နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ဆယ်လမြောက်၏ မှတ်တိုင်များ

ယမန်နေ့မှအဆက်

    တောင်ကြီးမြို့၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက BOT စနစ်ဖြင့်  တည်ဆောက်လျက်ရှိသော လူထုအခြေပြု ဗဟိုဌာန (တောင်ကြီး) အဆောက်အအုံ  တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို နိုဝင်ဘာ ၂၆ ရက်က ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ လူထုအခြေပြု ဗဟိုဌာန (Community Centre) များသည် ပြည်သူလူထု၏ အသိပညာမြင့်မားရေး လုပ်ငန်းများ သာမက ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် လူ့အဖွဲ့အစည်းများနှင့် တိုက်ရိုက်သက်ဆိုင်သည့် အရေးကိစ္စများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားပြီး ပြီးစီးပါက လူထုအခြေပြု ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့နှင့် အတူ နိုဝင်ဘာ ၂၈ ရက်က  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယဒေသရှိ  ရုပ်မြင်သံကြားရိုက်ကူး ထုတ်လုပ်မှုလုပ်ငန်းများ အတွက် စတူဒီယိုများ တည်ဆောက်နေမှုကို  သွားရောက်ကြည့်ရှု အားပေးသည်။ ယင်းဒေသတွင် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများအတွက် မြေဧက ၈ဝဝ ကျော်တွင် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရန် လိုအပ်သော အခြေခံအဆောက်အဦများကို တည်ဆောက်နေခြင်းဖြစ်သည်။

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ''တူယှဉ်နွှဲပျော်  ဂီတပွဲတော်'' သီချင်းဆိုပြိုင်ပွဲ အုပ်စုပထမပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live  ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ တိုင်းရင်းသား ပြိုင်ပွဲဝင်များက ယှဉ်ပြိုင်သီဆိုကြသည့် ''တူယှဉ်နွှဲပျော် ဂီတပွဲတော်'' သီချင်းဆို ပြိုင်ပွဲကို အဖွဲ့ (၅) ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁ဝ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို   ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ညများတွင် သီဆိုယှဉ်ပြိုင် ကြမည်ဖြစ်ပါသည်။

အာရှနှင့်ပစိဖိတ်ဒေသအတွင်း နေထိုင်ကြသည့် လူပုဂ္ဂိုလ်များအကြား ယဉ်ကျေးမှု ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်စေရေးနှင့် ယဉ်ကျေးမှုများ အပြန်အလှန် နားလည်စေရေး ရည်ရွယ်ချက်ဖြင့် အာရှနှင့် ပစိဖိတ်ဒေသ ယဉ်ကျေးမှုဌာန ယူနက်စကို (AC CU) တိုကျို၊ ဂျပန်နိုင်ငံက ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများနှင့် ယူနက်စကိုတို့မှ ကလေးလူငယ် စာစဉ်များကို ထုတ်ဝေခဲ့ရာ "Meet My Friends!" စာအုပ်ကို စာပေဗိမာန်မှ မြန်မာဘာသာသို့ ဘာသာပြန်ဆို၍ ''ကမ္ဘာတစ်လွှားရှိ မိတ်ဆွေများ'' အမည်ဖြင့် ထုတ်ဝေလိုက်သည်။ နိုင်ငံ ၁၄ နိုင်ငံမှ  လူပုဂ္ဂိုလ်များ၏  မတူညီသည့် ယဉ်ကျေးမှုအမျိုးမျိုး၊   လူနေမှုဘဝ၊ စားသောက်နေထိုင်မှုပုံစံ၊ ကစားနည်း အမျိုးမျိုးနှင့် ပွဲတော်သဘင်များကို ရှာဖွေလေ့လာနိုင်မည့်၊   မျှဝေခံစားနိုင်မည့် အခွင့်အရေးကို ကလေးလူငယ်များ ရရှိနိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က သိရှိရသည်။

(၃၂) နှစ်မြောက်  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ   ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို နိုဝင်ဘာ ၂ဝ ရက်က လည်းကောင်း၊  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု  အထိမ်းအမှတ် အခမ်းအနားကို  မြန်မာနိုင်ငံလုံးဆိုင်ရာ   အမျိုးသမီး ကော်မတီကကြီးမှူး၍  နိုဝင်ဘာ ၂၅ ရက် ကလည်းကောင်း  အခမ်းအနားများနှင့် အွန်လိုင်းစနစ်များဖြင့် ကျင်းပနိုင်ခဲ့သည်။

