YBS ယာဉ်များ၌ ကြော်ငြာများကပ်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းမရှိပါက အရေးယူမည်

 

YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်များ၌ ကြော်ငြာကပ်ရာတွင် သတ်မှတ်ထားသည့်  စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းမရှိပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)မှ သိရသည်။ YBS ယာဉ်များအနေဖြင့် မော်တော်ယာဉ်များတွင် ကြော်ငြာများကပ်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ သတ်မှတ်ချက်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပါ  ကြော်ငြာ ကပ်ခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

“ကြော်ငြာခြင်းနဲ့ပတ်သက်ရင် ကားတွေနဲ့ပတ်သက်လို့ မှတ်ပုံတင်ထားတဲ့အရာတွေ၊ ယာဉ်ကိုယ်ထည်တွေပြင်မယ်ဆိုရင် မော်တော်ယာဉ်ဥပဒေရဲ့ပြဋ္ဌာန်းချက်နဲ့ နောက်ပြီး ၂၀၁၈ ခုနှစ်ကထုတ်တဲ့ စည်ပင်သာယာရေး ကော်မတီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေကို   လိုက်နာရမယ်။ ယာဉ်တစ်စီးပျက်ကွက်ရင်၊ လုပ်ပိုင်ခွင့်ထက်ကျော်လုပ်ရင် အစိုးရကိုတင်ပြပြီး အရေးယူသွားမယ်”ဟု YRTA မှ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ ယင်းကဲ့သို့ဆောင်ရွက်ရန် YBS ယာဉ်များပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း ကုမ္ပဏီများနှင့် ပုဂ္ဂလိကကြီးကြပ်ယာဉ်လိုင်းအဖွဲ့များသို့ အသိပေးအကြောင်းကြားထားပြီး ဖြစ်သည်။

ထို့ကြောင့် ထုတ်ပြန်ထားသည့်စည်း ကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက YRTA မှ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရ ခြင်းသည် အများပြည်သူနှင့် သက်ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းဖြစ်သောကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကို