COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ
နေပြည်တော်၊ စက်တင်ဘာ - ၂၁
Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၁ ဦး၊ ရန်ကုန်မြို့မှ ရောက်ရှိလာသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၈ ဦး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦး၊ အင်းစိန်မြို့နယ်မှ ရောက်ရှိလာသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၅ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantineစောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်း များကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။
ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၉၁ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၃၅ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။