စက်မှုလုပ်ငန်းများ တိုးတက်မြင့်မားစေရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်  မှော်ဘီမြို့နယ် ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနခွဲ၊ New Generation Industry Co.,Ltd. သို့ ငှားရမ်းထားသည့် အမှတ်(၃) ပလတ်စတစ်စက်ရုံ၊ သာယာဝတီမြို့ရှိ အမှတ်(၃)အကြီးစားစက်ရုံ (သာယာဝတီ)၊ ရွှေတောင်မြို့ရှိ   အမှတ်(၁)  အထည်စက်ရုံရှိပြောင်းဖူးထုတ် ကုန်ပစ္စည်းစက်ရုံ(ရန်ပယ်) စသည်တို့တွင် စက်မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ လည်ပတ်နိုင်ရေး အတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သော တိုက်ကြီးမြို့နယ်အတွင်း ကျေးလက်ချင်းဆက်လမ်း ကွန်ကရစ်ခင်းပြီးစီးမှု၊ လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်း ဆောင်ရွက်မှု၊ ရန်ကုန် - ပြည်လမ်းပိုင်း မှော်ဘီမြို့အတွင်း မြေအောက်အနက် ၁ဝ ပေတူး၍ ၅ ပေအချင်းရှိ ရေပိုက်လိုင်းသွယ်တန်း ထားရှိမှု၊ ရန်ကုန်မြောက်ပိုင်းခရိုင် လမ်းဦးစီး ဌာနမှ အမှတ် (၄) လမ်းမကြီး ပြုပြင်ထိန်းသိမ်းမှု၊  ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်)    အပိုင်း လမ်းဘေးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းနေမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် စက်ယန္တရားများဖြင့် မြေညှိခြင်းနှင့် ချုံနွယ်များ ရှင်းလင်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်သူများကျန်းမာရေးအတွက်ဆောင်ရွက်ချက်

    ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များ တွင် ကိုဗစ် - ၁၉   ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလကုန်အထိ လူဦးရေ စုစုပေါင်း ၁၆၈၄၉၁၇၂ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ ၁၁၈၅၈၅၉၈ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄၉၉ဝ၅၇၄ ဦး ရှိပြီဖြစ်ပါသည်။ နိုဝင်ဘာ ၃ဝ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉  ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၈၇ဝ၇၇၇ဝ ကြိမ်ထိုးနှံပြီးဖြစ်ပါသည်။  ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများတွင် နိုဝင်ဘာ ၃ဝ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း  ၅၆ဝ၅၇၄၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ် - ၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၅၂၂၈၂၅ ဦး ရှိပြီဖြစ်ပါသည်။  ဆေးရုံဆင်းခွင့်ရရှိသူ ၈ဝ၁ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉၈ဝ၅ဝ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် နိုဝင်ဘာလကုန်အထိ သေဆုံးသူ စုစုပေါင်း ၁၉၁၁၁ ဦး ရှိခဲ့သည်။

ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်း ကာလအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမြင့်မားခဲ့သော မြို့နယ် (၁၁၉) မြို့နယ်အား နေအိမ်တွင် နေထိုင်ရေး အစီအစဉ် (Stay at Home) သတ်မှတ်ဆောင်ရွက်၍   ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ရာတွင် လူနာသစ်တွေ့ရှိရမှုနှင့် ပိုးတွေ့ရှိနှုန်း လျော့နည်းကျဆင်းလာသော မြို့နယ်များအား (Stay at Home) မြို့နယ်အဖြစ်မှ ဖြေလျှော့ပေးလျက်ရှိရာ   ဆက်လက် အကျုံးဝင်နေသည့် မြို့နယ် (၁၁) မြို့နယ်သာ ကျန်ရှိတော့သည်ကို နိုဝင်ဘာ ၃ဝ ရက်က တွေ့ရှိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဆောင်ရွက်ပေးထားသည်ကိုလည်း မြင်တွေ့ရသည်။

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီး သီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး   ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်ကိုလည်း သိရှိရသည်။

    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ နိုဝင်ဘာ ၃ဝ ရက်က Video Conference စနစ်ဖြင့် ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ် ထားနိုင်ပြီဖြစ်သော်လည်း စိုးရိမ်ဖွယ် ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉  ရောဂါပိုး (Variants of Concern) အုပ်စုတွင်  နိုဝင်ဘာ ၂၆ ရက်က  ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံ၍ ထည့်သွင်းခဲ့သည့် အိုမီခရွန် (Omicron) မျိုးဗီဇပြောင်း ရောဂါပိုးအနေဖြင့် ကမ္ဘာ တစ်ဝန်းတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရကြောင်းနှင့် ပြည်သူများ ကာကွယ်ဆေး လွှမ်းခြုံမှုများ ကောင်းမွန်စွာ လိုက်နာစေရေး၊ ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများကို ရောဂါကာကွယ် ထိန်းချုပ်ခြင်း  လုပ်ငန်းများနှင့်အတူ အလေးထား၍  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးတို့ အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

