NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်

NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

          တပ်မတော်က နိုင်ငံရေးအရအရေးပေါ်အခြေအနေကြောင့် နိုင်ငံတော်တာဝန် အား ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် NLD အစွန်းရောက်တို့၏ သွေးထိုးလုံ့ဆော်မှု၊ ၎င်းတို့ဖန်တီးခဲ့သည့် CRPH၊ NUG နှင့်  PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မြို့ကြီးအချို့တွင် ဆူပူ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံ၊ ကျောင်းများမှစ၍ ဘာသာရေးနှင့် သက်ဆိုင် သော နေရာ၊ အဆောက်အဦများ ဖောက်ခွဲဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများဖြင့်ပူးပေါင်း၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ယနေ့အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများ ဆောင် ရွက်ခဲ့ရာ အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများကို အချိန်မီဖော်ထုတ် တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။

          ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ မြို့ကြီး များတွင် အကြမ်းဖက်မှုများကို အဓိကဦးဆောင်ကြိုးကိုင် ဆောင်ရွက်နေသည့် အကြမ်းဖက်အဖွဲ့ကြီးများကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး  ဖြစ်စဉ် ၁၅ ကြိမ်တွင် ဖမ်းဆီး ရမိသူ ၂၇၂ ဦး၊ လက်နက်ခဲယမ်းအနေဖြင့် ပစ္စတို ၄၄ လက်၊ ပွိုင့်-၂၂ သေနတ် ၈ လက်၊ MK-12 ၅၁ လက်၊ M-16 ၃၀ လက်၊ M-22 ၁၅ လက်၊ AK-47 ၅၅ လက်၊ M4-A1 ၁၀ လက်၊ 56-1 ၅ လက်၊ M-79 ၄ လက် အပါအဝင် လက်နက်မျိုးစုံ ၂၂၈ လက်၊ ခဲယမ်း မျိုးစုံ ၂၇၂၂၈ တောင့်၊ ရှေ့ထွက်မိုင်းနှင့် လက်ပစ်ဗုံးမျိုးစုံ ၂၈၆ လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို ဖော်ထုတ်ချက်များအရ KNU အဖွဲ့၏ အချို့ တပ်မဟာများတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ပြီး အမည်စာရင်း တိကျစွာ ဖော်ထုတ်ရရှိသူ ၁၇၃ ဦး ရှိကြောင်းနှင့် အမည်စာရင်း တိကျစွာ ဖော်ထုတ် မရရှိသူ မြောက်မြားစွာရှိကြောင်း သိရှိရသည်။ ဖမ်းဆီးရမိ လက်နက်၊ ခဲယမ်း အများစု သည်လည်း KNU နယ်မြေအသီးသီးမှတဆင့် ပြည်တွင်းသို့ ဝင်ရောက် လာသော လက်နက်/ ခဲယမ်းများဖြစ်သည်။ အရှေ့တောင်အာရှဒေသအတွင်း စစ်အေး ခေတ်နှင့် စစ်အေးလွန်ခေတ်၌ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ၌ အားပေး အားမြှောက် ပြုလုပ်ခဲ့သည့် နိုင်ငံကြီးအချို့၏ ပဋိပက္ခလက်ကျန် လက်နက်များဖြစ်ကြောင်း တွေ့ရှိ ရသည်။

          တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA သဘော တူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်း တိုးမြှင့်ထားပြီးဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း ငြိမ်းချမ်း ရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့်ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များအတွက်လျင်မြန်လွယ်ကူထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်း များ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

          သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူ စာချုပ်ပါ ကတိကဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေ ရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်းများကိုကျူးလွန် ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