၂ဝ၃ဝ ပြည့်နှစ်ခန့်တွင် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် အမေရိကန်အား ကျော်တက်မည့် တရုတ်
တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏသည် ၂ဝ၂၅ ခုနှစ်အထိ တစ်နှစ်လျှင် ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာနိုင်ပြီး ၂ဝ၃ဝ ပြည့်နှစ်အထိ နှစ်စဉ် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာနိုင်သောကြောင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည့် အမေရိကန်ကို ကျော်တက်နိုင်မည့် အလားအလာရှိကြောင်း ဗြိတိန်စီးပွားရေးနှင့် စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ သုတေသနအဖွဲ့က ခန့်မှန်းထား သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးသည် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်း သုံးစွဲမှုအပေါ် များစွာမှီခိုနေပြီး ပို့ကုန်ထုတ်လုပ် ရေးအတွက် နိုင်ငံတော်မှ အထောက်အပံ့ ရယူမှုနည်းပါးခြင်းကြောင့် လာမည့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည့် အမေရိကန်ကို ကျော်တက်၍ ကမ္ဘာ့စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်သည်ဟု သုတေသီများက ခန့်မှန်းထားခြင်းဖြစ်သည်။ အလားတူ ခန့်မှန်းချက်မျိုးကို ငွေကြေးဆိုင်ရာ အာမခံကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Euler Hermes ကလည်း ခန့်မှန်းထားသည်။
တရုတ်စီးပွားရေး ကုမ္ပဏီများအနေဖြင့် တခြားနိုင်ငံများသို့ ပုံမှန်တင်ပို့နေသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နေခြင်းအပေါ် အမှီမပြုဘဲ တန်ဖိုးမြှင့်ကုန် ပစ္စည်းများ ပိုမိုထုတ်လုပ်ရန် တရုတ်နိုင်ငံ ခေါင်းဆောင်များက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းက တိုက်တွန်း ပြောကြားခဲ့သည်။ သို့သော် အမေရိကန်နှင့်တရုတ် တို့ကြားဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲနှင့် ၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတို့ကြောင့် တရုတ်နိုင်ငံ အတွင်းရှိ စက်ရုံများကို ပိတ်ပစ်ခဲ့ရခြင်း သည် တရုတ်နိုင်ငံအပေါ် ဖိအားများ ပိုမိုကျရောက် လာစေခဲ့သည်။
ထို့ကြောင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီများသည် တရုတ်နိုင်ငံအတွင်း ကုန်ပစ္စည်း ထုတ်လုပ်မှုကိုလျှော့ချ၍ အလုပ်သမားခသက်သာပြီး ပတ်ဝန်းကျင် နှင့်လည်း လိုက်လျောညီထွေဖြစ်သည့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများတွင် ကုန်ပစ္စည်း ထုတ်လုပ်မှုကို တိုးချဲ့လာခဲ့သည်။ တရုတ်နိုင်ငံအတွင်း ကုန်ပစ္စည်းထုတ်လုပ်ခြင်းကို လျှော့ချပြီး တခြားနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်၍ ကုန်ပစ္စည်း ထုတ်လုပ်မှုကို တိုးမြှင့်လာခဲ့ကြသည်။ အဓိက ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံတွင်၂ဝ၂ဝ ပြည့်နှစ်အစောပိုင်းက ကိုဗစ်- ၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် အစိုးရ က နိုင်ငံအတွင်းရှိ စက်ရုံများကို ပိတ်ပစ်ခဲ့ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက်ပင်ဖြစ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၂ဝပြည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၂ ထရီလီယံရှိခဲ့ပြီး ၂ဝ၂၁ ခုနှစ်အတွင်း အမေ ရိကန်ဒေါ်လာ ၁၈ ထရီလီယံအထိ မြင့်တက်လာသည်ဟု ဈေးကွက်သုတေသန အဖွဲ့ကြီးတစ်ခုဖြစ်သည့် IHS Markit က ခန့်မှန်းထားသည်။ တခြား တစ်ဖက်တွင် အမေရိကန်၏ စီးပွားရေးသည် ၂ဝ၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃ ထရီလီယံသာ ရှိကြောင်း အဆိုပါ သုတေသနအဖွဲ့ကဆိုသည်။
