ချင်းပြည်နယ် ဟားခါးမြို့ ချင်းရိုးရာအိမ်၌ နှစ် ၁၀၀ သက်တမ်းရှိသည့် ချင်းရိုးရာ ယဉ်ကျေးမှု အမွေအနှစ် အသုံးအဆောင်များကို လေ့လာနိုင်ရန် ပြသထားကြောင်း ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဖြိုး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအသုံးအဆောင်များသည် ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့်ပစ္စည်းများ၊ သမိုင်း မှတ်တမ်းဓာတ်ပုံများ၊ ရှားပါးတိရစ္ဆာန်များ၏ ဦးချိုများနှင့် ချင်းရိုးရာတူရိယာများကို နှစ်ပေါင်း ၃၀ ကြာ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ ဟားခါးမြို့၌ ရိုးရာပစ္စည်းများကို ထိန်းသိမ်းထားခြင်း၊ မင်းတပ်မြို့၌လည်း စော်ဘွားမျိုးနွယ်များ၏ နေအိမ်များနှင့်နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိသည့် ရိုးရာပစ္စည်းများကို ပြသထားကြောင်း သိရသည်။
“ချင်းပြည်နယ်မှာ ရိုးရာယဉ်ကျေးမှု လေ့လာစရာနေရာတွေ အများကြီးရှိပါတယ်။ ဘိုးဘွားပိုင်ပစ္စည်းတွေ စုဆောင်းတာရှိသလို တချို့ကျတော့လည်း စော်ဘွားတွေနေထိုင်ခဲ့တဲ့ အိမ်တွေရှိတယ်။ သူတို့ရဲ့ သမိုင်းကြောင်းတွေ လေ့လာဖို့ရှိပါတယ်။ ချင်းပြည်နယ်မှာ COVID-19 ရောဂါကာလအလွန်မှာ ခရီးသွားမြှင့်တင်ရေး အစီအစဉ်တွေ ပြန်လည်ရေးဆွဲပြီး ဆွဲဆောင်နိုင်ဖို့လည်း စီစဉ်ထားပါတယ်” ဟု ဦးအောင်ဖြိုးကပြောသည်။
ဟားခါးမြို့၌ ချင်းရိုးရာပြတိုက်အိမ်၊ ကန်ပက်လက်မြို့၌ ပြခန်းနှင့် ရိုးရာဆိုင်ခန်းများရှိပြီး မင်းတပ်မြို့၌ နှစ်ပေါင်းရာချီရှိသည့် ရိုးရာပစ္စည်းများစုထားသော ပြခန်းနှင့် ဆိုဖားမြို့ရှိ စော်ဘွားအိမ်ဟောင်းများကိုလည်း လေ့လာနိုင်ကြောင်းသိရသည်။ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ် စောင့်ရှောက်ရေးအတွက် တွန်းအားပေး ဆောင်ရွက်နေကြောင်း သိရသည်။
ဆုလာဘ်