(၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ)စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ ကျင်းပကြောင်း သတင်းကောင်းကိုမြင်တွေ့ရသည်။ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် ဘုရားရှင်၏ သာသနာတော် သုံးရပ်သည် ရှည်ကြာစွာ တည်တံ့ခိုင်မာနေရန် လိုအပ်ပေသည်။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်ကြရာတွင် ပရိယတ္တိ သာသနာတော်သည် အခြေခံအရင်း မူလအကျဆုံး ဖြစ်ပါသည်။ ရဟန်းတော်များ သင်ယူကျက်မှတ် လေ့လာအပ်သော ပရိယတ္တိသည် လူနတ်တို့၏ အကျိုးစီးပွားချမ်းသာ များသည့်အပြင် သာသနာတော် အရှည်ခံ့၍ တည်တံ့ခြင်း၏ ပဓာနအကြောင်းဖြစ်သောကြောင့် ကြည်နူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။
အဆိုပါ စာမေးပွဲဖွင့်ပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သာရဏီယသြဝါဒ ကထာမိန့်ကြားရာတွင် “အဓမ္မကို အဓမ္မ၊ ဓမ္မကို ဓမ္မ၊ အဝိနယကို အဝိနယ၊ ဝိနယကို ဝိနယဟု အမှန်အတိုင်း ဟောပြောပို့ချ သင်ပြနိုင်ဖို့ရန်မှာ သုံးဖြာသော ပိဋကတ်ကို သင်ယူကျက်မှတ်တတ် သိနားလည်မှုရှိမှသာ ဖြစ်နိုင်ပါကြောင်း၊ ယခုအရှင်မြတ်တို့ဖြေဆိုကြမည့် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋကဟူသော သုံးဖြာသော ပိဋကတ်ကျမ်းစာ အရပ်ရပ်တို့သည် အရှင်မြတ်တို့၏ မှန်ကန်သော ကျင့်ကြံနိုင်မှုနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်း တို့ကိုလည်း မှန်ကန်စွာ ဟောပြောပို့ချသင်ပြနိုင်မှု၏ ပဓာနအကြောင်း ကောင်းမြတ်သည့် အခြေခံဖြစ်ပါကြောင်း” မိန့်ကြားတော်မူပါသည်။
တိပိဋကရွေးချယ်ရေး စာမေးပွဲကြီးကိုကျင်းပရာတွင် ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကြီးကို အားပေး ချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေး၊ သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင်ပုဂ္ဂိုလ်ထူးဖော်ထုတ်ရေး ဟူသော ရည်ရွယ်ချက်များပင် ဖြစ်သည်။ တိပိဋကရွေးချယ် ရေးစာမေးပွဲကြီး ပေါ်ပေါက်လာရသည့် သမိုင်းအစမှာ မြန်မာနိုင်ငံတွင် သာသနာတော်နှစ်၂၅၀၀ ပြည့် နှစ်အမီ ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီး ကျင်းပရန်အတွက် နိုင်ငံတော်က အခြားထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများနှင့်
ညှိနှိုင်းရာတွင် ၎င်းနိုင်ငံတို့က ဆဋ္ဌသင်္ဂါယနာ တင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်ရှိပါသလားဟု ပြန်လည်မေးမြန်းခဲ့သည်။ သို့ဖြင့်ပိဋကတ်သုံးပုံဆောင် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူး ဖော်ထုတ်နိုင်ရန်အတွက် ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကြီးက တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြင့် သက္ကရာဇ် ၁၃၁၀ ပြည့်နှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီး စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
တိပိဋကဓရရွေးချယ်ရေး စာမေးပွဲမှ ပထမဦးဆုံး ပေါ်ထွန်းခဲ့သည့် မင်းကွန်းတိပိဋကဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသမှာ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်ထူးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်း ဝင်ခဲ့သည်။ ဆရာတော်ကြီးသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ပိဋကတ်စာပေကျမ်းဂန်များအား စစ်ဆေး မေးမြန်းရာ၌ မည်သည့်ကျမ်းစာ၊ စာမျက်နှာနံပါတ်၊ ကြောင်းရေမည်မျှတွင်ပါရှိသည်ဟူ၍ စစ်မေးသမျှ မဆိုင်းမတွတိကျစွာ ဖြေကြားနိုင်သည့်အပြင် အနက်သဘောတို့ကိုပါ ကျမ်းဂန်များနှင့်အညီ ပြန်လည်ရှင်းလင်း ဖြေကြားနိုင်သည့် အံ့သြဖွယ်ရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီး ဖြစ်သည်။
ယနေ့မျက်မှောက်ကာလ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သား၊ ရဟန်း၊ ရှင်၊ လူအများသည် မြတ်ဗုဒ္ဓရှင်၏ ငြိမ်းအေးချမ်းသာလှစွာသော သာသနာတော်အရိပ်၌ မှီခိုကိုးစားအားထား၍ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ နေကြရသည့် အကျိုးကျေးဇူးများကို စိစစ်သုံးသပ်ရပါက သဗ္ဗညု ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လည်းကောင်း၊ သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့ကြ သော အရှင်မဟာကဿပမှစ၍ ယနေ့တိုင် သမ္ဗုတိသံဃာတော်တို့ကိုလည်းကောင်း၊ သာသနာတော်ကို စောင့်ရှောက်ထောက်ပံ့ခဲ့ကြသော အဇာတသတ်မင်း စသော သာသနာ့ဒါယကာမင်းကောင်းမင်းမြတ်တို့နှင့်အခြားသောသာသနာပြုပုဂ္ဂိုလ် အသီးသီးကိုလည်းကောင်း အလေးဂရုပြု အောက်မေ့ထိုက်လှပါကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးတွင် ဝိနယပိဋကဝိနည်းပထမပိုင်းနှစ်ကျမ်း၊ ဝိနည်း ဒုတိယပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက-ဒီဃနိကာယ် သုံးကျမ်း၊ အဘိဓမ္မပိဋက-အဘိဓမ္မာပထမပိုင်း ငါးကျမ်း၊ အဘိဓမ္မာဒုတိယပိုင်းနှစ်ကျမ်း၊ ပိဋကတ်သုံးပုံ စုစုပေါင်းစာမျက်နှာ ၈၀၂၆ မျက်နှာကို အာဂုံပြန်ဆိုကြရပြီး သဘောရေးဖြေရာတွင် ပါဠိတော်များနှင့်အဖွင့်အဋ္ဌကထာ၊ ဋီကာကျမ်းများကိုပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ ပိဋကတ်တော်များကို နှုတ်ဖြင့်အလွတ်ရ အာဂုံဆောင်နိုင်ပြီး သဘောတရားတို့ကိုလည်း နားလည်သိမြင် ကျွမ်းကျင်နှံ့စပ်ကြသည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ကို ဓမ္မစေတီထိုက်သည်ဟူ၍ ချီးကျူးပူဇော်ကြခြင်း ဖြစ်သည်။ အသက်မရှိသောစာအုပ်စာပေ ကျောက်စာများ၌ ကိန်းဝပ်တည်ရှိသော ပိဋကတ်စာပေထက် အသက်ရှိသောပုဂ္ဂိုလ်များ၌ ကိန်းဝပ်တည်ရှိသောပိဋကတ်စာပေများက မိမိအကျိုးနှင့်အများအကျိုး တို့ကို ပိုမိုဆောင်ရွက်နိုင်သည် ဖြစ်ပေရာ သာသနာတော် ထွန်းကားပြန့်ပွားနေသမျှ နိုင်ငံတော်သည် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ ရှိနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။