ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)) နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသားတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို သက်ဆိုင်ရာက ဒီဇင်ဘာ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်တွင် ဟင်းသီးဟင်းရွက်ဆီ ဟူသည့် ဖော်ပြချက်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည် မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထားခြင်း မရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာ ဖြစ်ကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်းများကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို
တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရန်(ဥပမာ-ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဟင်းသီးဟင်းရွက်ဆီများသည် အစေ့ သို့မဟုတ် အသီးအနှံများမှ ထုတ်ယူသော ဆီများဖြစ်သည်။ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ စားအုန်းဆီ စသည်တို့သည် အသီးအနှံများ၏ အစိတ်အပိုင်းများမှရရှိသော ဆီများဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများအရ လူတစ်ဦးသည် တစ်နေ့လျှင်ဆီကို လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းခန့် (၁ ဒသမ ၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံးသင့်ကြောင်းသိရသည်။ မြန်မာနိုင်ငံသားများ၏ တစ်နေ့ ဆီစားသုံးမှုသည် ၂ ဒသမ ၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေသဖြင့် ပုံမှန်သုံးစွဲသင့်သည့် ပမာဏထက်များစွာသုံးစွဲနေကြောင်း စစ်တမ်းများအရ သိရသည်။
ဘေးကင်းလုံခြုံမှုမရှိသော စားဆီများကိုသုံးစွဲခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုမှာ ကြီးမားလျက်ရှိသည်။ ဆီစားသုံးမှုနှင့်ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာများကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကျန်းမာရေးနှင့်မသင့်လျော်သည့်ဆီများကို စားသုံးမိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သုံးစွဲသင့်သည့်ထက် ပိုမိုစားသုံးမိနေခြင်းဖြစ်သည်။ မြန်မာဟင်း အများစုတွင်လည်း ဆီပြန်ဟင်းများကို ဟင်းကောင်းအဖြစ် နေရာယူထားသည်။ ဆီနည်းသည်ဆိုလျှင် ဟင်းက ဆီတောင်မပါဘူးဟု ဆိုတတ်ကြပြန်သည်။ မြန်မာ့စားစရာဟင်းလျာများတွင် ဆီကမပါမဖြစ် ဆိုသလိုပါနေပြီး လိုသည်ထက်ပင်ပိုစား ဖြစ်နေကြသည်။
အစားအစာသည် ဘဝတစ်ခုရှင်သန်ရန်အတွက် အရေးကြီးသော ကဏ္ဍတစ်ရပ်မှပါဝင်နေပါသည်။ လူသားတို့ အသက်ရှင်နေထိုင်နိုင်ရေး၊ လူ့ဘဝတိုးတက်ဖွံ့ဖြိုးရေး၊ လူနေမှုပတ်ဝန်းကျင်သာယာလှပစိုပြည်ရေး တို့အတွက် အစားအစာကို မရှိမဖြစ် အမှီသဟဲပြုကြရသည်။ လူတို့အသက်ရှင်နေထိုင်မှုနှင့် နေ့စဉ်လှုပ်ရှားသွားလာမှုတို့ကို တာဝန်ထမ်းဆောင်နေရသော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော စွမ်းအင်ကို အစားအစာမှရရှိသည်။ လူဦးရေတိုးပွားလာနေသည့် ကမ္ဘာကြီးတွင် ကလေးမွေးဖွားနှုန်းမြင့်မားနေသကဲ့သို့ သေဆုံးမှုနှုန်းမှာလည်း မြင့်မားနေသည်။ သေဆုံးမှုများထဲတွင် ဘေးကင်းလုံခြုံမှုမရှိသော အစားအသောက်များမှ ရရှိဖြစ်ပွားသည့် ရောဂါများကြောင့် သေဆုံးရခြင်းသည်လည်း အဓိကအကြောင်းအချက်တစ်ခု ဖြစ်သည်။
မြန်မာနိုင်ငံတွင် အစားအသောက်နှင့်ပတ်သက်၍ ၁၉၇၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ကျန်းမာ ရေးဆိုင်ရာဥပဒေ၊ အမျိုးသားအစားအသောက်ဥပဒေ (၁၉၉၇)၊ အမျိုးသားအစားအသောက် ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(၂၀၁၃)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တို့ကို ပြဋ္ဌာန်းထား ကြောင်းလည်း သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးနှင့် စားဆီထုတ်လုပ်ရေးလုပ်ငန်းကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသော်လည်း တိုးတက်သင့်သလောက် တိုးတက်နိုင်ခြင်း မရှိသည်ကိုတွေ့ရသည်။
စိုက်ပျိုးရေးဦးစီးဌာနကလည်း ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီစားသုံးနိုင်ရေးနှင့် ပြည်တွင်းဆီထွက် သီးနှံဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးပြီး သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပေးကာ ရလဒ်ဖော်ထုတ်ပေးရန် ပြောကြားသည်။ စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးကဏ္ဍအပြင် စားသုံးသူကာကွယ်ရေးကဏ္ဍမှလည်း ဥပဒေဖြင့် အကာအကွယ်ပေးရေး ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးမှုပုံစံဓလေ့အရ ဆီစားသုံးမှုမှာ ပိုမိုများပြားနေကြောင်း သိရပြီး နိုင်ငံခြားငွေများစွာ အသုံးပြုတင်သွင်းရသဖြင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်ကိုတွေ့ရသည်။ စားသုံးဆီများတွင် ပြည့်ဝဆီနည်းခြင်းက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ရာ ဆီများကိုဓာတ်ခွဲ စစ်ဆေးထုတ်ပြန်ချက်အရ နှမ်းဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်ဆီများက ပြည့်ဝဆီအနည်းဆုံးဖြစ်ပြီး စားအုန်းဆီက ပြည့်ဝဆီများသည်ကို တွေ့ရသည်။ သတ်မှတ်အရည်အသွေးဖြင့် ပြည်ပမှတင်သွင်း ခွင့်ပြုထားခြင်း ဖြစ်၍ စားသုံးရန်မသင့်သည့် ဆီမဟုတ်ဘဲ ကျန်းမာရေး မထိခိုက်စေသော သန့်ရှင်းသောဆီဖြစ်စေရေးအတွက် သိုလှောင်သယ်ယူထုပ်ပိုးသည့် နေရာများ၊ လက်လီရောင်းချသည့် နေရာများ အဆင့်ဆင့်တွင် သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန် လိုအပ်သည်။
ဆီစားသုံးမှုများပြားနေမှုကို အကြောင်းပြု၍ စားသုံးဆီ တင်သွင်းရောင်းချသူများ ထုတ်လုပ်ဖြန့်ဖြူး သူများက စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသည့် သို့မဟုတ် အခြေခံလိုအပ်ချက်ပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် လုပ်ဆောင်လာကြသည်။ မည်သည့်အပင်၏ အစေ့မှ ထုတ်လုပ်ထားသည့်ဆီ ဖြစ်ကြောင်း တိတိကျကျ မဖော်ပြဘဲ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဖြစ်ကြောင်းကို အသီးအရွက်ပုံများဖော်ပြကာ ဈေးကွက်အတွင်း တံဆိပ်ကပ် ကြော်ငြာရောင်းချနေသည်ကိုအားလုံးက တွေ့မြင်နေကြရသည်။ ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီအမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသားကို တိကျစွာ ဖော်ပြခြင်း မပြုသည့်အပြင် အချို့သောကြော်ငြာများက မိမိတို့၏ဆီသည် မပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး ကိုလက်စထရောမပါဝင်ကြောင်း အာမခံရောင်းချလျက်ရှိသည်။
