လူတစ်ဦးတစ်ယောက်၏ မွေးနေ့ရောက်တိုင်း မိဘဆွေမျိုးမိတ်သင်္ဂဟများက မွေးနေ့ဆုတောင်း ပေးကြသည်။မွေးနေ့ဆုတောင်းတိုင်းတွင် တူညီသောအချက်မှာ ကျန်းမာချမ်းသာပါစေဟူသော စကားဖြစ်သည်။ ကျန်းမာမှအသက်ရှည်ရှည်နေထိုင်နိုင်မည်။ မကျန်းမာလျှင် အရွယ်မတိုင်မီ ကြွေလွင့်တတ်သည်။ အသက်ရှည်ရှည်နေထိုင်ရန်မှာ မိမိ၏ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ရပေမည်။ အသက်ဉာဏ်စောင့်ဟူသောစကားရှိသည်။ မိမိ၏ဉာဏ်ဖြင့် အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။
လူတိုင်းသည် စားဝတ်နေရေးအတွက် စီးပွားဥစ္စာရှာဖွေနေကြရသည်။ စီးပွားဥစ္စာဟူသည်မှာ ရှာဖွေစုဆောင်းသင့်သည်မှန်သော်လည်း ရှာဖွေတိုင်း၊ စုဆောင်းတိုင်းရတတ်သည်မဟုတ်ပါ။ ကုသိုလ်ကံအကျိုးပေးမှ စီးပွားတိုးတက်ပါသည်။ ကံအကျိုးမပေးလျှင် မည်သို့ပင်ကြိုးစားရှာဖွေ နေသော်လည်း ရချင်မှရပါလိမ့်မည်။ ဗုဒ္ဓဘာသာတရားတော်အရဆိုလျှင် အတိတ်ကံကောင်း လျှင် လက်ရှိမျက်မှောက်ဘဝတွင် စီးပွားဖြစ်ထွန်းတိုးတက်ပြီး ချမ်းသာပါလိမ့်မည်။ ထို့ကြောင့် လည်း ဥစ္စာကံစောင့်ဟုဆိုထားခြင်းဖြစ်သည်။
မြန်မာစကားပုံတွင် ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဟုဆိုထားခြင်းမှာ အလွန်မှန်ကန်လှပေ သည်။ လောကတွင် ပစ္စည်းဥစ္စာတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းသည် ကံတရားပေါ်တွင်မူတည် သည်။ ဘဝပေါင်းများစွာက အလှူရေစက် လက်နှင့်မကွာ ပေးကမ်းလှူဒါန်းခဲ့ဖူးသူသည် ယခု မျက်မှောက်တွင် စီးပွားဥစ္စာဖြစ်ထွန်းသည်။ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လျှင်လည်း အရှုံး နည်းနည်း အမြတ်များများရတတ်သည်။ ကုသိုလ်ကံအကျိုးပေးကောင်းခြင်း၊ မကောင်းခြင်း သည် မိမိ၏ကံတရားနှင့်ဆိုင်သည်။ မိမိမလှူနိုင်သော်လည်း သူတစ်ပါးလှူဒါန်းသည်ကို ဝမ်းမြောက်ပီတိဖြစ်ကာ သာဓုခေါ်ခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်။ ကောင်းတာလုပ် လျှင်ကောင်းတာ ဖြစ်ရပေမည်။
လူတိုင်းသည် အသက်ရှည်စွာ၊ အနာမဲ့ကင်း၊ ကောင်းခြင်းတွေပြည့်စုံကာ နေလိုကြသည်။ လူ့ဘဝလူဖြစ်ရခြင်းသည် အလွန်ရခဲသည်ဟု မြတ်စွာဘုရားရှင်ဟောတော်မူသည်။ ရတောင့်ရခဲ သောလူ့ဘ၀ လူ့အသက်ကိုနှစ်ကာလရှည်ကြာစွာနေနိုင်ရန်မှာ ဉာဏ်သည်အရေးကြီးလှသည်။ ဉာဏ်ဟုဆိုရာတွင် အကောင်းအဆိုး၊အကြောင်းအကျိုး စသည်ကို ချင့်ချိန်ဝေဖန်ပိုင်းခြားနိုင် ခြင်းကိုဆိုလိုသည်။ အသွားအလာ၊ အနေအထိုင်၊အစားအသောက် စသည့်အမှုကိစ္စများတွင် မိမိတို့ဉာဏ်နှင့်ယှဉ်၍ ပြုမူတတ်ရန်လိုပေသည်။ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ သွားချင်ရာသွား၊ စားချင်ရာစား၊ နေချင်ရာနေမည်ဆိုပါလျှင် ဘေးဥပဒ်တွေ့နိုင်သည်။ ကျန်းမာရေးကိုထိခိုက်မည်။
