၂ဝ၂၁ အာရှတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို စပါးအသင်းနှင့် တောင်ကိုရီးယား အသင်း တိုက်စစ်မှူး ဆွန်ယောင်မင်က ငါးနှစ်ဆက်ရရှိ
အာရှဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့် ပေးအပ်သည့် ၂ဝ၂၁ ခုနှစ် အာရှတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို တောင်ကိုရီးယား အသင်းနှင့် စပါးအသင်းတိုက်စစ်မှူး ဆွန်ယောင်မင်က ငါးနှစ်ဆက်ရရှိခဲ့ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် ဆွန်ယောင်မင်သည် ၂ဝ၁၅ ခုနှစ်က လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ပထမဆုံး ဘောလုံးရာသီတွင် ပွဲစဉ်အနည်းငယ်သာ ပါဝင် ကစားခွင့်ရရှိခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီမှစတင်ကာ ခြေစွမ်းပြကစားနိုင်ပြီးနောက် အသင်းအဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။
ဆွန်ယောင်မင်သည် နောက်ပိုင်း ဘောလုံးရာသီ တိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ထိပ်တန်းကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သကဲ့သို့ တောင်ကိုရီးယား အသင်းတွင်လည်း အကောင်းဆုံး ခြေစွမ်းပြသနိုင် ပြီး ၂ဝ၁၇ ခုနှစ်မှစ၍ အာရှတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ဝ၂၁ ခုနှစ်အထိ ငါးနှစ်ဆက်ရရှိခြင်းဖြစ်သည်။
ဆွန်ယောင်မင်သည် နောက်ပိုင်းဘောလုံး ရာသီများတွင် စပါးအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနိုင်ပြီးနောက် ဥရောပထိပ်တန်း တိုက်စစ်မှူးတစ်ဦး ဖြစ်သည့် အသင်းဖော် ဟယ်ရီကိန်းနှင့် အကောင်းဆုံး တွဲဖက်နိုင်ခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီက ၁၇ဂိုးအထိ သွင်းယူနိုင်ပြီး ၁ဝ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ကာ ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမားစာရင်း၌ ပါဝင်လာပြီး ယခုဘောလုံး ရာသီတွင်လည်း ၁၇ ပွဲကစားအပြီး ရှစ်ဂိုးအထိ သွင်းယူနိုင်ကာ အသင်းဖော်ဟယ်ရီကိန်းထက်ပင် စွမ်းဆောင်ရည်ကောင်းများ ပိုင်ဆိုင်ထားကြောင်း သိရသည်။