တရုတ်နှင့် အမေရိကန်တို့ကြား ပြီးခဲ့သည့်နှစ် အတွင်းက စီးပွားရေး တိုးတက်မှုသည် ဆက်လက် ကွာခြားနေဆဲဖြစ်သော်လည်း ယင်းကွာခြားချက်သည် လာမည့်အနာဂတ်တွင် ကျဉ်းမြောင်းလာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ အတွင်း အလျင်အမြန် တိုးတက်လာပြီး အစိုးရအနေဖြင့်လည်း စီးပွားရေး တိုးတက်မှုအား အထောက်အပံ့ဖြစ်စေမည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တာနက် အပါအဝင် ကဏ္ဍအများအပြားသို့ ဝင်ရောက်၍ ထိန်းကျောင်းပေးခြင်းကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များကဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသည် အစိုးရ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံအတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မဟာ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ရန်ပုံငွေများနှင့် အနှောင်အဖွဲ့ ကင်းလွတ်သည့် ပြည်တွင်း နိုင်ငံရေးပါဝါ ရှိနေသည်။
တရုတ်ခေါင်းဆောင်များသည် နိုင်ငံ၏ စီးပွားရေး တိုးတက်လာစေရန် ဆန်းသစ်မှု ချက်ချင်းမလိုအပ် သော Hardware များ ထုတ်လုပ်သည့် နည်းပညာကို ဦးစားပေး လုပ်ဆောင်လာဖွယ်ရှိသည်ဟု စီးပွားရေးကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ထို့ပြင် အင်တာနက်ကဏ္ဍတွင် အစိုးရက ဝင်ရောက်ထိန်းကျောင်းပေးခြင်းသည်လည်း လျှပ်ကူးပစ္စည်းများနှင့် ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံ တိုးချဲ့မှုကို အဟန့်အတား မဖြစ်စေခဲ့ပေ။
အကယ်၍ နိုင်ငံတစ်နိုင်ငံသည် နည်းပညာ အခြေပြု ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက အဆိုပါ နိုင်ငံ၏စီးပွားရေး တိုးတက်မှုအတွက် ကြီးမားသည့် တွန်းအားအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်သည်။
အကြောင်းမှာ လက်ရှိ အမေရိကန်သည် နည်းပညာပိုင်း၌ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နည်းပညာ အခြေပြုကုန်ပစ္စည်းများ ထုတ်လုပ်၍ တခြားနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းကြောင့် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုကို များစွာ အထောက်အကူပြုနေခြင်းဖြစ်သည်။
အမေရိကန်၏ စီးပွားရေးသည် ၂ဝ၃ဝ ပြည့်နှစ်အထိ ဆက်လက်တိုးတက် နေမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသော်လည်း အဆိုပါနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ထူးထူးခြားခြား မြင့်တက် လာဖွယ်မရှိဟု ပညာရှင်များက သုံးသပ်ထားသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂ဝ၁၈ ခုနှစ်က ၂ ဒသမ ၉၈ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် ပြီးခဲ့သည့်ရှစ်နှစ်တာ ကာလအတွင်းရှိ နေသည့်တိုးတက်မှုနှုန်း ၂ ဒသမ ၄၅ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်သည်။ ထိုအချက်သည် တရုတ် နိုင်ငံက သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် နိုင်ငံ့စီးပွား ရေး တိုးတက်စေရေး လုပ်ဆောင်မှုကဏ္ဍ၌ အစိုးရက အဓိကဦးစားပေး လုပ်ငန်းစဉ်အဖြစ် ပါဝင်လုပ်ဆောင် နေခြင်းဖြစ်ကြောင်းကို ပြသနေသောကြောင့် တရုတ်၏ စီးပွားရေးသည် ၂ဝ၃ဝ ပြည့်နှစ်ခန့်တွင် အမေရိကန်အား ကျော်တက်သွားနိုင်မည့် အလားအလာ ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားခြင်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။