မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PRs) ဖြင့် ဆောင်ရွက်ရန် တောင်းဆို လာကြသည်။လွှတ်တော် သုံးရပ်စလုံးတွင် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List-PR) ကို ပြောင်းလဲ ကျင့်သုံး သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆိုင်ရာဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ အများစုက အဆိုပြု တင်ပြခဲ့ကြသည်။ လွှတ်တော်ရွေးကောက်ပွဲ များကို မဲအများဆုံးရသူအနိုင်ရသည့် FPTP စနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PRs)သို့ ပြောင်းလဲဆောင် ရွက်ရန် အချိန်အခါ ကျရောက်နေပြီဖြစ်ကြောင်း နိုင်ငံရေးပါတီအများစုက အကြံပြုချက်များ ရှိလာခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုပ်ဖော်ကိုင်ဖက်နိုင်ငံရေး ပါတီများနှင့် လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသား လူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များ အနေဖြင့် ယင်းတို့ကို ထောက်ခံသည့်ဆန္ဒမဲများအရ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းက လုပ်ဆောင်နိုင်သည်များဖြင့် အချိုးကျကိုယ်စားပြုစနစ် (PRs) ကျင့်သုံး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို (၃.၆.၂၀၁၄) ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး သတ္တမမြောက်ရက်နေ့က တင်သွင်းခဲ့သည်။ အမျိုးသားလွှတ်တော်က ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့ပြီး အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (PRs)ကျင့်သုံးရေးဆိုင်ရာ အဆိုကို အကောင်အထည်ဖော်ရေး ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်များလည်း ရှိခဲ့ပါသည်။ အကောင်အထည်ဖော်ရေး ကော်မရှင်၏ သုံးသပ်အကြံပြုချက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များကို လေ့လာဖော်ထုတ်ရာတွင် အလွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ်မြော်မြင်မှု သဘောတရားအစုံနှင့် ပြည်သူတို့၏ ဆန္ဒအစုံကို ကိုယ်စားပြုလျက် အဓိပ္ပာယ်ပြည့်ဝပြီး မဲပေးရလွယ်ကူသော ရွေးကောက်ပွဲမျိုး ဖော်ဆောင်လျက် တည်ငြိမ်ပြီးစွမ်းရည်ရှိသော အစိုးရမျိုးဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ၁၉၅၆ ခုနှစ် ပါလီမန် အထွေထွေရွေးကောက်ပွဲ၊ ၁၉၆၀ ပြည့်နှစ် ပါလီမန်လွှတ်တော်ရွေးကောက်ပွဲ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတို့အား လေ့လာခဲ့ရာ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရသောမဲများ၏ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ် ရရှိမှုရာခိုင်နှုန်း အချိုးအစားမကျမှု များပြားခဲ့ခြင်းအပေါ် ရွေးကောက်ပွဲစနစ်ကြောင့် ဖြစ်သည်ဟု သုံးသပ်ခဲ့ကြပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် အောက်တိုဘာလများတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးကို ဆွေးနွေးခဲ့ရာ နိုင်ငံရေးပါတီ (၅၃) ပါတီမှ ကိုယ်စားလှယ် (၉၃) ဦး၊ စိတ်ပါဝင်စားသူ (၂၀) ဦး စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ (၁၆) ပါတီက စာတမ်းများ တင်ပြခဲ့သည်။ ထိုစာတမ်းများတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲ ရေးကိစ္စသည် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့်အပြင် နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ်တိုးတက် လာသည့် နိုင်ငံရေးဖြစ်စဉ်များနှင့်လည်း သက်ဆိုင်နေကြောင်း၊ သမိုင်း၏တောင်းဆိုမှုအရ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ်ဆီသို့ အရောက်ချီတက်မည်ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင် ပြောင်းလဲရေးသည် မရှိမဖြစ်ဖြတ်ကျော်ရမည့် အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးမှသည် တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးအတွက် လွှတ်တော်အသီးသီးတွင် အားလုံး ပါဝင်စေသော ကိုယ်စားပြုမှုကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်သည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PRs) ဖြစ်ပေါ်လာရေးကို စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း (PRs) စနစ်ကျင့်သုံးခြင်းဖြင့် ပါတီငယ်လေးများ၊ တိုင်းရင်းသားမျိုးနွယ်စုငယ်လေးများ လွှတ်တော်တွင်း ဝင်ရောက်နိုင်မှု အခွင့်အရေးပိုမိုရရှိလာနိုင်ခြင်း၊ မဲဆန္ဒရှင်တစ်ဦးချင်းရဲ့ အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှု မရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများအပေါ် ပြည်သူစိတ်ဝင်စားမှုရှိလာပြီး မဲလာပေးမှု (Turn Out)ကောင်းလာနိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှု (All Inclusiveness) ပိုမိုရရှိလာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ် (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေးကို လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်း၊ ဒီမိုကရေစီ အာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင်မည် ဖြစ်ခြင်းစသည့် အကျိုးစီးပွားတွေကို ရရှိလာနိုင်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PRs) ရွေးကောက်ပုံစံသစ်ကို အရေးပေါ်ကာလ လုပ်ငန်းတာဝန်များပြီးဆုံးပြီးနောက် ကျင်းပမည့်ရွေးကောက်ပွဲတွင် စတင်အသုံးပြုနိုင်အောင်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကိုလိုနီခေတ်ကာလ၊ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်ကာလ၊ ၂၀၁၀ မှ ၂၀၂၀ ဒီမိုကရေစီကာလများတွင် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲ စနစ်မှာ နိုင်သူအကုန်ယူ Winner takes all (FPTP) စနစ်များသာ ဖြစ်ကြောင်း၊ သို့သော်လည်း FPTP စနစ်၏ အားနည်းချက်ကြောင့် လွှတ်တော်အတွင်း အနိုင်ရပါတီတစ်ခုတည်းက လွှမ်းမိုးခြင်း၊ ထိုအနိုင်ရ ပါတီ၏ အကျိုးကို လွှတ်တော်အတွင်းဖော်ဆောင်၍ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုလာခြင်း၊ လွှတ်တော်တွင် တိုင်းရင်းသား ပါတီများ၏ အသံ (Voice) ထွက်ခွင့်၊ ပါတီစုံပါဝင်ခွင့် မရသဖြင့် ကျန်ပါတီများကို ထောက်ခံ
သော ပြည်သူများက ပေးခဲ့သောမဲများ Waste ဖြစ်ခြင်းစသည့် ဆိုးကျိုးများ ခံစားခဲ့ရကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးမှသာလျှင် ကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို သိရှိဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ လိုလားတောင့်တနေသည့် ဖက်ဒရယ်(Federal )ဆိုင်ရာ အခွင့်အရေးများကို လွှတ်တော်လမ်းကြောင်းမှ ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားအစုံအလင်ပါတီ အစုံအလင်ပါဝင်သော သက်တန့်ရောင်စုံ လွှတ်တော်ဖော်ဆောင်ခြင်းသည်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက် ရာရောက်ပြီး ဒီမိုကရေစီယဉ်ကျေးမှုကို ပျိုးထောင် ရာလည်းရောက်သောကြောင့် အချိုးကျ ကိုယ်စားပြုစနစ် (PRs) ကို ရွေးကောက်ပွဲတွင် ကျင့်သုံးသင့် ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် အချိုးကျကိုယ်စားပြုစနစ် (PRs) ကို လွှတ်တော်ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးပါတီများအား အစုအဖွဲ့များ ဖွဲ့စည်း၍ သက်ဆိုင်ရာမိမိတို့ အစုအဖွဲ့လိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ဆောင်ရွက်ရာတွင် အသုံးပြုသင့်သည့်ရွေးကောက်ပွဲဒီဇိုင်းနှင့် မဲဆန္ဒနယ်မြေ သတ်မှတ်ခြင်းတို့ကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲများတွင် အစုအဖွဲ့များအလိုက် အသေးစိတ်ဆွေးနွေးညှိနှိုင်းနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ဆွေးနွေးညှိနှိုင်း ရရှိချက်များကို အစုအဖွဲ့လိုက်စာတမ်းများ ဖတ်ကြားတင်ပြခဲ့ကြပါသည်။
အစုအဖွဲ့လိုက်ဆွေးနွေးကြရာတွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအား အချိုးကျကိုယ်စားပြု စနစ် (PRs)ဖြင့် ကျင်းပခြင်းကို တက်ရောက်လာသော ပါတီများအားလုံးက သဘောတူပါကြောင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များနှင့် မဲရေတွက်သူများအတွက် အခက်အခဲအနည်း ဆုံးဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List PR)”ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည့် လူဦးရေအပေါ် အခြေမခံဘဲမြို့နယ်ကို အခြေခံတွက်ချက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယခင်ကရရှိခဲ့သည့် ကိုယ်စားလှယ်ဦးရေများအတိုင်း ခွဲဝေသတ်မှတ်သင့်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ် မူတည်၍ မဲဆန္ဒနယ်မြေများ သတ်မှတ်ရာ၌မူ တတ်နိုင်သမျှလူဦးရေ အချိုးအစားညီမျှရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ ပါတီများအတွက် အနိမ့်ဆုံး ဝင်ပေါက်အချိုးစံ (Threshold ) သတ်မှတ်ရာတွင် မြင့်လွန်းခြင်းနှင့် နိမ့်လွန်းခြင်း အစွန်း တရားများကို ရှောင်ရှားပြီး ထောက်ခံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး အပေါ်လွှမ်းခြုံ တွက်ချက်ခြင်း မဟုတ်ဘဲ မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ဆောင်ရွက်သင့်ပါကြောင်း၊ မဲရေတွက် ပုံနည်းလမ်းအဖြစ် (Closed List PR) တွက်ချက်မှုစနစ်ဖြစ်သည့် အများဆုံးအကြွင်းကိန်းနည်းကို လက်ခံကျင့်သုံးသင့်ပါကြောင်း၊ မဲရုံတိုင်းတွင် မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ ပါတီအား မဲပေးနိုင်ရန်အလို့ငှာ မဲရုံအဝတွင် ဗွီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏ အမည်အောက်တွင် ဝင်ရောက်ရွေးချယ် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့်အမည်ကိုဖော်ပြပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့မှသာမဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းအား မျက်မြင်ကြည့်ရှု၍ လွယ်ကူစွာဖြင့် ၎င်းကိုယ်စားလှယ်လောင်း၏ ပါတီအား မဲပေးနိုင်မည် ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းအား ရွေးချယ်နိုင်ရန်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအတွက် ဆွေးနွေးရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော်သုံးရပ်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PRs) ကျင့်သုံးရေး အတွက် သဘောတူပါကြောင်း၊ “စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်” (Closed List PR) ကိုကျင့်သုံးရန် အသင့်မြတ်ဆုံးဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျကိုယ်စားပြုစနစ်ကို တွင်ကျယ်စွာ ကျင့်သုံးနေပြီဖြစ်ပါကြောင်း၊ Closed List -PR System ကို စတင်အသုံးပြုသင့်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု အခြေအနေနှင့် နိုင်ငံရေးရေချိန်မြင့်တက်လာမှု အခြေအနေ တစ်ရပ်သို့ ရောက်ရှိချိန်မှသာလျှင် Open List -PR System သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအတွက် လွှတ်တော် ကိုယ်စားလှယ် များကိုမူ မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PRs) အရဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွ လာနိုင်မှုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း အားဖြင့်သော်လည်းကောင်း ကန့်သတ်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြပါသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ဆွေးနွေးရာတွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသားလူနည်းစုများ အားလုံးပါဝင်နိုင်ပြီး တစ်ပါတီကြီးစိုးမှုကိုပါ ကန့်သတ်နိုင်သော အချိုးကျကိုယ်စားပြုစနစ် (PRs) ကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် (PRs) ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR စနစ်ကို ရွေးချယ်ကျင့်သုံး သင့်ကြောင်း၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများကို Closed List- PR စနစ်ကို ကျင့်သုံးရန် မဲရလဒ်များ တွက်ချက်ခြင်းကို ကြွင်းကျန် မဲအများဆုံးစနစ် (Largest Remainder Formula) ကိုကျင့်သုံးရန်၊ မဲဆန္ဒနယ် သတ်မှတ်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်များအလိုက် သတ်မှတ်ခြင်း မပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် အဖြစ်သတ်မှတ်ပြီး ကိုယ်စားလှယ် နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်၊ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်များအတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်ရန် ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်နိုင်ရေး (PRs) စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ရွေးကောက်တင်မြှောက်ပေးရခြင်း ဖြစ်သဖြင့် ပြောင်းလဲ ကျင့်သုံးလိုသည့် ရွေးကောက်ပွဲစနစ်ဖြစ်သော အချိုးကျကိုယ်စားပြုစနစ် (PRs) သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) နှင့်ဆန့်ကျင်မှု ရှိ/မရှိ စိစစ်သုံးသပ်ရန် လိုအပ်လာပါသည်။ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၀၉ (က) တွင် “ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် (၃၃၀) ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ” ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧရိယာ ကျယ်ပြန့်စွာဖြင့် မဲဆန္ဒနယ်များသတ်မှတ်ပေး၍လည်းကောင်း၊ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၁၄၁ (က) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် (၁၂) ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၈) ဦး”ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုလျှင် (PR) စနစ်အတွက် မဲဆန္ဒနယ်(၁)ခုစီ သတ်မှတ်၍လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(၁)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅) ခုအတွက် (FPTP) စနစ်ကျင့်သုံး၍ မဲဆန္ဒနယ် (၆)ခု သတ်မှတ်၍ လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၁၆၁(က) “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင်နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ” ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်ဆန့်ကျင်မှုမရှိဘဲ ဆောင်ရွက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တိုင်းရင်းသားလူမျိုးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၁၆၁(ခ) (ဂ)တွင် “နိုင်ငံတော်ရှိလူဦးရေစုစုပေါင်း၏ သုည ဒသမ တစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင်တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့်-----ဟူ၍ ပြဋ္ဌာန်းထားခြင်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်များအား ယခင် (FPTP) စနစ်ဖြင့်ပင် မဲဆန္ဒနယ် (၂၉) ခုသတ်မှတ်၍ ရွေးကောက်တင်မြှောက်နိုင်ပါသည်။ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉(ဂ)တွင် မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း” ဟူ၍ ပြဋ္ဌာန်း ထားချက်အရ ဥပဒေနှင့်အညီ လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်မြေများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကသာ သတ်မှတ်ဆောင်ရွက်နိုင်ပါသည်။ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွက်မူ First Past The Post စနစ်ဖြင့်သာ ရွေးချယ်သွားရမည်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ (၄) ကြိမ်မြောက်တွေ့ဆုံညှိနှိုင်းချက်များအရ အောက်ပါအတိုင်းဘုံသဘောတူညီချက်များရရှိခဲ့ပါသည်-
(က) လာမည့်ရွေးကောက်ပွဲများတွင် စာရင်း ပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR)စတင် ကျင့်သုံးရန်၊
(ခ) မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံ နှင့် နိုင်ငံရေးယဉ်ကျေးမှု ရေချိန်မြင့်တက် လာချိန်တွင် (Open List -PR) သို့မဟုတ် အခြား PR စနစ်တစ်မျိုးမျိုးကို ပြောင်းလဲကျင့်သုံးရန်၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက် တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မပြောင်းလဲဘဲ မဲဆန္ဒနယ် များကို ပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ် ဆောင်ရွက်ရန်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁(က)ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ အမျိုးသားလွှတ် တော် ကိုယ်စား လှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁ (ခ) ပါ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက် တင်မြှောက်ရန်အတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊
(င ) Closed List PR အတွက် နိုင်ငံရေးပါတီများက မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းအမည် စာရင်းအား ဦးစားပေး အစီအစဉ်အတိုင်း ကော်မရှင်သို့ ကြိုတင်တင်ပြရန်၊
(စ ) မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလိုသည့် ပါတီနှင့် ၎င်းပါတီကိုယ်စားပြု ကိုယ်စားလှယ် လောင်းများကို သိရှိနိုင်ရန် ပါတီအမည်အောက်တွင် ကိုယ်စားလှယ်လောင်းအမည်နှင့် ဓာတ်ပုံဖော်ပြထားသော ဗွီနိုင်းပိုစတာ များအား မဲရုံအဝင်ပေါက်အနီးတွင်ထား ရှိပေးရန်၊
(ဆ) Closed List PR စနစ်၏ မဲရေတွက်မှု နည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲအများ ဆုံးစနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒ နယ်အလိုက် ခိုင်လုံမဲအပေါ် မူတည်၍ ကိုယ်စားလှယ် ၁ ဦး ရရှိရမည့် အနိမ့်ဆုံး အခြေခံမဲ (Threshold) သတ်မှတ်ရန်၊
(ဇ ) PR စနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုအားပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် က ဥပဒေဖြင့်သော် လည်းကောင်း၊ ညွှန်ကြားကြပ်မတ် ထိန်းကျောင်းခြင်းဖြင့် လည်းကောင်း ကန့်သတ်ရန်၊
(ဈ) ပြောင်းလဲကျင့်သုံးမည့် ဏျွ စနစ်ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင် ပြည်သူများ နားလည် သဘောပေါက်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွား ရန်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအများစု ဘုံသဘောတူညီချက်အရ လွှတ်တော် ရွေးကောက်ပွဲများတွင် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်မှ အချိုးကျကိုယ်စားပြုစနစ်တွင် ပါဝင်သော Closed List PR ကို ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရမည်ဖြစ်သည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁ တို့ပါ လွှတ်တော် အသီးသီး ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်များနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (ဂ) ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဖြစ်သော မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်းကို PR စနစ်နှင့် ကိုက်ညီသော မဲဆန္ဒနယ်များ အဖြစ် ပြင်ဆင် သတ်မှတ်ရန်၊
(ခ) ဥပဒေနှင့်အညီ ဖြစ်စေရန် ပြောင်းလဲကျင့်သုံးမည့် PR စနစ်နှင့် လိုက်လျောညီထွေ ဖြစ်မည့် ပြင်ဆင်ရန်လိုအပ်သော လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကိုပြဋ္ဌာန်းခြင်း၊နည်းဥပဒေများ ထုတ်ပြန်ခြင်းနှင့် လုပ်ငန်း လမ်းညွှန်များ ပြင်ဆင်သတ်မှတ်ခြင်း၊