မြန်မာနိုင်ငံသည် စားသုံးသူအများစုက အရည်အသွေးမပြည့်မီသည့်ဆီများစားသုံးခြင်း၊ ဆီကိုစားသုံး သင့်သည့် ပမာဏထက်ကျော်လွန်စားသုံးခြင်းကြောင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပေါ်နေရသည်။ စားအုန်းဆီကို မြေပဲ၊ နှမ်း ဓာတုအနံ့များထည့်သွင်းကာ မြေပဲဆီ၊ နှမ်းဆီအဖြစ်လိမ်လည်ရောင်းချခြင်း၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် မသန့်စင်ရသေးသည့် ဝါစေ့ဆီအနီရောင်ကို အရောင်လှအောင် ရောစပ်၍ နှမ်းဆီအဖြစ်ရောင်းချခြင်း၊ ရောဆီ၊ စပ်ဆီဟုဆိုကာ မြေပဲဆီနှင့်စားအုန်းဆီများကို ရောနှောထားပြီး ပါဝင်ပစ္စည်းဖော်ပြရာတွင် ဆီအမျိုးအစားနှင့် ရာခိုင်နှုန်းကို မှန်ကန်စွာ ဖော်ပြမှုမရှိဘဲ မြေပဲဆီပါဝင်မှုရာခိုင်နှုန်းကို ပိုမိုဖော်ပြပြီး ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း၊ ဆီသန့်အသစ်သုံးရမည့်အစား ပြန်ကြော်ဆီများကို ပြန်လည်သုံးစွဲခြင်း စသည့်နည်းကို အသုံးပြုလျက်ရှိသည်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံအားလုံးကို စားဆီအဖြစ် ကြိတ်ခွဲထုတ်လုပ်မည် ဆိုလျှင်တော့ ဆီဖူလုံမှုရှိမှာဖြစ်သော်လည်း မြေပဲနှင့်နှမ်းသည် ပြည်ပဝယ်လိုအားများ ပြည်ပပို့ကုန် ဖြစ်ခြင်းကြောင့် ပြည်တွင်းဆီလိုအပ်ချက်အတွက် စားအုန်းဆီကို တင်သွင်းဖြည့်ဆည်းရလျက်ရှိသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုန်ညင်း၊ ပဲပုပ်တို့သည် ဒေသမရွေးစိုက်ပျိုးနိုင်မှု မရှိခြင်း၊ နှမ်းနှင့်မြေပဲသည် ပြည်ပဝယ်လိုအားအပြင် မုန့်လုပ်ငန်းအသုံးပြု မှုများလည်း ရှိခြင်းတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ ဈေးအမြင့်ကို စားသုံးသူအများစုက ဝယ်ယူစားသုံးနိုင်ခြင်း မရှိတော့ဘဲ လေးပုံတစ်ပုံခန့်ဈေးသက်သာသည့် စားအုန်းဆီ သို့မဟုတ်ရောနှောဆီများကို ဝယ်ယူစားသုံးနေကြရသောအခါ ပြည်တွင်းဆီစက်လုပ်ငန်းများသည် လည်ပတ်နိုင်မှု အားလျော့သွားသည့် အခြေအနေကိုကြုံတွေ့ရလျက်ရှိသည်။ အချို့ဆီစက်များအနေဖြင့် ဆီထွက်သီးနှံများကို ကိုယ်တိုင်ဝယ်ယူကြိတ်ခွဲ၍ မိမိစက်ရုံတံဆိပ်ဖြင့် ဆီထုတ်လုပ်ရောင်းချနိုင်သည့် အခြေအနေမှ နဝလီကြိတ်ပေးခြင်းများသာ ဆောင်ရွက်နေသည့် ဆီစက်များအဖြစ်သာ လည်ပတ်နေသည်ကိုတွေ့ရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များသည် ဆီစက်များ ဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆီစက်မရှိဘဲ တံဆိပ်ကပ်ရောင်းချနေသောဆီများ၊ လိုအပ်သည့် အထောက်အထားမပါရှိသော ဆီများကိုစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ပို့၍ စားသုံးရန်မသင့်အဖြေထွက်ပါက တားမြစ်သိမ်းဆည်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်ကို ကြားသိရသည်။ ဈေးများအတွင်းတွင် ဆီများကို ခွက်ခြင်ဖြင့် ရောင်းချသူများသည်လည်း မိမိရောင်းချသော ဆီများဖြစ်သည့် စားအုန်းဆီ၊ မြေပဲဆီများကို မည်သည့်ဆီစက်၊ မည်သည့်လက်ကားဆိုင်များကဝယ်ယူသည်ဆိုသည့် ပြေစာမှတ်တမ်းထားရှိရန်၊ ရောနှောဆီကို စားသုံးသူတောင်းဆိုချက်အရ ကျေနပ်မှမှန်ကန်သော အချိုးအစားဖြင့် ရောနှောပေးရန်၊ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့် အချက်များပြည့်စုံစွာ ဖော်ပြပါရှိရမည် ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက အသိပေးလျက်ရှိကြောင်းသိရသည်။
စားသုံးသူပြည်သူအများစုမှာ ကျန်းမာရေး အသိဗဟုသုတ မရှိသောကြောင့်လည်းကောင်း၊ သိသော်လည်း ဝင်ငွေအဆင့်နိမ့်ကျသဖြင့် လုံခြုံစိတ်ချရသော စားသုံးဆီကို မစားသုံးနိုင်သောကြောင့် လည်းကောင်း၊ ရေရှည်ကောင်းကျိုးကို ကြည့်ရမည့်အစား အမြင်၊ အနံ့၊ အရသာဖြင့် ရွေးချယ်ဝယ်ယူတတ်သော ဓလေ့စရိုက်များကြောင့်လည်းကောင်း၊ ထုတ်လုပ်သူများက မမှန်မကန် ထုတ်လုပ်လျက်ရှိသည့် စားသုံးဆီများကို အားပေးနေသည့် ဈေးကွက်ရှိနေသေးခြင်းဖြစ်သည်ကိုတွေ့ရသည်။ မှန်ကန်မှုမရှိသော စားသုံးဆီများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းစသည့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေကြရသည်။ ပြည့်ဝဆီဆိုရာတွင် တိရစ္ဆာန်များမှထွက်သော အဆီများပါဝင်သည်ကိုလည်း သတိချပ်စေလိုသည်။ အကြောင်းမှာ အချို့တောရွာများတွင် အလှူအတန်းတစ်ခုခုပြီးသည့်အခါ ဥပမာ-ဝက်သားချက်ရာမှ ထွက်လာသော(ဝက်ဆီ)နှင့်အမဲဆီကဲ့သို့ တိရစ္ဆာန်တို့၏အဆီများကို သိုလှောင်ကာရောင်းချသည့် ဓလေ့များရှိ နေတတ်ခြင်းကြောင့် ဖြစ်သည်။
