အက်စ်တွန်ဗီလာအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူအသင်းမှ အဓိက ကစားသမား နှစ်ဦးဖြစ်သည့် တွမ်မီနေးနှင့် လုခ်ရှောတို့ လွဲချော်မည်
မန်ယူအသင်း အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ကွင်းလယ်ကစားသမား တွမ်မီနေးနှင့် ခံစစ်ကစားသမား လုခ်ရှောတို့သည် မန်ယူအသင်းက ဝုဗ်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တွင် အဝါကတ် ကိုယ်စီပြသခံရသည့် အတွက် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ စည်းမျဉ်းအရ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားမည့် အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်ကို လွဲချော် မည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က လက်ရှိ ကျင့်သုံးနေသည့် စည်းမျဉ်းများအရ ပြိုင်ပွဲဝင်ကစားသမားများ အနေဖြင့် ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်တွင် အဝါကတ်ငါးကြိမ် ပြသခံရပါက အနီးကပ်ဆုံးလိဂ်ပွဲစဉ်ကို လွဲချော်မည်ဟု ပြဋ္ဌာန်းထားသည့်အတွက်
လက်ရှိတွင် တွမ်မီနေးနှင့် လုခ်ရှောတို့သည် ဝုဗ်အသင်းနှင့်ပွဲစဉ်တွင် အဝါကတ် ကိုယ်စီပြသခံရပြီး အဝါကတ်ငါးကြိမ် ပြည့်မြောက်ခဲ့သောကြောင့် အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။
မန်ယူအသင်းသည် လာမည့်ပွဲစဉ်နှစ်ပွဲ စလုံးကို အက်စ်တွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဇန်နဝါရီ ၁၁ ရက်တွင် အက်ဖ်အေဖလား ပွဲစဉ်နှင့် ဇန်နဝါရီ ၁၆ ရက်တွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်ပြီး တွမ်မီနေးနှင့် လုခ်ရှောတို့သည် ဇန်နဝါရီ ၁၁ ရက်တွင်ကစားမည့် အက်ဖ်အေဖလားပွဲစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သော်လည်း ဇန်နဝါရီ ၁၆ ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။