စမွတ် (တရုတ်နံနံ)
အင်္ဂလိပ်အမည် - Celery; Wild Celery
မျိုးရင်း -Umbelliferae (နံနံမျိုးရင်း)
ရုက္ခဗေဒအမည် - Apium graveolens Linn
အဓိကဆေးဖက်ဝင်ပုံ
ချောင်းဆိုးရောဂါ၊ အော့အန်ရောဂါ၊ ကြို့ထိုးရောဂါ၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ရေဖျဉ်းရောဂါများအတွက် ဆေးဖက် ဝင်အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာပြည်အနှံ့အပြား၌ စိုက်ပျိုးနိုင်သည်။ သဘာဝအလျောက်ပေါက်သော အပင်ဖြစ်သော်လည်း ဟင်းခပ်အမွှေးအကြိုင်အဖြစ် သီးသန့်စိုက်ပျိုးကြသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အပင်နှင့်အစေ့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
အပင်။ ။နှစ်နှစ်ခံပင်ပျော့မျိုးဖြစ်၍ ၁ ပေမှ ၃ ပေအထိမြင့်သည်။ ပင်စည်ထောင်မတ်၍ အကိုင်းများ ထောင်မတ်သည်။
အရွက်။ ။ အဝိုက်များပါရှိ၍ ရွက်နားအခွ သို့မဟုတ် ခွေးသွားစိတ်များပါရှိသည်။ အစိမ်းဖျော့ရောင်ရှိ၍ အနံ့စူးရှသည်။
အပွင့်။ ။ အပွင့်ငယ်များပွင့်၍ အဖြူရောင်ရှိပြီး အစိမ်းရောင် အနည်းငယ်သန်းသည်။ ထီးသဏ္ဌာန်ကဲ့သို့ အဆုပ်လိုက်ပွင့်သည်။
အသီး။ ။ အသီးတွင် အမြှောင်းများပါရှိ၍ ရှည်လျားကျဉ်းမြောင်းသည်။
အစေ။ ။ အစေ့သည် အလွန်သေးငယ်သော အစေ့ကလေးများဖြစ်သည်။ ဆေးကျမ်းများအဆိုအရသာနှင့် အကျိုးသွား။ ။ ပူ၊ ခါး၊ စပ် အရသာရှိသည်။ ကြေကျက်ပြီး ဝိပါက၌စပ်၏။ အစာကိုကြေကျက်စေ၏။ ဝမ်းမီး
ကိုတောက်စေ၏။
ဂုဏ်နှင့်စွမ်းရည်။ ။တွန့်ရှုံ့စေတတ်၏။ သုက်ကိုပွားစေ၏။ နှလုံးကိုအကျိုးပြု၏။ လေ၊ သလိပ်၊ ဒေါသကိုနိုင်၏။ လေပြွန်ချောင်းများပူခြင်း၊ အော့အန်ခြင်းကို ပျောက်ကင်းစေနိုင်၏။ ကြက်ညှာချောင်းဆိုး
ကို ပျောက်ကင်းစေ၏။ ရေဖျဉ်းရောဂါ၊ ပိုးရောဂါ၊ ဝစ္စမဂ်(စအိုပေါက်)ပိတ်နာကျင်ခြင်းကို ကုစားနိုင်၏။ ကြို့ထိုးရောဂါကို ပျောက်ကင်းစေ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ကြို့ထိုးလျှင် စမွတ်ကိုဝါး၍ ထွက်လာသော အရည်ကို တဖြည်းဖြည်းမျို ချပေးလျှင် ကြို့ထိုးခြင်းမှ ပျောက်ကင်းစေနိုင်သည်။ ထမင်းစားပြီး ကြို့ထိုးတတ်လျှင် စမွတ်ကို ထမင်းနှင့်အတူရော၍ ကြိုတင်စားသုံးသင့်သည်။ အတို့အမြှုပ်အဖြစ်လည်း စားသုံးနိုင်သည်။
၂။ ချောင်းခြောက်ဆိုးရောဂါ ဥတုလိုက်ဖြစ်သော ချောင်းဆိုးရောဂါတို့ကို ကာကွယ်သည့်အနေဖြင့် စမွတ်ကို ဟင်းခပ်အမွှေးအကြိုင်အဖြစ် နံနံပင်ကဲ့သို့ နေ့စဉ်စားသုံးပေးပါ။