ဆီကို မီးခိုးငွေ့ထွက်သည်အထိ အပူချိန်မြင့်မားစွာထားမည်ဆိုလျှင် ဆီ၏ဓာတုပြောင်းလဲမှုဆင့်ကဲဖြစ်စဉ်ကို တားဆီးလျှော့ချ ထားစေရုံသာမက မြေပဲဆီ၏ ပင်ကိုသဘာ၀ မွှေးပျံ့သောအရသာကို ယိုယွင်း သွားစေမည်ဖြစ်သည်။ စားသုံးဆီများတွင် Smoke Point ဟူ၍ ရှိသည်။ Smoke Point ဆိုသည်မှာ ဆီ၏ မီးအပူချိန်ကိုခံနိုင်သော ပမာဏထက် လွန်ကဲသွားလျှင် ဆီမှအန္တရာယ်ရှိသော Free Radicals များ ထွက်လာနိုင်သည်။ မီးပြင်းပြင်းနှင့်ကြော်ရမည့်အချိန်တွင် smoke Point မြင့်မားသော ဆီအမျိုးအစားကိုသာ သုံးသင့်သည်။
ဆီများတွင်လည်း smoke Point တစ်ခုနှင့်တစ်ခု ကွာခြားလျက်ရှိသည်။ ဥပမာ-အုန်းသီးမှထုတ်လုပ်သော အုန်းဆီ၏ smoke Point မှာ ၁၁၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ပဲပုပ်မှထုတ်လုပ်သော ပဲပုပ်ဆီ၏ smoke Point မှာ ၂၄၁ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဆီများကို သုံးစွဲရာတွင် ဘူးခွံတွင်ပါဝင်သော smoke Point များကိုကြည့်ကာ ရွေးချယ်ဝယ်ယူသင့်သည်။ ဆီတွင်ပါဝင်သော အဆီဓာတ်၊ ကိုလက်စထရောပမာဏ၊ ဆိုဒီယမ်၊ ကယ်လိုရီ စသည်များကိုလည်း ကြည့်ရှုနှိုင်းယှဉ်ပြီး ဝယ်ယူသင့်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများကြောင့် အချိန်မတိုင်မီ သေဆုံးနိုင်ခြေ ၂၄ ရာခိုင်နှုန်းပိုများနေသည်။မကူးစက်နိုင်သော ရောဂါများကြောင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးမှုများ၏ ၂၅ ရာခိုင်နှုန်းသည် နှလုံးနှင့်သွေးကြောရောဂါများကြောင့် ဖြစ်ပြီး ၁၃ ရာခိုင်နှုန်းမှာ ကင်ဆာရောဂါများကြောင့်ဖြစ်ကြောင်း သိရသည်။
စားသုံးသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအရ မိမိဝယ်ယူမည့် ကုန်စည်အတွက်လိုအပ်သော သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရှိသည်။ ကုန်စည်နှင့်ပတ်သက်၍ မှားယွင်းသော ဖော်ပြခြင်းဖြစ်စေ၊ မမှန်ကန်သော ကြော်ငြာခြင်းဖြစ်စေ၊ မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ စားသုံးသူကလွဲမှားစွာ လက်ခံစေရန်ရည်ရွယ်၍ဆောင်ရွက်လျှင် လိမ်လည်လှည့်ဖြားရာရောက်သည်။ စားသုံးဆီ ရောင်းချဖြန့်ဖြူးသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချမည့် စားသုံးဆီ အမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန် လိုအပ်သည်။ သို့မှသာ စားသုံးသူများအနေဖြင့် မိမိကျန်းမာရေးနှင့်သင့်လျော်သည့် ဆီအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပြီး အစားအသောက် ဘေးကင်းလုံခြုံမှုကို ရရှိခံစားနိုင်မည်ဖြစ်သည်။
ပဲဆီများကို ရေခဲသေတ္တာအတွင်းထားလျှင် မခဲစေရန်၊ မြေပဲဆီအရောင်နှင့်အနံ့ဖြစ်စေဖို့ ဓာတုနည်းဖြင့် ပြုပြင်ကာ ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိနေသည်ဟု သိရသည်။ သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ အထက်ပါအချက်များအတိုင်း လိုက်နာကာ စားသုံးဆီများကိုရွေးချယ်ဝယ်ယူကြပြီး ဆီစားသုံးမှုဓလေ့ကို ပြုပြင်ရန်လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
မေယု-မျိုးအောင်(MANA)