မြန်မာ-ကမ္ဘောဒီးယားနှင့် အာဆီယံ

မြန်မာ-ကမ္ဘောဒီးယားနှင့် အာဆီယံ

အယ်ဒီတာ့အာဘော်

(၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ  ၈ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  သည် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် အာဆီယံ အပါအဝင်ဒေသဆိုင်ရာ အကျိုးတူကိစ္စရပ်များကို ဆွေးနွေး အမြင်ချင်း ဖလှယ်ကြောင်း သိရှိရသည်။

မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ယဉ်ကျေးမှုချင်း ထပ်တူထပ်မျှ တူညီကြသည်။ အပြန်အလှန် ကူညီပေးမှုများ ရှိခဲ့သည့်အပြင် နှစ်နိုင်ငံလုံးမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။ မြန်မာနိုင်ငံက အာဆီယံသို့ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံက ၁၉၉၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။ အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းသည်။ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်တွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များမှတစ်ဆင့် ဒေသတွင်းစီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်ရေးကို မြှင့်တင်ရန်။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသတွင်း စိမ့်ဝင်ပျံ့နှံ့ မလာစေရေးအတွက် ဒေသအတွင်း နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရန်။ ဒေသအတွင်း နိုင်ငံအချင်းချင်း အကြားဖြစ်ပေါ်လာသော သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းသွားရန်ဟူ၍ ရည်ရွယ်ချက် သုံးရပ်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ ရာထူးကို အဖွဲ့ဝင်နိုင်ငံ အမည်များ၏ အင်္ဂလိပ် အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျ ဆောင်ရွက်ရသည်ဖြစ်ရာ ယခုအခါ အလှည့်ကျဥက္ကဋ္ဌမှာ ကမ္ဘောဒီးယား နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံရေး အပြောင်းအလဲဖြစ်လာခဲ့သည်။ ဖြစ်လာရခြင်း အကြောင်းရင်းမှာလည်း ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်ပါတီတည်းက ရာနှုန်းပြည့်

အနိုင်ရရှိရေးအတွက် မမှန်ကန်သော မဲမသမာမှုများ ပြုလုပ်ခဲ့သည်။ ထိုမသမာမှု လုပ်ရပ်များကို ဖြေရှင်းပေးရန် အခြားသော ပါတီများနှင့်တပ်မတော်က အကြိမ်ကြိမ် တောင်းဆိုညှိနှိုင်းခဲ့သည်။ ညှိနှိုင်းဖြေရှင်းရန် အချိန်များစွာရှိခဲ့သော်လည်း လုံးဝဖြေရှင်း ပြန်ကြားပေးခြင်းမရှိခြင်းကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပသော အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနိုင်ငံ အကြီးအကဲက အာဆီယံဒေသတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှု ရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်းပြန်လည်ထူထောင်ရေး ကြိုးပမ်းမှု လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးသွားမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ဦးတည်ချက်

များ အောင်မြင်စေရန် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် (TAC) အခြေခံမူများနှင့်အညီ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းသွားမည့်ကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူသော နိုင်ငံတော် အခြေခံမူများနှင့်အညီ ကျင့်သုံးလျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည်လည်း ထိုမူကိုဆက်လက် လိုက်နာကျင့်သုံးလျက် ရှိပါသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ်တွင် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံ အချို့က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် အပြင် စည်းလုံးညီညွတ် ခိုင်မာမှုရှိသော အာဆီယံ အဖွဲ့အတွင်းသို့ပင် ဝင်ရောက်သပ်လျှိုမှုရှိနေသည်။ ထိုသို့ဝင်ရောက် သပ်လျှိုမှုကြောင့် အာဆီယံအဖွဲ့၏ ဒုတိယမြောက် ရည်ရွယ်ချက်ဖြစ်သော အင်အားကြီး နိုင်ငံများ၏ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသတွင်း စိမ့်ဝင်ပျံ့နှံ့မလာစေရေး အတွက် ဒေသအတွင်း နိုင်ငံရေးနှင့်စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်း ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်မှာ မှေးမှိန်ခဲ့သည်။

ယခုအခါ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီဖြစ်သည့် အတွက် မှန်ကန်မျှတသော စွမ်းဆောင်ချက်များနှင့်အတူ အာဆီယံ အသင်းကြီး၏ အောင်မြင်မှုအရပ်ရပ်ကို စွမ်းဆောင်နိုင်မည်ဟု ယုံကြည်မိပါသည်။ အာဆီယံနိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဟူသော မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အာဆီယံ အသိုက်အဝန်း ၂ဝ၂၅ မျှော်မှန်းချက်အတွက် ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းလျက်ရှိပါကြောင်းနှင့်ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၏ အလုပ်သဘော ခရီးစဉ်ကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။  ။