ဓမ္မိယလဒ္ဓ

အခုတလော အဖေ့ကို မကြာမကြာသတိရမိသည်။ ကိုယ်တိုင်ခံစားချက်အရသော်လည်းဖြစ်မည်။ ကာလ၊ ဒေသ၊ အခြေအနေများ၏   လှုံ့ဆော်မှုတစ်ခုခုကြောင့် သော်လည်း ဖြစ်ပါလိမ့်မည်။ ယနေ့လူသားတို့၏ အသက်ရှင်သန်မှု ပျမ်းမျှသက်တမ်းသည် ဗုဒ္ဓဘာသာအလိုအရ    တစ်ရာတမ်း(နှစ်ပေါင်းတစ်ရာ) ဖြစ်ကြောင်း မှတ်သားတွေ့ရှိရပါသည်။ အဖေသည် အသက် ၁၀၀ ထိနေမသွားခဲ့ရ၊ ၇၆ နှစ်တွင် ကွယ်လွန်ခဲ့သည်။    ကျွန်တော်သည် မွေးဖွားစဉ်မှ  အသက် ၂၅ နှစ်အထိ မိဘများနှင့်အတူ   နေထိုင်ကြီး ပြင်းခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ်   တာဝန်ထမ်းဆောင်ခဲ့ချိန်မှစ၍    မိဘများနှင့် အနေဝေးခဲ့ရသည်။   အဖေ့အသက် ၆၀ ခန့်အထိ ကျွန်တော့်အနေဖြင့် မိဘများ၏ ဆုံးမမှုများ အောက်တွင်နေခဲ့ရာ    အဖေပြောနေကျစကားလုံးများအနက် ဓမ္မိယလဒ္ဓ ဆိုသော စကားကို အမြဲလိုကြားခဲ့ ရပါသည်။ ဓမ္မိယလဒ္ဓ၊    စင်ကြယ်တဲ့ပစ္စည်းပဲစားမယ်ကွာ ဆိုသောစကားကို မိသားစုဝင်များအား အလျဉ်းသင့်တိုင်းပြောလေ့ရှိပါသည်။    ကျွန်တော် အသက် ၁၀ နှစ်သား အရွယ်ခန့်ကတည်းက ကြားနေခဲ့ရသည့် သည်စကားလုံးကို ဦးနှောက်ထဲ၊ ရင်ထဲတွင်   ယနေ့ထိတိုင်စွဲနေခဲ့ခြင်းမှာ အဆန်းတော့မဟုတ်ခဲ့ပါပေ။

ဓမ္မိယလဒ္ဓ ဟူသော    စကားလုံးကို ဒမိယာ့လတ်ဒါ ဟု အသံထွက်ပြီး တရားသဖြင့် ရှာဖွေရရှိသောပစ္စည်း ဟု အဓိပ္ပာယ်ရကာ ပါဠိပုဒ်  ဓမ္မိယ နှင့် လဒ္ဓ ပေါင်းစပ်ပြီးမှဖြစ်လာသော  စကားလုံး(ပုဒ်)တစ်ခုဖြစ်ကြောင်း   မြန်မာအဘိဓာန်  (ဒုတိယအကြိမ်၊ သြဂုတ်၊ ၂၀၀၈) တွင် ဖွင့်ဆိုဖော်ပြထားပါသည်။ ထို့ပြင် မြန်မာ-အင်္ဂလိပ် အဘိဓာန်(ဆဋ္ဌမအကြိမ်၊ ၂၀၀၁) တွင်လည်း Lawfully obtained thing ဟု ဖွင့်ဆိုရှင်းပြထားပါသည်။ အဖေ့စကားဖြင့်  ယူ၍ပြောရလျှင် စင်ကြယ်သောပစ္စည်း တစ်နည်းအားဖြင့် ဓမ္မိယလဒ္ဓ။

အဖေ့ကို သတိရနေမိတာ ဒါကြောင့်လည်း ဖြစ်သည်။ အဖေသည် သူ့ဘဝတစ်လျှောက်လုံးတွင် သူပြော ခဲ့သည့်အတိုင်း စင်ကြယ်သော ပစ္စည်းကိုသာ  မိဘ၊ ဇနီး၊ သားနှင့်သမီးများအတွက် ရှာဖွေပေးကာ အသက်မွေးနေထိုင် ခဲ့ကြောင်း တွေ့ရပါသည်။ သူပြောခဲ့သည်။

