ရွှေဘိုမြို့နယ်၊ ခရိုင်ပညာရေးမှူးရုံးနှင့် ထန်တလန်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် 

ရွှေဘိုမြို့နယ်၊ ခရိုင်ပညာရေးမှူးရုံးနှင့် ထန်တလန်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် 

နေပြည်တော်၊ ဇန်နဝါရီ ၄
    
မြို့နယ်အချို့ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ခရိုင်ပညာရေးမှူးရုံးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ကာ လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းဝင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူ အမျိုးသား ၂ ဦးမှာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ထိတွေမှုဖြစ်စဉ်အတွင်း ခရိုင်ပညာရေးမှူးရုံး၏ နောက်ကျောဘက်ရှိ မှန် ၉ ချပ်ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
    
အလားတူ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက် နေစဉ် အမှတ်(၂)ရပ်ကွက်အရောက်တွင် CDF အကြမ်းဖက်အဖွဲ့ အင်အား ၂၅ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၅ မိနစ်အကြာတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှု ဖြစ်စဉ်အတွင်း အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးသေဆုံး၍ ၎င်းအနီးမှ BA-63 သေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါအကြမ်းဖက် အဖွဲ့များ ဆုတ်ခွာထွက်ပြေးစဉ် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် လူနေအိမ် ၁၃ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
    
ထိုကဲ့သို့ ခရိုင်ပညာရေးမှူးရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။