တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၇
မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phangနော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီရယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့် ၂ဝ၂၂ ခုနှစ်တွင် ကျင်းပမည့် အာရှဖလား အမျိုးသမီးပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ခြေစစ်ပွဲများ အောင်မြင်ထားပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီဖြစ်ပါကြောင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး Professional ဘောလုံးသမား အနေဖြင့် အိန္ဒိယနိုင်ငံ ထိပ်တန်းအမျိုးသမီး ဘောလုံးအသင်းတွင် သွားရောက် ကစားနေပြီဖြစ်ကြောင်း၊ ဒါ့ကြောင့် ယနေ့ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့်အားကစားသမားများ အနေဖြင့် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစား စိတ်ဓာတ် အပြည့်အဝဖြင့် အားကစားသမားကောင်းများပီသစွာ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာပြီး အားသွန်ခွန်စိုက်ယှဉ်ပြိုင် ကစားသွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြိုင်ပွဲဝင် အားကစားအသင်းများကို လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် ယနေ့ ပထမပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်း ဒေသကြီး အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ အဆိုပါ ၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ၇.၁.၂ဝ၂၂ ရက်နေ့မှ ၂၁.၁.၂ဝ၂၂ ရက်နေ့
အထိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားအသင်း ၁၃ သင်းနှင့် ကစားသမားအင်အား ၂၈၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။