အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့်  ဓာတ်အား လိုင်းတာဝါတိုင်များပျက်စီးဆုံးရှုံးခဲ့ရ

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့်  ဓာတ်အား လိုင်းတာဝါတိုင်များပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော်၊ ဇန်နဝါရီ - ၈

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တာဝါတိုင်များအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းကြောင့် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်း နီကယ်စက်ရုံ၏ အရှေ့ဘက်တွင် ပေါက်ကွဲသံကြားခဲ့ရပြီး လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါ စက်ရုံသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များက  သွားရောက် စစ်ဆေးခဲ့ရာ စက်ရုံအနီးတစ်ဝိုက်တွင် ပေါက်ကွဲပျက်စီးမှု မတွေ့ရှိရဘဲ ၂၂၀ ကေဗွီဒါတ်အားလိုင်းတစ်လျှောက်ရှိ တာဝါတိုင်များအား စစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၃ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခြင်း ခံထားရသည့် တိုင်အမှတ် T-၂၄၅ နှင့် T-၂၄၄ တို့တွင် အောက်ခြေမှ ကျိုး၍ လဲကျနေကြောင်းနှင့် တိုင်အမှတ် T-၂၄၃ တွင် အောက်ခြေတိုင်များ တိမ်းစောင်း ပြတ်ထွက်ပျက်စီးနေကြောင်း တွေ့ရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်များ ပျက်စီးခဲ့ရပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း၊ စက်ရုံလည်ပတ်မှုမရပ်တန့်စေရေးနှင့် လျှပ်စစ်မီးလိုင်းများ ပြန်လည်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာမှ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နှင့် မိုင်းထောင်ဖောက်ခွဲထွက်ပြေးလျက်ရှိသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။