လွတ်လပ်ရေးထာဝစဉ် တည်တံ့ခိုင်မြဲရေး

လွတ်လပ်ရေးထာဝစဉ် တည်တံ့ခိုင်မြဲရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ  ၂  ရက်)

မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်များကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှာ နှေးကွေးနေခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ထိုနှစ်မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်ဆောင်ကာ နိုင်ငံတော်အစိုးရကို စတင်ပုန်ကန်ခဲ့သည်။ အလားတူ အခြားသော တိုင်းရင်းသားအချို့သည်လည်း လက်နက်စွဲကိုင် ပုန်ကန်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရာတွင် ၎င်းတို့အသုံးပြုခဲ့သော လက်နက်ခဲယမ်းများ စနစ်ကျစွာ လွှဲပြောင်းပေးခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ထို့ကြောင့် အစိုးရကိုမလိုလားသော ပါတီစွဲ၊ လူမျိုးစွဲရှိသူတို့သည် လက်နက်ကို အလွယ်တကူ ကိုင်ဆောင်နိုင်ခဲ့ကြသည်။

တပ်မတော်၏သမိုင်းကြောင်း ပြန်ပြောင်းကြည့်မည်ဆိုလျှင် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပေါ်ပေါက်လာခဲ့သော တပ်မတော်သည် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ထိုလွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးရသည်။ အဆိုးဆုံးအခြေအနေမှာ လွတ်လပ်ရေး ရပြီးကာလမှ ၁၉၆ဝ ပြည့်နှစ် ကာလများဖြစ်သည်။ ထိုအချိန်က ရန်ကုန်မြို့ကွက်ကွက်ကလေးသာ အစိုးရအာဏာ တည်တံ့နေပြီး အစိုးရအဖွဲ့ ကိုယ်တိုင်ကပင် အိန္ဒိယနိုင်ငံသို့ စစ်ပြေးရှောင်ရန် ကြံရွယ်ထားပြီးဖြစ်သည်။ ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် ရှေ့တန်းစစ်မြေပြင်မှာ ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲကာ ပြည်တွင်းသောင်းကျန်းမှု အရှိန်လျော့ကျအောင် တိုက်ပွဲဝင်ပေးနိုင်ခဲ့သည်။ ထိုစဉ်က တပ်မတော်သားတို့၏ ဂုဏ်ကျေးဇူးများသည် လွတ်လပ်ရေးနေ့သို့ ရောက်လေတိုင်း ပိုမိုအောက်မေ့သတိရကာ သြော်...သူတို့ကြောင့် တို့နိုင်ငံတော်ကြီး လွတ်လပ်ရေး ပြန်လည်မဆုံးရှုံးခဲ့ပါကလားဟူ၍ ကျေးဇူးတင်မိပါသည်။

တပ်မတော်သည် ပြည်တွင်းဆူပူသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုတို့ကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် ကာကွယ်တိုက်ဖျက်နိုင်ခဲ့သည်။ လွယ်လွယ်ကူကူ အောင်မြင်ခဲ့သည် မဟုတ်ပေ။ တပ်မတော်သားတို့၏ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက် ကျန်သည်အထိတိုက်ရဲသည့် စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်း ရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဟူသော တိုက်ပွဲဝင်စိတ်ဖြင့် တိုက်ခိုက်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်လာသူတိုင်းသည် လစာငွေကြေးနှင့် အခွင့်အရေးကို မျှော်ကိုး၍ ဝင်လာသူများ မဟုတ်သည်မှာ ထင်ရှားလှသည်။

ထို့ကြောင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကြီးနေဝင်းက ''နယ်စွန်နယ်ဖျားမှာ ကျွန်တော်တို့တပ်က ကလေးတွေဟာ အင်မတန် ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရတယ်။ အသက်ကိုရင်းပြီးတော့ အလုပ်လုပ်နေရတယ်။

ဒီအသက်ကိုရင်းပြီး အလုပ်လုပ်တယ်ဆိုတဲ့ဥစ္စာဟာ ဝမ်းရေးတစ်ခုတည်းအနေနဲ့တော့ ကျွန်တော်တို့ လုပ်နေတာမဟုတ်ဘူး။ တိုင်းပြည်အတွက်ကို အနစ်နာခံရမယ်။ အသေခံရမယ်။ ဒီလိုမှ မလုပ်လို့ရှိရင် တိုင်းပြည်အတွက် ကွက်ပြီးတော့ စွန့်စွန့်စားစားလုပ်မယ့်သူ မရှိရင် တိုင်းပြည်ခွေးပြန်ဖြစ်မှာပဲ။ ကျွန်ပြန်ဖြစ်မှာပဲ အဲဒါကြောင့်မို့လို့ လုပ်နေကြရတာ'' ဟူ၍ ၁၉၆၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဤသည်မှာ ယနေ့တိုင်မှန်ကန်နေသော တပ်မတော်သားတို့၏ ခံယူချက်ဖြစ်သည်။ တပ်မတော်သားတို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည်မှာ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော စိတ်အရင်းခံဖြင့် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကာလများတွင် ကျစ်လျစ်ခိုင်မာ စုစည်းညီညွတ်သော တပ်မတော် တစ်ရပ်ရှိနေခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးသည် ယနေ့တိုင်တည်တံ့ ခိုင်မြဲနေခြင်းဖြစ်သည်။ လွတ်လပ်ရေး ဆိုသည်မှာ အမှုမဲ့အမှတ်မဲ့ နေသာသလိုနေသွားလျှင် တစ်ခဏလေးနှင့် ဆုံးရှုံးသွားနိုင်သည်။ တိုးတက်နေသောယနေ့အချိန်အခါတွင် လွတ်လပ်ရေးဆုံးရှုံးရန် ဖန်တီးနေသော အကြောင်းအရာများသည် များပြားလှသည်။

အတိတ်ကာလများကဲ့သို့ ခက်ခက်ခဲခဲစစ်ပွဲ ဆင်နွှဲနေရန် မလိုသောနည်းလမ်းကို ရွေးချယ်သုံးစွဲလာကြသဖြင့် အထူးသတိထားရန် လိုအပ်လှပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ခိုင်မာစွာတည်ရှိနေသော တပ်မတော်ပြိုကွဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်မည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင် ဖန်တီးထားမည်ဆိုပါလျှင် ထိုနိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးနေသည်နှင့် မခြားတော့ပေ။

ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂ဝ၂၁)တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးအတွက် ငြိမ်းချမ်းရေးကို အဓိက ဦးစားပေး ဆောင်ရွက်လျက် ရှိခြင်းနှင့်ပတ်သက်၍ ''ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် အမြဲတမ်းဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိမည်ဟု မျှော်လင့်ကြောင်း'' ပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တိုင်းရင်းသား အားလုံး စည်းလုံးချစ်ခင်စွာ တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက လွတ်လပ်ရေးသည် ထာဝစဉ်တည်တံ့ ခိုင်မြဲနေမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။