အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးကျော်တံတားပေါ်တွင်လုယက်မှု ဖြစ်စဉ်မှ တရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာလ ၃၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်သည် အင်းစိန်ခုံးတံတားပေါ်၌ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ် ခန့်)အား လုယက်ခံရသည့်ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၀ ဦးတို့အား ငွေကျပ် ၁၆၄ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၂၈၄ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၈၇ ရံ၊ ရွှေဆွဲပြား မျိုးစုံ ၄၄ ပြား၊ ရွှေဟန်းချိန်း ၁၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၆၇ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၂၃ ကွင်း၊ ရွှေကြယ်သီး ၂ ခု၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀ ပြား၊ အငှားယာဉ် ၂ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ဒီဇင်ဘာလ ၃၀ ရက် တွင် သထုံမြို့အဝင် စစ်ဆေးရေးဂိတ်၌ ကုလား(ခ)ဝင်းနိုင်ဦး(၄၀)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ညနေပိုင်းတွင် ဖြူးမြို့နယ်၊ စိုက်တန်းခင်ကျေးရွာ၌ ၎င်း၏ ဇနီးဖြစ်သူ သင်းသင်းဝါ(၃၆)နှစ်အား လည်းကောင်း၊ မုတ္တမမြို့၊ အောင်ပင်လယ် ရပ်ကွက်၌ ၎င်း၏ ညီမ ဖြစ်သူ တင်တင်မိုး (၃၃)နှစ် အား ရွှေလက်စွပ် ၄၁ ကွင်း၊ ရွှေလက်ကောက် ၁၁ ကွင်း၊ ရွှေ ဟန်းချိန်း ၈ ခု၊ ပုလဲ/ ရွှေဟန်းချိန်း ၁ ခု၊ ကျောက်စိမ်း/ရွှေဟန်းချိန်း ၁ ခု၊ ရွှေလော့ကတ်သီး ၇၆ ခု၊ ရွှေဆွဲကြိုး ၁၉ ကုံး၊ နားကပ် ၁ ရံ၊ ငွေစက္ကူရောရာ သိန်း ၁၇၀ ကျပ်တို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကုလား(ခ)ဝင်းနိုင်ဦး ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၁၉ ရက်တွင် နေဇော်၊ ဇော်လင်း၊ မှတ်ကြီး၊ ချိုဦး တို့သည် Probox အဖြူရောင်ယာဉ်ဖြင့် ၎င်းထံ ရောက်ရှိ လာပြီး အင်းစိန်ခုံးတံတားပေါ်တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်တစ်စီးအား လုယက်ရန် အစီအစဉ်ရှိကြောင်းနှင့် အကျိုးအမြတ်အား ရရှိသည့် အခြေအနေအပေါ် မူတည်၍ ခွဲဝေပေးမည်ဖြစ်ကြောင်း ပြောကြားရာ သဘောတူလက်ခံခဲ့ပြီး အင်းစိန်ခုံးတံတား အလယ်သို့ သွားရောက်၍ ကြိုတင်စောင့်ဆိုင်းခဲ့ကာ အင်းစိန်မြို့နယ်ဘက်မှ လှိုင်သာယာမြို့နယ် ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ရွှေထည်ပစ္စည်းများအား လုယက်ခဲ့ကြောင်း နှင့် နေဇော် မှ ရွှေထည်ပစ္စည်းအချို့အား ၎င်းထံခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ကုလား(ခ)ဝင်းနိုင်ဦး ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၀ ရက်တွင် ဇနီးဖြစ်သူ သင်းသင်းဝါနှင့်အတူ မုတ္တမမြို့ရှိ ညီမဖြစ်သူ တင်တင်မိုး ထံ သွားရောက်တိမ်းရှောင် ခဲ့ကြောင်း၊ ခွဲဝေရရှိသော ရွှေထည်ပစ္စည်းအချို့အား ဇနီးဖြစ်သူနှင့်အတူ မော်လမြိုင်မြို့၊ မြိုင်ရတနာ လေးထပ်စျေးအပေါ်ထပ်၌ သွားရောက်ရောင်းချခဲ့ရာ ၁၇၅ သိန်းခန့် ရရှိခဲ့ကြောင်းနှင့် ရရှိသော ငွေကြေး၊ ရွှေထည်ပစ္စည်းများအား ညီမဖြစ်သူ တင်တင်မိုး ထံ အပ်နှံထားရှိကာ ဇနီး၏ မိတ်ဆွေ ဖြစ်သူ နေထိုင်သည့် ကညွတ်ကွင်းမြို့သို့ သွားရောက်တိမ်းရှောင် နေထိုင်ခဲ့ကြောင်းနှင့် ညီမ ဖြစ်သူ တင်တင်မိုး ထံ အပ်နှံထားသည့် ရွှေထည်ပစ္စည်းနှင့် ငွေသားများအား ယူဆောင်ရန် ထွက်ခွာလာစဉ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေး ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။