ဝါးခမောက်ရက်လုပ်ငန်းလုပ်ကိုင်သူများ မိသားစုပုံမှန်ဝင်ငွေရရှိ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ခပ်ချိုကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် တောင်သူ လယ်ယာလုပ်ငန်းအပြင် မိရိုးဖလာဝါးနှီးအသုံးပြု၍ ရက်လုပ်သော ခမောက်ရက် လုပ်ငန်းကို တစ်ပိုင်တစ်နိုင်ပြုလုပ်လျက်ရှိရာ မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက် ရှိကြောင်း သိရသည်။

“ခမောက်တစ်ချပ် ရက်လုပ်ဖို့ဆိုရင် တင်းဝါးတစ်လုံးကို ငွေကျပ် ၅၀၀ နဲ့ဝယ်ပြီး အရင်ဆုံး ရေစိမ်ရပါတယ်။ ရေစိမ်ပြီးရင်နှီးဖြာရပါတယ်။ ဖြာပြီးတဲ့နှီးကို ခမောက်ရက်ရပါတယ်။ နှီးဖြာ ပြီးသားဆိုရင်တော့တစ်ရက်ကို တစ်ချပ်ရပါတယ်။ နှီးဖြာပြီးသားမရှိရင်တော့ နှစ်ရက်မှ တစ်ချပ်ရပါတယ်။ ခမောက်ကတော့ အစောက်၊ အပြန့်ဆိုပြီး နှစ်မျိုးရက်ပါတယ်။ ရက်ပြီးသား ခမောက်တွေကိုတော့ အိမ်မှာတင် တစ်ချပ်ကိုငွေကျပ် ၅၀၀ မှ ၁၃၀၀ အထိ ရောင်းရပါတယ်။ အခုလို အိမ်မှာတင် တစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်နေရတဲ့ မိသားစု အတွက် အဆင်ပြေပါတယ်”ဟု ခပ်ချိုကျေးရွာမှ ခမောက်ရက်လုပ်သူ မသန္တာဌေးက ပြောသည်။

“ကျွန်မကတော့ ကျေးရွာမှရက်လုပ်တဲ့ ခမောက်ကုန်ကြမ်းတွေကို ဝယ်တယ်။ ဝယ်ပြီးသား ခမောက်တွေကို ဆေးသုတ်၊ ဆေးခြယ်ပြုလုပ်ပြီးတော့ တစ်ဆင့်ပြန်ရောင်းတဲ့လုပ်ငန်းကို လုပ်ပါတယ်။ ခမောက်အချပ်၁၀၀ စီတန်းပြီးတော့ နန့်စီးအောင်၊ မော်လူး၊ကသာ၊ မိုးညှင်း၊   မြစ်ကြီးနား၊ ဟိုပင် အစရှိတဲ့မြို့တွေကိုပို့ပါတယ်။ ခမောက်ရေအချပ် ၁၀၀ တန်းကို ငွေကျပ် ၁၀၀၀၀ လောက် ကိုယ့်အတွက် ကျန်ပါတယ်။ အခုအချိန်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ပို့ရတဲ့နေရာမှာ နည်းနည်းတော့ အခက်အခဲရှိပါတယ်”ဟု ခပ်ချိုကျေးရွာမှ တစ်ပိုင်တစ်နိုင်  ခမောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်ရီစိန်ကပြောသည်။

ခပ်ချိုကျေးရွာ၌ အိမ်ခြေ ၉၄ အိမ်၊ လူဦးရေ ၄၇၀ ကျော်နေထိုင်လျက်ရှိပြီး ခမောက်ရက် လုပ်ငန်း၊ ဖျာရက်လုပ်ငန်း စသည့်လုပ်ငန်းများကို တစ်ရွာလုံးနီးပါး တစ်ပိုင်တစ်နိုင် လုပ်ကိုင်၍   မိသားစုပုံမှန်ဝင်ငွေရရှိအောင် ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။

ကျော်မြိုင်