နောဝှစ်ချ်အသင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ကစားသမား အင်အားလုံလောက်မှု မရှိသည့်အတွက် လက်စတာအသင်းနှင့် ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အတည်ပြု

နောဝှစ်ချ်အသင်းမှ ကစားသမားများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေပြီး  ကစားသမား အင်အားလုံလောက်မှုမရှိသည့်အတွက် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်    လက်စတာအသင်းနှင့်နောဝှစ်ချ်အသင်းတို့ကစားမည့်ပွဲစဉ်ကို   ရွှေ့ဆိုင်းခဲ့ကြောင်း    သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌  ယခုလဆန်းပိုင်းမှစတင် ကာ ပြိုင်ပွဲဝင်အသင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ ထိန်းချုပ် နိုင်ခြင်းမရှိဘဲ   ကူးစက်မှု ဆက်လက်မြင့်တက်နေ သည့်အတွက် ပွဲစဉ်အများအပြား ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

နောဝှစ်ချ်အသင်းသည် ဒီဇင်ဘာ ၃၀ ရက်က အသင်း လေ့ကျင့်မှုမပြုလုပ်မီ ကစားသမားများကို ဆေးစစ်မှု ပြုလုပ်ရာ ရောဂါဖြစ်ပွားသည့် ကစားသမား အများစုထွက်ပေါ်ခဲ့ပြီး   ကစားသမား အင်အားမလုံလောက် သည့်အတွက်  အသင်းလေ့ကျင့်ခန်း အစီအစဉ်များပင် မပြုလုပ်နိုင်သောကြောင့် ပွဲစဉ်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကလည်း နောဝှစ်ချ်အသင်းတွင် အဓိက ကစား သမား ၁၄ ဦး မရှိသည့်အတွက် ပွဲစဉ်ရွှေ့ဆိုင်းပေးရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ယခုအခါနောဝှစ်အသင်းအတွက် ဒုတိယမြောက်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး လက်စတာအသင်းအတွက် တတိယမြောက်ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။   

Ref;Sky Sports