သူပြောခဲ့သည့်အတိုင်း   လုပ်နိုင်အောင် ကြိုးစားခဲ့သည်။ ပြောခဲ့သည့်အတိုင်း လုပ်နိုင်ခဲ့သည်။ သူပြောခဲ့သည့် အတိုင်း နေထိုင်ခဲ့သည်။ သူပြောသလိုလုပ်ခဲ့သည်။ ကျွန်တော်တို့၏ နေ့စဉ် တကယ့် လက်တွေ့ဘဝတွင် မည်သည့် ကိစ္စမျိုးမဆို ပြောသလိုလိုက်၍လုပ်ဖို့မလွယ် ကူလှပေ။

ခေတ်(ကာလ)ကို လူတို့ကဖန်တီးသည်ဟု ဆိုသည်။ ဟုတ်လည်းဟုတ်ပါသည်။ ခေတ် အဆက်ဆက် အသက်ရှင် နေထိုင်ခဲ့ကြသည့် လူသားတို့က မိမိတို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး သို့မဟုတ် ဝန်းကျင် လောကကို မိမိတို့တစ်ဦးချင်းစီ၏ အသိ၊ အလုပ်တို့ဖြင့် ပုံဖော်ခဲ့၊ ပုံဖော်ဆဲ၊ ဆက်လက်၍ ပုံဖော်နေကြဦးမည်ပင် ဖြစ်သည်။ အဖေသည်လည်း လူသားတစ်ဦးဖြစ်၍ သူ့ဘဝပေးအတွေ့အကြုံ၊   ကိုယ်ပိုင်အတွေးအမြင်တို့ဖြင့်  သူနေထိုင်ခဲ့ရာ ကမ္ဘာကြီးကို ပါဝင်ဆေးခြယ်ခဲ့သည်ပင်။ ခေတ်တွေ၊ စနစ်တွေ၊ စီမံအုပ်ချုပ်မှုပုံစံတွေ၊ နေ့စဉ်လူမှုဘဝနေထိုင်မှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေ၊ ....တွေ၊ ...တွေ ပြောင်းလဲနေကြသည်။ လူသည် နေ့စဉ် လူမှုဘ၀၀န်းကျင်နှင့် ထိတွေ့ဆက်ဆံနေရသူဖြစ်သည်။ နေ့စဉ်ကြုံ တွေ့နေရသည့်အချိန်ဟူသော အပြောင်းအလဲ၏ ဦးဆောင်မှုနောက်ဝယ် ဘာတွေကိုပြောင်း လဲကြမည်။ ဘာတွေကိုတော့ ယခင်အတိုင်းသို့မဟုတ် ရှိနေမြဲအတိုင်း ဆက်၍ဆက်ကာ ထိန်းသိမ်းသွားရမည်ဟူသည်ကို အသိဉာဏ် ရှိသော၊ အသိဉာဏ်ကို ပိုင်ဆိုင်စေစားနိုင်စွမ်း ရှိသောလူသားတို့က  စဉ်းစားဆုံးဖြတ်ကာ ဆောင်ရွက်နေကြရသည်ပင်ဖြစ်သည်။ ယင်းသို့ အစဉ်အဆက် စောင့်ကြည့် စွဲကိုင်ထားကြရမည့် အရာများတွင် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ လူမှုဘဝနီတိနှင့် စံနှုန်းများ၊ ရိုးရာယဉ် ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ  ပါဝင်ကြပါသည်။

