လေကြောင်းစွမ်းအား တိုးမြှင့်ထား

ယနေ့မျက်မှောက်ခေတ်စစ်ပွဲများကို ကြည့်မည်ဆိုလျှင်   လေကြောင်းစွမ်းအား၏ အရေးပါမှုကို ထင်ရှားစွာတွေ့မြင်နေရသည်။ လေကြောင်းနှင့် အာကာသကိုစိုးမိုးနိုင်ရေးကို နိုင်ငံတိုင်းက ကြိုးစားလျက်ရှိရာ မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံ၏မြေပြင်၊ ဝေဟင်နှင့်ပင်လယ်ပြင်များ စိုးမိုးနိုင်ရေးကို ကြိုးစားလျက်ရှိပါသည်။ တပ်မတော်ကိုအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ တပ်မတော် တစ်ရပ်ဖြစ်အောင် တည်ဆောက်ရာတွင် တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဝယ်ယူ ဖြည့်တင်းခြင်းများ ဆောင်ရွက် ပေးသည့်အပြင် သယ်ယူပို့ဆောင်ရေးလေယာဉ်/ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များလည်း ဝယ်ယူဖြည့်တင်း နိုင်ခဲ့သည်မှာ မြန်မာ့ဝေဟင်ပိုင်နက်စိုးမိုးရေးကို အဆင့်မြှင့်တင်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။

တပ်မတော်(လေ)အနေဖြင့် လေကြောင်းစစ်ဆင်မှုပြုလုပ်ခြင်းများ၊ မြေပြင်/ရေပြင်တပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်မှုများ၊ လေကြောင်းထောက်ပံ့မှုများ၊ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့မှုများ ကြောင့် အောင်မြင်မှုများစွာ ရှိခဲ့သည်ကို ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှု ချေမှုန်းရေးစစ်ပွဲ များတွင် တွေ့ရှိခဲ့ရပြီး ဖြစ်သည်။ တပ်မတော်(လေ)၏(၇၄)နှစ်မြောက်နှစ်ပတ်လည်နေ့ လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပျံသန်းသရုပ်ပြမှုများကို တွေ့မြင်ရသည်။ ထိုပျံသန်းသရုပ်ပြပွဲတွင် တပ်မတော်(လေ)မှ သုတေသနပြု ထုတ်လုပ်ထားသော  MTX-IA အမောင်းသင် လေယာဉ်တစ်စင်း၊   H-120 ရဟတ်ယာဉ်နှစ်စင်းတို့ကို တွေ့မြင်ရသည်။ တပ်မတော်(လေ)အနေဖြင့် သုတေသနပြု ထုတ်လုပ်မှုမှာ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

တပ်မတော်(လေ)၏ဖွဲ့စည်း တည်ထောင်မှု(၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားရာတွင် တပ်မတော်(လေ)အနေဖြင့် စွမ်းရည်မြင့်မားစွာ လှုပ်ရှားစစ်ဆင်နိုင်ပြီး နိုင်ငံတော်၏ ဝေဟင်ပိုင်နက်ကို စိုးမိုးထားနိုင်ရန်အတွက် ခေတ်မီလေယာဉ်/ရဟတ်ယာဉ်များ၊ ပျံသန်းစစ်ကစားနိုင်သည့် လေသူရဲများ ပိုင်ဆိုင်ရုံဖြင့် မပြည့်စုံနိုင်သည်ကို သိရှိထားရမည် ဖြစ်ကြောင်း၊ စက်မှုလက်မှု၊ လေကြောင်းထိန်း၊ ရေဒါနှင့်မိုးလေဝသ စသည့်ကဏ္ဍအသီးသီးမှ အရာရှိ/စစ်သည်အားလုံး စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ စစ်ဆင်ရေးများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အနာဂတ်ကာလတွင် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံတပ်မတော်များကို ရင်ပေါင်တန်းနိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင် အရှိန်အဟုန်နှင့် ဆက်လက် တည်ဆောက်ရမည်ဖြစ်သည်။ နိုင်ငံကိုဖြိုခွဲချင်သူများအနေဖြင့် အတိတ်၊ ပစ္စုပ္ပန်တို့တွင် တပ်မတော် ပြိုကွဲအောင် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲဖြစ်သည်။ တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအတွက် မျိုးချစ် တပ်မတော်ဖြစ်သည်။ စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်။ သစ္စာရှိသောတပ်မတော်ဖြစ်သည်။ စည်းလုံးညီညွတ်သော တပ်မတော်ဖြစ်သည် အစရှိသော အစဉ်အလာကောင်းများနှင့် ပြည့်စုံ နေသည့်အတွက် ဘယ်သူခွဲခွဲမကွဲဘဲ အစဉ်အမြဲ ကျစ်လျစ်ခိုင်မာလျက်ရှိသည်။ တပ်မတော်ကို ဖြိုခွဲရန် ကြိုးစားလုပ်ဆောင် နေခြင်းသည် ဒို့တာဝန်အရေးသုံးပါးကို ပျက်စီးအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်၏ အဓိကတာဝန် ဖြစ်ပါသည်။ တပ်မတော်(လေ)အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များအပြင် သဘာဝဘေးအန္တရာယ်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

တပ်မတော်(လေ)တွင် လေယာဉ်မောင်း သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ  လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၃)သင်တန်း ဆင်းသည့်နေ့ဖြစ်သည်။ တပ်မတော်(လေ)တွင် အမျိုးသားများသာမက အမျိုးသမီးလေသူရဲ အရာရှိများလည်း မွေးထုတ် ပေးလျက်ရှိသည်။ တပ်မတော်(လေ)၏ ပထမဦးဆုံးအမျိုးသမီး လေသူရဲလောင်းများအဖြစ် လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၀)တွင် တက်ရောက်စေပြီး အမျိုးသမီးလေသူရဲအရာရှိ(၆)ဦးကို ခန့်အပ်ခဲ့သည်။ ယခုအမှတ်စဉ်(၈၃) အထိ အမျိုးသမီးလေသူရဲ ၂၀ ဦးမွေးထုတ်ခဲ့ပြီး ဖြစ်သည်။ ပျံသန်းရေးတာဝန်အတွက် ပထမဦးဆုံး ခန့်အပ်ခဲ့သည့် မြန်မာအမျိုးသမီးများဖြစ်၍ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ် ပြုစုပျိုးထောင်နိုင်ခဲ့သော မော်ကွန်းတစ်ရပ် ဖြစ်သည်။

တပ်မတော်သားအားလုံးသည် နိုင်ငံတော်ကာကွယ်ရေးအတွက် သတိတမံဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်းစစ်ရေး သတိရှိပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့် ရှိနေပါသည်။ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို သားစဉ်မြေးမြစ်မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် စစ်အောင်နိုင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော တပ်မတော် (လေ)၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားလျက်ရှိသည်ကို ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။   ။