ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်ဦးတရားအလှူတော် တတိယနေ့ တရားပွဲနှင့် တရားသိမ်းအောင်ပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ - ၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် နှစ်ဦးတရားအလှူတော် ဓမ္မပူဇာ တတိယနေ့တရားပွဲကို ဇန်နဝါရီ ၃ ရက် ညပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနနာယက ဆရာတော်၊ စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်(သ.စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ) အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူ ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာနနာယကဆရာတော် ထံမှ သနန္တနဓမ္မတရားတော်အား နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဓမ္မပူဇာတရားအလှူ တော်ငွေများအား တိုင်းဒေသကြီး သာသနာရေးမှူး ဦးထွန်းမြင့်ဦး ထံ ပေးအပ်လှူဒါန်း သည်။
ဆက်လက်၍ နှစ်ဦးတရားအလှူတော် အောင်မြင်ခြင်း တရားသိမ်းအောင်ပွဲ အလှူ တော် ရေစက်ချအခမ်းအနားကို ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဉက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ကြီး ၏ ဦးစီးပဓာနနာယက ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဟောကြားသော ရေစက်ချတရားတော်ကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဆရာတော်ကြီး၏ဓမ္မပူဇာတရားအလှူတော်ငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး သာသနာရေးမှူး ဦးထွန်းမြင့်ဦး ထံ ပေးအပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ သိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။