ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်ပြင်ဆင်နေသည့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅ဝ ဖြင့်ခေါ်ယူရန် ကမ်းလှမ်းမှုများ စတင်
ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့အသင်း ရှည်ခေါ်ယူရန် ပြင်ဆင်နေသည့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီကို လက်ရှိ ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅ဝ ဖြင့်ခေါ်ယူရန် ကမ်းလှမ်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် အမ်ဘတ်ပီသည် ယခု ဘောလုံးရာသီ အကုန်တွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရရှိမည်ဖြစ်သည့်အတွက် လက်ရှိဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ၎င်းပြောင်းရွှေ့ကစားလိုသည့် အသင်းနှင့် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင် ကြိုတင်သဘောတူ စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းသည် အမ်ဘတ်ပီကို ခေါ်ယူရန် ကာလရှည် ပစ်မှတ်ထားနေပြီး ပြီးခဲ့သည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလကလည်း အပြောင်းအရွှေ့ နောက်ဆုံးနေ့အထိ မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သော ယူရို သန်း ၁၈ဝ
အထိပေးချေကာ တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သကဲ့သို့ အမ်ဘတ်ပီ ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် အသင်းမှ တရားဝင်ထွက်ခွာခွင့် တောင်းဆိုခဲ့သည်။
သို့သော် ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို လက်မလွှတ်လိုသည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သဖြင့် အပြောင်းအရွှေ့ မဖြစ်မြောက်သောကြောင့် ယခုဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုဘောလုံးရာသီ အကုန်တွင် အမ်ဘတ်ပီကဲ့သို့ ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေးပေးချေရမည် မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့
ကြေးဖြင့် အလွတ်တကူ ခေါ်ယူနိုင်မည်ဖြစ်သောကြောင့် ဥရောပထိပ်တန်း အသင်းကြီးများက မြင့်မားသည့် လုပ်ခလစာအပြင် အပိုဆုကြေးများစွာ ပေးချေပြီး ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သည့် အခြေအနေများကြောင့် ရီးယဲလ်မက်ဒရစ် အသင်းက ယခုဘောလုံး ရာသီကုန်အထိ စောင့်ဆိုင်းခြင်းမရှိတော့ဘဲ လက်ရှိဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ ကာလတွင်ပင် ခေါ်ယူနိုင်ရန် စတင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရီးယဲလ်မက်ဒရစ် အသင်းအပြင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးများကလည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် အမ်ဘတ်ပီတို့၏ အခြေအနေကို စောင့်ကြည့်ပြီး လက်ရှိဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါကလာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်လာဖွယ် ရှိနေသည်။ အမ်ဘတ်ပီသည် ပီအက်စ်ဂျီအသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး ၂ဝ၁၇ ခုနှစ်စတင် ပြောင်းရွှေ့လာသည့် အချိန်မှ လက်ရှိအချိန်ထိ သွင်းဂိုး ၁၅ဝ အထိ သွင်းယူထားကြောင်း သိရသည်။