၃။ အဆက်မပြတ်ချောင်းဆိုးလျှင် စမွတ်အစေ့ကို ကွမ်းရွက်တွင်ထည့်၍ ဝါးပြီး ငုံထားပါက သက်သာ ပျောက်ကင်းစေနိုင်သည်။
၄။ ဝမ်းဗိုက်၌ ထိုး၍နာကျင်လျှင် စမွတ်ကိုထောင်းပြီး ဆားပုပ်နှင့်ရော၍ တိုက်ကျွေးပါက ထိုးအောင့်ခြင်းမှ သက်သာစေနိုင်သည်။
၅။ ရင်ပြည့်ရင်ကယ်၊ အစာမကြေ၊ ရင်တောင့်လျှင် စမွတ်ကိုထန်းလျက်နှင့်ရော၍ စားသုံးလျှင် ရင်ပြည့်ရင်ကယ်ခြင်းမှ သက်သာစေနိုင်သည်။
၆။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအတွက် စမွတ်ကို နံနံပင်ကဲ့သို့ နေ့စဉ်စားသုံး ပေးခြင်းဖြင့် ဆေးဖက်ဝင် ဓာတ်စာတစ်မျိုးဖြစ်သည်။
၇။ နှလုံးကြီး၊ နှလုံးအောင့်၊ ရင်ပူ၊ အမောရောဂါရှိသူများသည် စမွတ်အစေ့ကိုကြိတ်၍ ပျားရည်နှင့် ရောထားပြီး နေ့စဉ်ဟင်းစားဇွန်း တစ်ဇွန်းသောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်သည်။
၈။ ကြက်ညှာချောင်းဆိုး (အဆက်မပြတ်ဆိုးသောချောင်း) ကလေးများတွင်ဖြစ်လျှင် စမွတ်အစေ့ကို ဆားနှင့်ရော၍ ဒယ်အိုးတွင် လှော်ပြီး အနည်းငယ် (ကလေးအသက်အရွယ်နှင့် ချင့်ချိန်၍) တစ်နေ့သုံးကြိမ် တိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။
စူလာနဖာ
အင်္ဂလိပ်အမည် - မတွေ့
မျိုးရင်း - Fumariaceae
ရုက္ခဗေဒအမည် - Fumarria Prvilosalam
အဓိကဆေးဖက်ဝင်ပုံ
ယားယံခြင်း၊ ထိခိုက်ရှနာ၊ အနာပေါက်၊ ပိုးရောဂါ၊ အဖျားရောဂါ၊ အသားဝါရောဂါ၊ အကိုက်ခဲဖျားရောဂါ၊ သွေးအန်ရောဂါများ ဆေးဖက်ဝင်အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာပြည်အနှံ့အပြား သဘာဝအလျောက် ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အပင်ပဉ္စငါးပါး၊ အရွက်တို့ကို ဆေးဖက်ဝင်အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
မိုးတွင်း၌ ပေါက်ရောက်၍ မြေတွင် ကပ်လျက်ပေါက်ရောက်သည်။ လေးဖက်လေးတန်ဖြာထွက်ပြီး အခက်အလက်တို့ဖြင့် အုပ်စုကဲ့သို့ အုံ့ဆိုင်းနေသည်။ ၁ ပေမှ ၁ ပေခွဲအထိသာမြင့်သည်။ အရွက်မှာ လက်မဝက်မှ ၂ လက်မအထိရှည်သည်။ အနံမှာ ၁ လက်မ၏ ၄ ပုံ ၁ ပုံခန့်ကျယ်၏။ အရွက်၏ အရင်းနှင့် အဖျားသည်ချွန်၏။ (အချို့အရပ်များတွင် စူလာနဖာပင်ကို အရွက်ချွန်သဖြင့် မြွေစွယ်ပင်ဟုလည်းခေါ် သည်။) အပွင့်မှာ ခရမ်းရောင်သန်း၍ နှင်းဆီရောင်ရှိ၏။ အသီးမှာ ဂျုံစေ့ခန့်သာ ရှိသည်။ စူလာနဖာ တစ်ပင်လုံး၌ နူးညံ့သော အမွှေးဖြူကလေးများဖြင့် ဖုံးအုပ်ထားလျက် ရှိသည်။ အပင်၌ အနံ့ရှိ၍ အနည်းငယ်
