တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ အွန်လိုင်းနှင့် Face to Face သင်တန်းများမဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၏ ပြောကြားချက်အရ သိရသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်များအနေဖြင့် မဖြစ်မနေ အစည်းအဝေးများပြုလုပ်ရမည်ဆိုပါက Video Conferencing စနစ်ဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး တခြားသင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခွင့် မပြုထားကြောင်း သိရသည်။ လက်ရှိတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများအတွက် အွန်လိုင်းသင်တန်းများဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ဖွံ့ဖြိုးရေး ကိစ္စများ အတွက် အစည်းအဝေးကျင်းပခြင်းတို့ကို အွန်လိုင်းစနစ်ဖြင့် ပြုလုပ်လျက်ရှိသည်။
“သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေကို သင်တန်းတွေမဖွင့်လှစ်ဖို့ ညွှန်ကြားထား ပါတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်အောင် စီစဉ်ဆောင်ရွက်နေတာပါ။ နိုင်ငံတော်အစိုးရက COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး လူစုလူဝေး မပြုလုပ်ဖို့ အမိန့်၊ ညွှန်ကြားချက်တွေကို စက်တင်ဘာလကုန်အထိ တိုးမြှင့်ထားပါတယ်။ ဒီအတွက် ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေပါတယ်။ ပြန်လည်ဖွင့်လှစ်ရင် ကြိုတင်ကြေညာချက်ထုတ်ပြန်ပေးမှာပါ”ဟု ဒေါက်တာသိန်းဝင်းကပြောသည်။
ယင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ဖွင့်လှစ်ထားသည့် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသောသင်တန်းများ၏ သင်ကြားရေး၊ လက်တွေ့ကွင်းဆင်းခြင်း စသည့် ကိစ္စများကို Face to Face သော်လည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်သော်လည်းကောင်း လုံးဝဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
စိုးမိုး