အသက်ရှည်စွာနေထိုင်ရန်အတွက် အလိုအပ်ဆုံးမှာ ကျန်းမာရေးကောင်းမွန်ခြင်းဖြစ်သည်။ နည်းပညာမြင့်မားတိုးတက်လာသော ယနေ့ခေတ်ကြီးတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ကိုရှာဖွေလျှင် ရှာဖွေနိုင်သလောက် မဆုံးနိုင်အောင်တွေ့မြင်ရမည်ဖြစ်သည်။ ဆေးလိပ် သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်သည်ဆိုလျှင် ဆေးလိပ်မသောက်ဘဲနေလိုက်ပါ။ ထို့အတူ အရက်ကိုလွန်လွန်ကျွံကျွံသောက်ခြင်းသည် အသည်းကင်ဆာဖြစ်နိုင်သည်ဆိုလျှင် အရက်ကိုဖြတ်လိုက်ပါ။ မိမိကိုယ်ခန္ဓာမှာ ဝသင့်သည်ထက်ပိုမိုဝဖြိုးနေလျှင် အဆီလျှော့စား လိုက်ပါ။ သွေးတိုးရောဂါရှိလျှင်အငန်ကိုလျှော့စားလိုက်ပါ စသည်ဖြင့် ကျန်းမာရေးဆိုင်ရာများကို မိမိဉာဏ်နှင့်ဆင်ခြင်၍လိုက်နာခြင်းသည် အသက်ဉာဏ်စောင့်ခြင်းဖြစ်သည်။
လူတိုင်းအတွက် အသက်ကိုဉာဏ်စောင့်သည်ဟူသောစကားမှာ ယနေ့အချိန်အခါနှင့် ကိုက်ညီ လွန်းလှသည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှပေါ်ပေါက်ကာ တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ရာမှ မြန်မာနိုင်ငံ သို့ပင်ရောက်ရှိလာသည့် COVID-19 ရောဂါကူးစက်မခံရရေးမှာ ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ဉာဏ် နှင့်သာသက်ဆိုင်သည်။ ကိုရိုနာဗိုင်းရပ်ပိုးသည် လေထဲတွင်ရှင်သန်နေပြီး ကူးစက်မြန်လွန်း သည်။ အရာဝတ္ထုတို့တွင် တွယ်ကပ်နေတတ်သည်။ ထို့ကြောင့် နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းတို့သည် မဖြစ်မနေလုပ်ရမည့်အလုပ်ဖြစ်သည်။
COVID-19 ရောဂါကူးစက်မှုသည် မြင့်မားလျက်ရှိသဖြင့် မိမိကိုယ်ကိုကာကွယ်ခြင်းသာလျှင် အကောင်းဆုံးဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် တိုက် တွန်းချက်၊ တားမြစ်ချက်များကို လိုက်နာခြင်းဖြင့်လည်း ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်မည် ဖြစ်သည်။ တပ်မတော်သည် ပြည်သူတစ်ရပ်လုံးအတွက် COVID-19 ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် လည်း မိမိတို့၏ကျန်းမာရေးကို မိမိတို့၏ဉာဏ်ဖြင့်သာ ဆင်ခြင်ဆုံးဖြတ်စေလိုသည်။ စီးပွားဥစ္စာ ဆုံးရှုံးလျှင် ပြန်လည်ရှာဖွေ၍ရနိုင်ပါသေးသည်။ အသက်ဆုံးရှုံးလျှင်ကား မည်သို့မျှပြန်လည် မရရှိနိုင်တော့ပါ။ ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်စကားနှင့်အညီ ပြုမူနေထိုင်ကြပါရန် ရေးသားလိုက်ရပေသည်။