ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသရှိကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်၊ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး

နေပြည်တော် ဒီဇင်ဘာ  ၃၀

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသရှိကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်၊ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက်ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှစတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ပျက်စီးစေလိုသည့်  ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ  ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး  အဆိုပါဒေသမှ  အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့    ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ် အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ   ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည် ဖိတ်ခေါ်ခြင်း၊   ထိုင်း-မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ဒီဇင်ဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့တွင်   နေထိုင်သူ အမျိုးသား ၂၀၇၆ ဦး၊ အမျိုးသမီး ၂၃၁၂ ဦး၊ စုစုပေါင်း ၄၃၈၈ ဦးတို့သည် ၎င်းတို့နေရပ်သို့   အသီးသီးပြန်လည်ဝင်ရောက်လာကြောင်း သိရှိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များကို ရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁၀၀)