ခေတ်တစ်ခေတ်ကို ဖန်တီးပုံဖော်နေကြသော လူသားတို့အတွက် စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိကြစေရန် မိခင်နှင့် ဖခင်တို့၏ အကြောင်းရင်း ခံသော ကျေးဇူးတရားဖြင့် မိဘတို့၏ လက် ဆောင်ဦးနှောက်တစ်လုံးကို   လူသားတိုင်း ကိုယ်စီမွေးရာပါရရှိကြပေသည်။ ဦးနှောက်ပါရှိပြီး မွေးဖွားခဲ့ကြသော်လည်း ဖြတ်သန်းနေရသည့် အချိန်ကာလ၊ ရှင်သန်နေထိုင်ရသည့် ဒေသ၊ ရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေ တို့နှင့် လိုက်လျောညီထွေစွာ ပြုမူဆက်ဆံနိုင်မှုမရှိပါက ငါ့သားလေး၊ ခေါင်းကြီးလို့ ဉာဏ်ကောင်းမလား အောက်မေ့ပါတယ်၊ စွပ်ကျယ်ပြဲတာပဲ အဖတ်တင်တယ် ဟူသော စကားလေးအတိုင်းပင်။ အတွေးနှင့်အမြင်ကွဲလွဲ၍ ယင်းတို့နှင့် ထိတွေ့နေထိုင် နေကြရသူများအတွက် အနှောင့်အယှက်သဖွယ်၊ ဆိုးကျိုးတစ်ခုသဖွယ်၊ အန္တရာယ်တစ်ခုသဖွယ် ဖြစ်လာစေနိုင်ပါသည်။ အဆိုးဆုံးမှာ ယင်းကဲ့သို့ တစ်ဦးတစ်ယောက်တည်းအတွက်သာ မဟုတ်တော့ဘဲ ရေရှည်တွင်ယင်းနှင့် သက်ဆိုင်နေကြသူများ အပေါ်တွင်ပင်အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာစေပြီး အဖွဲ့အစည်းတစ်ခု သို့မဟုတ် အသိုက် အဝန်းတစ်ခုလုံးအတွက်ပါ တံလျှပ်ရေထင် ၊ အများညီ ဤကျွဲဖတ် ၊ အမှားကြာ အမှန်ဖြစ်ပြီး မှားယွင်းသည့် ယဉ်ကျေးမှုတစ်ရပ်အသွင် ဖြစ်ပေါ်လာစေနိုင်ခြင်းပင်ဖြစ်ပါသည်။

ကျွန်တော်တို့သည် မိဘနှစ်ပါးမှ မွေးဖွားပေး ပြီးသည်နှင့် နာမည်တစ်လုံးစီအသိအမှတ်ပြု အခေါ်ခံစရာ ရရှိလာခဲ့ကြသည်။ ယင်းကဲ့သို့ ရရှိလာခဲ့သော မိမိတို့တစ်ဦးချင်းစီ၏ နာမည် ကို မိဘ၏ ကောင်းမွေတစ်ရပ်အဖြစ် ခံယူထား ကြရပါသည်။   မိမိ၏ ကိုယ်ပိုင်နာမည်နှင့်တွဲလျက် မည်သူမည်ဝါ၊ အဖေဘယ်သူ၊ အမေဘယ်သူ၏သား သို့မဟုတ် သမီးဖြစ်ကြောင်း အသိအမှတ်ပြုလေ့ရှိကြသည်။ မိမိ၏နာမည်သည်   မိမိကိုယ်ပိုင်၊  မိမိ၏ပုံရိပ်၊  မိမိ၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။   မိမိ၏ကိုယ်ပိုင် နာမည်ကောင်းရန် မိမိကိုယ်တိုင် ကံ(ကမ္မ)(အလုပ်)၊  ဉာဏ်၊ လုံ့လဝီရိယစိုက်ထုတ်၍ နေ့စဉ်ကြိုးပမ်း ဆောင်ရွက်ကြရမည်သာဖြစ်သည်။