(ဂ) မဲဆန္ဒနယ်များပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်း၊ ပါတီကိုသာ ဆန္ဒပြုမဲပေးရသည့် Closed List - PR နှင့် ကိုက်ညီသော ဆန္ဒမဲလက်မှတ် အသုံးပြုခြင်း၊ မဲဆန္ဒနယ် အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပကြိုတင်ဆန္ဒမဲပေးခြင်း၊ကြိုတင်ဆန္ဒမဲများရေတွက်ခြင်းနှင့်ကြေညာခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း၊ မဲရုံအလိုက် မဲရလဒ်များ ရေတွက်ခြင်းနှင့်ကြေညာခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ပေါင်းစည်းရေတွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွင် မဲဆန္ဒနယ်အလိုက်ဆန္ဒမဲများ ပေါင်းစည်းရေတွက်ခြင်းနှင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်လွှတ်တော်ကိုယ်စားလှယ်ဦးရေအားတွက်ချက်ခြင်း၊ ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကြေညာခြင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုတွဲများတင်သွင်းခြင်းစသည့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့်ရွေးကောက်ပွဲ လွန်ကာလ လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံဝန်ထမ်းများအား လေ့ကျင့်ပညာပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူ လူထုအား ရွေးကောက်ပွဲ အသိပညာပေး သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း။
အချိုးကျကိုယ်စားပြုစနစ်ဖြင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် ကိုယ်စားပြုမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှု၊ ဥပဒေနှင့်ညီညွတ်မျှတမှုတို့ရှိလာမည့်အပြင် ပါတီများမှ ထောက်ခံ တင်ပြထားသည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ်အရ ပါတီအမည်ကိုမူတည်သည့် စနစ်ဖြစ်ရာ မဲဆန္ဒရှင်တို့က ပါတီကိုသာမဲပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာပါတီက ကိုယ်စားလှယ် အမည်စာရင်းကို ဦးစားပေး အစီအစဉ်အတိုင်း ကော်မရှင်သို့တင်ပြထားရသည့် စနစ်ဖြစ်သဖြင့် မဲပေးမည့် ပြည်သူလူထု အနေဖြင့် ယခင်ရွေးကောက်ပွဲများတွင် မဲပေးသည့်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် မဲပေးရလွယ်ကူကြောင်း တွေ့ရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက “လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံး ရသူအနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PRs)သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ယခုဆွေးနွေးချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှု ရှိစေရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများကိုပြင်ဆင်နိုင်ရန်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း”၊ “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာဖြစ်ကြောင်း”၊ “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့် လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေး ပါတီငယ်များ၊ ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ ပါဝင်လာနိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ နောက်ဆုံးလုပ်ငန်းစဉ်က လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တစ်ဝန်းအား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ် ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့အခြေအနေ တွေဖန်တီး ပေးရပါမယ်၊ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ကြရပါမယ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ် ဟုပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရန် သေချာပါ သည်။ လာမည့်ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ပြောင်းလဲကျင်းပရန် အဆင်သင့်အနေအထား ဖြစ်နေတာကိုလည်း တွေ့နေရပါသည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်နေတာမို့ ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ခေတ်ကာလအခြေအနေ၏ တောင်းဆိုချက်များအရ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲများကို အနာဂတ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် အရေးပါသည့် အချိုးကျ ကိုယ်စားပြုစနစ် (PRs) သို့ ရဲရဲဝံ့ဝံ့ ပြောင်းလဲကျင်းပပြီး တိုင်းရင်းသားလူမျိုးစုငယ်များအကျိုး၊ ပြည်သူလူထု အများစုကောင်းကျိုး၊ အနာဂတ်မြန်မာနိုင်ငံတော်ကြီး၏ အကျိုးတို့ကို မျှော်မှန်းကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အကောင်းဆုံးဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ကိုရွှေဉီး