စူးရှသည်။ အရွက်ကိုဝါးကြည့်လျှင် စပ်၍ ခါးသောအရသာရှိသည်။
ဆေးကျမ်းများအဆို
အရသာနှင့်အကျိုးသွား။ ။ အရသာခါး၏။ သတ္တိမှာအေး၏။ ကြေကျက်ပြီးနောက် ဝိပါက၌စပ်၏။ ကြေကျက်လွယ်၏။
ဂုဏ်နှင့်စွမ်းရည်။ ။ မလ(အညစ်အကြေး)တို့ကို တားမြစ်တတ်၏။ လေကို ဖောက်ပြန်စေ၏။ သည်းခြေ၊ သလိပ်၊ ဒေါသတို့ကိုငြိမ်းစေ၏။ အဖျား၊ သွေးဖောက်ပြန်ခြင်း၊ နှုတ်မမြိန်ရောဂါ၊ အပူနာ၊ ပျို့ခြင်း၊ ပင်ပန်းခြင်း၊ ယစ်မူးခြင်း၊ တုလာသရော(ဆီးများခြင်း)၊ အန်ခြင်း၊ ရေငတ်ခြင်း၊ သွေးအန်သွေးကျရောဂါဖြစ်ခြင်းတို့ကို ပျောက်ကင်းစေတတ်၏။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ကိုယ်ရေဝါရောဂါ(အသားဝါ)ဖြစ်လျှင် စူလာနဖာပင်ကိုပြုတ်၍ မတ်ခွက်တစ်လုံးမျှ မနက်ည သောက်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။
၂။ အဖျားရောဂါအတွက် စူလာနဖာ၊ ခရမ်းကစော့၊ ဆင်တုံးမနွယ်တို့ကို ဆတူရောစပ်၍ ရေဖြင့် ၃ ပုံ ၁ ပုံကြွင်းအောင်ကျိုပြီး သောက်သုံးပေးလျှင် အဖျားကျစေနိုင်သည်။
၃။ နာတာရှည်အဖျားရောဂါဖြစ်လျှင် စူလာနဖာ၊ စမုန်ညို၊ စမုန်စပါးတို့ကို ရောစပ်၍ ပြုတ်သောအရည်ကို စွဲ၍ သောက်ပေးခဲ့သော် နာတာရှည်အဖျားရောဂါမှ ပျောက်ကင်းစေနိုင်သည်။
၄။ ပိုးရောဂါ၊ ပိုးကြောင့်ဖြစ်သော ရောဂါများဖြစ်ခဲ့လျှင် စူလာနဖာကိုအိပ်မွေ့သီးနှင့် ရောပြုတ်၍ သောက်သော် သက်သာပျောက်ကင်းစေနိုင်သည်။
၅။ သွေးအန်ရောဂါဖြစ်လျှင် စူလာနဖာပြုတ်ရည်ကို ပျားရည်နှင့် ရောသောက်ခဲ့လျှင် သက်သာပျောက်ကင်း စေနိုင်သည်။
၆။ ယားယံခြင်းဖြစ်လျှင် စူလာနဖာကို အမှုန့်ပြု၍ သိန္ဓောဆားနှင့်ရောပြီး လျက်ပေးခဲ့သော် ယားယံခြင်းမ ှပျောက်ကင်းစေသည်။
၇။ သွေးတိုးရောဂါ၊ သွေးတိုးအမူးရောဂါများ ဖြစ်ခဲ့သော် စူလာနဖာပြုတ်ရည်ကို ဓာတ်ဘူးတွင်ထည့်၍ ရေနွေးကြမ်းသောက်သကဲ့သို့ အကြမ်းပန်းကန်ဖြင့် အစာစားပြီးတိုင်း တစ်ခွက်မှနှစ်ခွက် သောက်သုံး ပေးလျှင် သွေးတိုးကျစေနိုင်သည်။ လွန်ကဲစွာသောက်လျှင် ဘေးထွက်ဆိုးကျိုးရှိသဖြင့် တန်ဆေး၊ လွန်ဘေး သတိဖြင့်သောက်သုံးရန်ဖြစ်သည်။
၈။ စူလာနဖာအရွက်ကို အရည်ညှစ်ချပါက အနာဖန်ဆေးရည်ကဲ့သို့ ဓာတ်မျိုးပါသဖြင့် အနာကို ကျက်စေနိုင်သည်။ တောတွင်းသွားသူများ ထိခိုက်ရှနာဖြစ်ပါက အနာကို သန့်စင်အောင် ရေဆေး၍ စူလာန
ဖာရွက်ထောင်းပြီး အုံထားပေးပါက ပိုးဝင်ခြင်း၊ အနာရင်းခြင်းမှကာကွယ်စေနိုင်သည်။ ဆေးဝါးမရှိသော နေရာတွင် သုံးရန်ဖြစ်သည်။ ။
ကြည်လွင်မြင့်(မုဒြာ)