စီးပွားရေးဆောင်ရွက်ချက်များ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ၂၂ ရက်မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိပြီး ယခုလအတွင်း ဆက်လက် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုဝင်ဘာ ၃ ရက် ရက်စွဲဖြင့်  အမိန့်ကြော်ငြာစာ ထုတ်ပြန်ရာတွင် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စေရေးအတွက် ငွေသားဖြင့် ငွေပေးချေမှုတွင် ကျပ်သိန်း ၂ဝဝ ထက်မပိုစေရဘဲ ထိုပမာဏထက် ကျော်လွန်သည့် မည်သည့် ငွေပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများကိုသာ အသုံးပြု ရန် ထုတ်ပြန်ကြော်ငြာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး စည်းကမ်းချက်များနှင့်အညီ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများ ခရီးသွားရာသီဖွင့်ပွဲကို ယခုလ ၁၅ ရက်ကကျင်းပခဲ့သည်။ ငပလီကမ်းခြေဆောင်းဦး ပွဲတော်ကိုလည်း နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာ-တရုတ် နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းနေခြင်းကို မူဆယ်(မန်းဝိန်းဂိတ်)၊ ကျင်စန်းကျော့ဂိတ်နှင့် ကြုံကုတ်-ပန်ဆိုင်းဂိတ်တို့ကို ၂ဝ၂၁ ခုနှစ် ဧပြီနှင့် ဇူလိုင်လတို့တွင် ယာယီရပ်ဆိုင်းထားခဲ့ရာ ယခုအခါ ကျင်စန်းကျော့ဂိတ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့အား  နိုဝင်ဘာ ၂၆ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သဖြင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ ပိုမိုလွယ်ကူလာစေပြီဖြစ်ပါသည်။ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး အတွက် ပြည်ပနိုင်ငံ ၁၃ နိုင်ငံတွင် တာဝန် ထမ်းဆောင်နေကြသော မြန်မာစီးပွားရေး သံမှူးများနှင့်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့သည်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အားသာချက်၊ အားနည်းချက်၊ ဈေးကွက်ရရှိမှု အခြေအနေ၊ ဈေးကွက်အသစ်များ ဖော်ထုတ်ရရှိရေး၊ ကုန်ပစ္စည်းအရည်အသွေး၊ အစား အစာလုံခြုံဘေးကင်း စိတ်ချရေးတို့အတွက် သက်ဆိုင်ရာနိုင်ငံများ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။

တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်   တာဝန်ရှိသူများက ကုန်ထုတ်လုပ်မှု လုပ်ငန်းများ  ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ပေးနေသည်ကိုလည်း မြင်တွေ့ရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဒေသအသီးသီးရှိ လက်လီ/လက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် လက်ကားဈေးငွေကျပ် ၄၂၄ဝဖြင့် နေ့စဉ်ဖြန့်ဖြူးရောင်းချပေး လျက်ရှိရာ စားအုန်းဆီ တန်ချိန် ၉ဝ၆၂ ဒသမ ဝ၅  တန်၊ ပိဿာ ၅၅၄၅၉၈ဝ ရောင်းချခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်က သိရှိရသည်။

ဘာသာရေးနှင့်လူမှုဘဝမြှင့်တင်ရေး ဆောင်ရွက်ချက်

    နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့၏ (၂၆)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်က  နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)  မဟာ ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပသည်။ ထို့နောက် ဘွဲ့ခံရဟန်းတော်များက ဘွဲ့များ အသီးသီး လက်ခံရယူပြီး   နိုင်ငံတော်ပရိယတ္တိ   သာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏  ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြု ကတိသစ္စာခံယူကြသည်။ ထို့နောက် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာတော် ၁၈ ပါး၊ ဘွဲ့ခံရဟန်းတော် ၁၃၈ ပါးစုစုပေါင်း ၁၅၆ ပါးတို့ကို အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမ အစည်းအဝေးကို နိုဝင်ဘာ ၂၆ ရက်က  ရန်ကုန်မြို့  သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ စတင်ကျင်းပသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့  ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်  ဆရာတော်ကြီးများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာ တော်က အစည်းအဝေးဖွင့် သြဝါဒကထာ မြွက်ကြားတော်မူသည်။ ယင်းနောက် တာဝန် ကျရာကာလအတွင်း  ဆောင်ရွက်ချက်အစီရင်ခံစာတို့ကို သက်ဆိုင်ရာ တာဝန်ကျအဖွဲ့ ဆရာတော်များက တင်သွင်းလျှောက်ထားခြင်း၊ ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများကို တင်ပြလျှောက်ထားခြင်းများကို ပြုလုပ်ခဲ့ပြီး တာဝန်ကျအဖွဲ့ခွဲ ဆရာတော်များက ဝေဖန်ဆွေးနွေးတော် မူကြကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု  ဝတ်ရွတ်အဖွဲ့ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်း   ငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို နိုဝင်ဘာ ၂၉ ရက်က  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်၍ သစ္စာပြု ဆုတောင်းရွတ်ဖတ်ပူဇော် အမျှဝေခဲ့သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန်နှင့် ကပ်ကြီးသုံးပါးဘေးမှ လွတ်မြောက်စေရန် စိတ်စေတနာ ရည်သန်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) ဝတ်ရွတ်အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်မှ ယနေ့အထိ ၁၁ ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ခြင်း ဖြစ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

    ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလ ပိတ်ထားရသည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တို့အား နိုဝင်ဘာ ၁ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများ၊   Standard Operating   Procedure  (SOP)နှင့်အညီ ပြတိုက်များကို တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်၍ ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည်။ စာကြည့်တိုက် ဝန်ဆောင်မှုတွင် အမျိုးသား စာကြည့်တိုက် (နေပြည်တော်) www.nlmnpt.gov.mm နှင့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) www.nlm.gov.mm တို့တွင် Digital စာအုပ်၊ စာနယ်ဇင်း၊ ပေစာ၊ ပုရပိုက်စာ၊ သမိုင်းနှင့်  ရှေးဟောင်းသုတေသနစာစုများ၊ အစိုးရထုတ်စာအုပ်များ၊ အာဆီယံစာစုများ၊ ကမ္ဘာ့ကုလသမဂ္ဂစာစုများ၊ ရှားပါးစာစုများ၊ မြန်မာနိုင်ငံ အကြောင်းဆိုင်ရာ အင်္ဂလိပ်စာအုပ်များ၊  သုတေသနစာတမ်းများ၊ မြန်မာနိုင်ငံပြန်တမ်းများ စသည့် e-Reso- urces များကို ဝင်ရောက်ရှာဖွေဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် (၄၁) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်မှာ နိုဝင်ဘာ ၂၅ ရက်တွင် ဆိုက်ရောက်လာခဲ့သည်။ မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာ ၂၂၊ ၂၄ နှင့် ၂၅ ရက်တို့တွင် ကယ်ဆယ်ရေး ခရီးစဉ်များဖြင့် မြန်မာနိုင်ငံသား ၄၉၇ ဦးတို့ကို ခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီး   ပြန်လည်ခေါ်ယူပေးမှု အကြိမ်ရေအားဖြင့် ၁၇ဝ ခန့်ရှိပြီဖြစ်သည်။ စင်ကာပူနိုင်ငံတွင် ရောက် ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာ ၂၉ ရက်က အကြိမ် (၈ဝ)မြောက် ကယ်ဆယ်ရေးယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်း လိုင်းမှ ပြန်လည်ခေါ်ယူနိုင်ခဲ့ရာ နိုင်ငံသား ၁ဝ၅  ဦး  ပြန်လည်ရောက်ရှိ လာခဲ့သည်။

ဂျော်ဒန်နိုင်ငံမှ   နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား   ၆ ဦးတို့မှာလည်း နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်-အာမန်-ရန်ကုန် မြန်မာ့လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့မှလည်း တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင်  မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၈၄) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ပျံသန်း ပြေးဆွဲခဲ့ပြီး နိုင်ငံသား ၄၈ ဦးနှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များ ပါဝင်လျက်   စုစုပေါင်း ၇၅ ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့သည်။

ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA)မှ ကြီးမှူးကျင်းပသည့် (၁ဝ၁) ကြိမ်မြောက်  အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး၏ ရာသက်ပန် နာယကကြီး သတိုးသီရိ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက ဖတ်ကြားပြီး အသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းက အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်အစိုးရက နိုင်ငံ့တာဝန်ကို ထမ်းဆောင်သည့် ဆယ်လပြည့်မြောက်သည့် နိုဝင်ဘာလအတွင်း ပြည်သူ့အတွက် လုပ်ဆောင်ချက်များကား ယခုထက်ပို၍ များပြားစွာ ရှိနေပါသေးသည်။ လာမည့် ကာလများတွင်လည်း အစိုးရနှင့်ပြည်သူ တွဲလက်ညီစွာဖြင့်  မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ကျော်ဖြတ် အနိုင်ယူရင်း စည်းကမ်းပြည့်ဝသည့်  ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်း သွားကြရမည်သာ ဖြစ်ပါတော့သည်။   ။