မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ရန်ကုန်-ဗန်ကောက်-ရန်ကုန် Relief Flight ကူညီထောက်ပံ့ရေးလေယာဉ်ခရီးစဉ်ကို စက်တင်ဘာ ၂၅ ရက်တွင် ပျံသန်းပေးမည် ဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးနှင့်ညှိနှိုင်း၍ ဗန်ကောက်သို့ သွားရောက်မည့် ခရီးသည်များနှင့်နေရပ်ပြန် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ်ကို ပျံသန်းပေးရန် စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်မှာ ရန်ကုန်မှ ညနေ ၃နာရီတွင် စတင်ထွက်ခွာပြီး ဗန်ကောက်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ထို့နောက် ဗန်ကောက်မှ ည ၆ နာရီ ၂၅ မိနစ်တွင် ပြန်လည်ထွက်ခွာလာမည်ဖြစ်ကာ ရန်ကုန်မြို့သို့ ည ၇ နာရီ မိနစ် ၂၀ တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ဗန်ကောက် ကယ်ဆယ်ရေးခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာရှိရမည် ဖြစ်ကြောင်း၊ သို့သော် ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်အတွက် ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော ခရီးသည် စာရင်းအတိုင်း ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားနေသောကြောင့် MNA အနေဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်ပျံသန်းခြင်းများကို ခေတ္တ ရပ်ဆိုင်းထားကြောင်းသိရသည်။
ကျော်ကို