တံလျှပ်သည် ရေမဟုတ်ပါ။ ဤ သည် ကျွဲ ဘယ်သောအခါမျှဖြစ်မလာပါ။ အမှားသည် အမှားဖြစ်နေမည်သာ။ ကျွန်တော်တို့အဖေသည် မိုးခါးရေကို လိုက်မသောက် ၊  ဤ ကိုလည်း ကျွဲ ဟူ၍ လိုက်မဖတ်ခဲ့ပါ။ ဓမ္မိယလဒ္ဓ ကို မူ  တစ်ခုသဖွယ် ကိုင်စွဲယူလျက် ဇနီး၊ သားသမီးများနှင့်  လုပ်ဖော်ကိုင်ဖက် အပေါင်းတို့အတွက် နမူနာကောင်း ကိုယ်တိုင် ပြကာ နေထိုင်သွားနိုင်ခဲ့ပါသည်။ ကျွန်တော် တို့အဖေ အခုမရှိတော့ပါ။   သူ့နာမည်၏ ကောင်းမွန်သော ဂုဏ်ဒြပ်နှင့် အရိပ်အောက်ဝယ် ဘယ်သူ့ရဲ့သားပဲ ဟူ၍ ကျွန်တော်တို့တွေ    လူ့ပတ်ဝန်းကျင်တွင်  ကောင်းစွာ ဆက်လက်နေထိုင်ခွင့်ရရှိနေဆဲ ဖြစ်ပါသည်။

အဖေ့ကို ကျွန်တော် ပို၍ပို၍လေးစားကာ အဖေ့အတွက် ဂုဏ်ယူနေမိပါသည်။ အဖေ အသက်ရှင်နေခဲ့သမျှကာလတစ်လျှောက်လုံး အဖေ့ကို သားချစ်ပါတယ် လို့ မှတ်မှတ်ရရတစ်ခါမျှ ကိုယ်တိုင်မပြောခဲ့ ရလို့လည်း နောင်တရလို့မဆုံးပါဘူး။ အဖေ့လိုအဖေတစ်ယောက် ဖြစ်နေအောင်    ကျွန်တော့်သားအတွက် ကျွန်တော်ကိုယ်တိုင်အတွက် အသက်ရှင်နေသမျှကြိုးစား၍    ရပ်တည်သွားရဦးမည်။ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်လူငယ်မောင်မယ်၊ သားတွေ၊ သမီးတွေအတွက် ငါ့အဖေဟာ ဘယ်သူပဲ   ငါ့ဆရာဟာ ဘယ်သူပဲဆိုတဲ့ ရိုးရှင်းတဲ့ဂုဏ်ပုဒ်မျိုး သူတို့လေးတွေရဲ့တောက်ပတဲ့ အနာဂတ် ပတ်ဝန်းကျင်မှာ ချန်ရစ်ခဲ့နိုင်ဖို့၊ ကျွန်တော်တို့လို မျိုးဆက်သစ် မိခင်၊ ဖခင်တွေ၊ မိခင်လောင်း၊ ဖခင်လောင်းတွေအနေနဲ့ ကိုယ့်ရဲ့ မိဘတွေအမွေပေးခဲ့တဲ့နာမည်တစ်လုံးကို ကိုယ့်ရဲ့သမိုင်းမှာ  လှပအောင် ရေးထိုးနိုင်ဖို့ နေ့စဉ်တည်ဆောက်ပြီး နေထိုင်သွားကြရဦး မှာပါ။ ငယ်စဉ်ကတည်းက အမြဲလိုကြားခဲ့ရတဲ့ ဓမ္မိယလဒ္ဓ ဆိုတဲ့စကားအတိုင်း နေ့စဉ်ဘဝတွေမှာ ကျွန်တော်တို့ တည်ကြည်ခိုင်မတ်စွာ နေထိုင် အသက်မွေးနိုင်အောင် ကြိုးစားသွားကြရဦးမှာပါ။ စင်ကြယ်စွာရရှိသော ပစ္စည်းနှင့် စင်ကြယ် ကောင်းမွန်သော အသက်မွေးမှုတို့ဖြင့် မိမိတို့ တစ်ဦးချင်းစီ၏ လိပ်ပြာလုံသည့် အမည်ဂုဏ်သတင်းနှင့် ပုံရိပ်တို့အား  အနာဂတ်မျိုးဆက် သစ်များအတွက် ချန်ထားနိုင်ခဲ့ရေးအတွက် ကျွန်တော်တို့၏ နေ့စဉ် အချိန်တိုင်းကို ကောင်းစွာ ဂရုပြုကာ နီတိရှိရှိ၊ ကျင့်ဝတ်မိမိဖြင့် တန်ဖိုး သိစွာ နေထိုင် သွားကြရမည်သာ ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။    ။

ဒေါက်တာအောင်ကျော်ဉီး