခွန်အကောက်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးယန္တရားများတုံ့ဆိုင်းခဲ့ရပြီး အထွေထွေဝင်ငွေ များ လျော့နည်းမှုရှိခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်ပြည့်ဝဝ ရရှိနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အခွန်အခလျှော့ပေါ့ပေးနိုင်ရေးကိစ္စရပ် များ တင်ပြကြရာတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်၊ လျှော့ပေါ့သင့် လျှော့ပေါ့ထိုက် သည့် အခြေအနေများ ရှိမှသာ သုံးသပ်တင်ပြ ဆောင်ရွက်ကြစေလိုကြောင်း။
ပြည်ပကုန်သွယ်မှုတွင် ပိုငွေပြသော်လည်း နှစ်စဉ်ဘတ်ဂျက်ရေးဆွဲရာတွင် လိုငွေပြ နေကြောင်း၊ ယင်းမှာ အခွန်အကောက်များ လျာထားချက်ပြည့်မီစွာမရရှိခြင်း၊ မြန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား ကွာဟချက်ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍ တတ်နိုင်သမျှ ချိုးခြံချွေတာကြရန်နှင့် နိုင်ငံခြားငွေပိုမိုရရှိစေရေး နည်းလမ်းများ ရှာဖွေဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြည်ပသို့ ပို့ကုန်များတင်ပို့ရာတွင် ကုန်ကြမ်းတင်ပို့ရောင်းချ ခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချသွား ကြရန်လိုကြောင်း၊ တိုင်းပြည်၏ သယံဇာတပစ္စည်းများအား ထိထိရောက်ရောက် အသုံးချ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး နည်းလမ်း ရှာဖွေ ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကုန်သွယ်ရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေနှင့် မြန်မာ ကျပ်ငွေတိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရန် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံသုံး ငွေကြေးများ တိုက်ရိုက် လဲလှယ်သုံးစွဲနိုင်ရန်အတွက် သဘောတူညီမှုများရရှိထားပြီး ဖြစ်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည် မျှော်တွေးပြီး ဆောင်ရွက်ကြရန်လိုကြောင်း။
ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလတွင် နိုင်ငံလူဦးရေ၏ ၁၈နှစ်နှင့်အထက် ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရန်လျာထားပြီး ကျန်းမာရေးဝန်ကြီး ဌာန၏ တင်ပြချက်အရ ၁၈ နှစ်နှင့်အထက် ၅၁ ရာခိုင်နှုန်းကျော်နှင့် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးပြီဟု သိရကြောင်း၊ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသော်လည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို ဆက်လက် လိုက်နာသွားကြရန်နှင့် တစ်နိုင်ငံလုံး၏ အမျိုးသားရေးနှင့်ဆိုင်သော အမျိုးသား အကျိုးစီးပွားဖြစ်သည့်အတွက် တာဝန်ရှိသူများကလည်းကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဝန်ကြီးဌာနပိုင် မြေနေရာများတွင် ကျူးကျော်နေထိုင်ခြင်းများ မရှိစေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သလို ကြိုတင်ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ဥပဒေအတိုင်း ဆောင်ရွက်၍ ရသည်များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ မူဝါဒပိုင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအလိုက် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျည်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြား ချက်များ ရှိပြီးဖြစ်ကြောင်း၊ အဓိကမှာ နိုင်ငံ၏ အကျိုးစီးပွားကို ဦးတည်ဖော်ဆောင်ရန် လိုအပ်ကြောင်း။
၂၀၂၂ ခုနှစ်သည် စိန်ရတု ပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်သည် စိန်ရတု လွတ်လပ်ရေးနေ့တို့နှင့် တိုက်ဆိုင်နေကြောင်း၊ တိုင်းသူပြည်သားများအနေဖြင့် မိမိတို့ နိုင်ငံအတွက် နိုင်ငံချစ်စိတ်၊ ဇာတိမာန်တို့ဖြင့် ဂုဏ်ယူနေစေရန်အကောင်းဆုံး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက်ပိုမိုအလေးပေးဆောင်ရွက်သွားကြရန်နှင့် စိန်ရတုအခမ်းအနားများဖြစ်မြောက် ရေးအတွက် အကောင်းဆုံးပံ့ပိုးဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။