အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများသို့ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက် ဖောက်ခွဲ
နေပြည်တော်၊ ဒီဇင်ဘာ ၃၀
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီး များ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အပြင် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကိုလည်း မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ဒီဇင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက်သူ အမျိုးသား ၃ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် လက်လုပ်ဗုံး ၁ လုံးမှာ ကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်းနှင့် အဆောက်အဦနှင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ အောင်ဇေယျရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းခြံစည်းရိုးအုတ် တံတိုင်းနှင့် ၁ ပေခန့်အကွာ ကျောင်းဝင်းအတွင်း၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခြံစည်းရိုးနှင့် ၂ ပေခန့်အကွာတွင် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။