နိုင်ငံတော်တည်ငြိမ်ရေးနှင့် တိုင်းရင်းသားပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်

နိုင်ငံတော်တည်ငြိမ်ရေးနှင့် တိုင်းရင်းသားပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁
    
နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင် နိုင်ရေး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ၊  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူ ထိရောက် စွာ ဆွေးနွေး ဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများအား ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။ 
    
CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မြို့ကြီးအချို့တွင် အကြမ်းဖက်လုပ်ရပ်များနှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုများ ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မန္တလေးမြို့နှင့်စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် အထက်မြန်မာပြည်မြို့ကြီးအချို့တို့တွင် ဖမ်းဆီး ရမိသည့် အကြမ်းဖက်သမားများနှင့် လက်နက်/ခဲယမ်းများသည် KIA အဖွဲ့နှင့် TNLA အဖွဲ့များ ဖြင့် ဆက်နွယ်ပတ်သက်မှုများရှိကြောင်းတွေ့ရှိရသည်။  
    
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ယနေ့အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများ ဆောင် ရွက်ခဲ့ရာ အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများကို အချိန်မီဖော်ထုတ် တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။
    
ယနေ့အထိ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိမှုအနေဖြင့် မန္တလေးမြို့တွင် ၃ ကြိမ်၊ တရားခံ ၆ ဦးနှင့်အတူ Type 81 သေနတ် ၂၀၀ လက်၊ Type 81 စက်သေနတ် ၂၀ လက်၊ K 2 – 5 သေနတ် ၄ လက်၊ M-79 ဗုံးပစ်လောင်ချာ ၁ လက်တို့အား လည်းကောင်း၊ မုံရွာမြို့တွင် ၁ ကြိမ်၊ တရားခံ ၈ ဦးနှင့်အတူ 779 PADING III – S ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက် တို့အား လည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး မန္တလေးမြို့နှင့် အထက်မြန်မာပြည် မြို့ကြီး အချို့မှ ဖမ်းဆီးရရှိမှု စုစုပေါင်း ၁၇ ကြိမ်၊ တရားခံ ၂၀၉ ဦး တို့နှင့်အတူ M-16 သေနတ် ၃ လက်၊ AK-47 သေနတ် ၅ လက်၊ M-22 သေနတ် ၄၀ လက်၊ ပစ္စတိုသေနတ် ၁၇ လက်၊ K-22 သေနတ် ၆၁ လက်၊ K-12 သေနတ် ၄ လက်၊ KA သေနတ် ၄ လက်၊ KO-3 သေနတ် ၁ လက်၊ KA လောင်ချာ ၂ လက်၊ K 2-5 သေနတ် အရှည် ၇၉ လက်၊ K 2-5 ခေါက်ဒင်သေနတ် ၃၆ လက်၊ Type-81 သေနတ် ၂၂၀ လက်၊ Type-81 စက်သေနတ် ၂၀ လက်၊ M-79 LL ၄၀ မမဗုံးပစ်လောင်ချာ ၄၄ လက်၊ 779 PADING III –S ၄၀ မမ ဗုံးပစ်လောင်ချာ ၁၂ လက်အပါအဝင် အခြားလက်နက်ငယ် မျိုးစုံ ၅၄၉ လက်တို့အား လည်းကောင်း ဖမ်းဆီးနိုင်ခဲ့သည်။ 
    
ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများအား စစ်ဆေးဖော်ထုတ်ချက်အရ KIA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူ ၄၃ ဦး၊ TNLA အဖွဲ့တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူ ၃၇ ဦး တွေ့ရှိရပြီး ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းများကိုစိစစ်ရာ Type-81 ရိုင်ဖယ်သေနတ် ၂၂၀ လက်၊ K2-5 သေနတ် အရှည် ၇၉ လက်၊ K-22 သေနတ် ၆၁ လက်၊ K2-5 ခေါက်ဒင်သေနတ် ၃၆ လက်၊ Type-81 စက်သေနတ် ၂၀ လက်၊ K-12 သေနတ် ၄ လက်၊ KA သေနတ် ၄ လက်၊ KO-3 သေနတ် ၁ လက်၊ KA လောင်ချာ ၂ လက်၊ လက်ပစ်ဗုံး ၇၅၉ လုံးတို့မှာ KIA အဖွဲ့မှထုတ်လုပ်သည့် လက်နက်/ခဲယမ်းများဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ 
    
တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်ပါ အချက်များကို တိကျစွာလေးစားလိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင် “နိုင်ငံတော်နှင့် ပြည်သူတို့လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဟူသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒနှင့်အညီ တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိစေရေးအတွက်  ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်ငြိမ်းချမ်းရေး ကို ဦးစားပေးလုပ်ငန်းအဖြစ်ထားရှိ၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် တို့ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။    သို့ဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူမှု စီးပွားထိခိုက်မှုနှင့်အတူ စိတ်နှလုံးထိခိုက်ခံစားနေရသောကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCAအား လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးဆဲ အခြေ အနေ တွင်ဖြစ်စေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် ထိခိုက်စေသော လုပ်ရပ်များအား ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရပ်တန့်ကြရန် တိုက်တွန်းပါသည်။ နိုင်ငံ တော်နှင့်ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးနှင့် လူမှု စီးပွားဘဝပျက်စီး စေသည့် မည်သည့်လုပ်ရပ်မဆို ထပ်မံလုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် လိုအပ်သော လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