ရေအသက်တစ်မနက် ထမင်းအသက်ခုနစ်ရက်၊ ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတစ်ခါ ရေသာ တစ်လှည့်၊ ရေများရာ မိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမြင့် ကြာမြင့်၊ ရေနစ်သူ ဝါးကူလို့ထိုး၊ ရေစုန် ရွက်တိုက်၊ ရေနိမ့်ရာစီး မီးမြင့်ရာလောင်၊ ရေမနောက် ကြာမလျှောက် စသည့်ရေနှင့် စကားပုံများကို မြန်မာမှုနယ်ပယ်၌ တွင်ကျယ်စွာသုံးစွဲလျက်ရှိသည်။ ရေမရှိလျှင် သက်ရှိအားလုံးရှင်သန်ကြွင်းကျန်နိုင်မည် မဟုတ်ချေ။
နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည်ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင် ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုး မကြုံရလေအောင် အဖိုးတန်သောရေကို မိုးရာသီကတည်းက စနစ်တကျစုဆောင်းထားပြီး ချွေတာသုံးစွဲသွားသင့်သည်။
စင်စစ်အားဖြင့် သက်ရှိများအတွက် အရေးပါဆုံးသောအရာသည် “ရေ” ပင်ဖြစ်နေသည်။ ဓာတုဒြပ် ပေါင်းတစ်ခြုဖစ်သည့် ရေမော်လီကျူးတစ်ခုတွင် ဟိုက်ဒရိုဂျင် အက်တမ်တစ်ခုနှင့် အောက်ဆီဂျင်အက်တမ် နှစ်ခု (H2O) တို့ပေါင်းစပ်ပါဝင်ကြောင်းကို ငယ်စဉ်ကတည်းက ဓာတုဗေဒဘာသာရပ်တွင် သင်ကြားခဲ့ရသည်။
ရေကိုသတ်မှတ်အပူချိန်နှင့် ဖိအားအောက်တွင် အရည်အဖြစ် တွေ့ရလေ့ရှိသည်။ ထို့ပြင် ရေခဲ၊ ရေခိုးရေငွေ့၊ နှင်းခဲ၊ မြူငွေ့နှင့် တိမ်တိုက်အဖြစ်လည်း ရပ်တည်နေပါသည်။ ကမ္ဘာ့မြေမျက်နှာပြင် ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့်ဖုံးလွှမ်းထားရှိပြီး ရေအများစုသည် ပင်လယ်သမုဒ္ဒရာများတွင် စုဖွဲ့တည်ရှိနေကြသည်။
ရေဘယ်လောက်သောက်မလဲ
လူတစ်ဦး၏နေ့စဉ် လုံလောက်စွာ သောက်သုံးသည့် ရေပမာဏသည် ထိုသူ၏ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို ထိန်းသိမ်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နေ့စဉ်သောက်ရေဖန်ခွက် ရှစ်ခွက်မှ ၁၀ ခွက်ခန့်အထိ သောက်သုံးသူသည် ကျန်မာရေးကောင်းမွန်မည်ဟု ကျွမ်းကျင်သူများက ဆိုထားသည်။ အထူးသဖြင့် အမျိုးသားများသည် ရေ ၁၃ ခွက်(၃ လီတာခန့်)အထိ သောက်သုံးသင့်ပြီး အမျိုးသမီးများသည် ကိုးခွက်(၂ ဒသမ ၂လီတာခန့်)အထိ သောက်သင့်သည်ဟုလည်း ဆိုထားသည်။
စင်စစ်အားဖြင့် ရေသည်လူတစ်ဦး၏ ကျန်းမာရေးအတွက် များစွာ အရေးပါလျက်ရှိသည်။ ထို့ပြင် ရေသည် လူ့ကိုယ်ခန္ဓာတွင် အဓိကကျသော အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ပါဝင်နေသည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအရွယ်အစားပေါ် မူတည်၍ ရေ ၅၅ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ဦးနှောက်နှင့် နှလုံးတွင် ရေ ၇၃ ရာခိုင်နှုန်းပါဝင်ပြီး အဆုတ်တွင် ၈၃ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟုဆိုသည်။
အကျိုးကျေးဇူးများ
လူတစ်ဦးသည် ရေကိုဖူလုံစွာ သောက်သုံးထားပါက ဦးနှောက်၊ ခန္ဓာကိုယ်ဆဲလ်များ၊ အစာခြေစနစ်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေရုံသာမက အသားရေခြောက်ခန်းမှု၊ ပြင်ပရောဂါပိုးဝင်မှုတို့ကိုပါ ကာကွယ်ပေးသည့်အပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်သည်။ ထို့ပြင် ရေကိုလုံလောက်စွာ သောက်သုံးခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှု လျော့ပါး သက်သာစေခြင်း၊ စိတ်ရွှင်လန်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေအော့အန်သည့် ဝေဒနာမှ သက်သာစေခြင်း၊ အစာကြေလွယ်ပြီးဝမ်းချုပ်ခြင်းမှ ကင်းဝေးခြင်း၊ ကိုယ်ခန္ဓာအလေးချိန် လျော့ကျစေခြင်း၊ အဆိပ်အတောက် ဖြစ်ပွားနိုင်မှုမှ လျော့ပါးစေခြင်း၊ ကိုယ်ခန္ဓာအေးမြမှုကို ထိန်းချုပ်ပေးခြင်း စသည့် အကျိုးကျေးဇူးပေါင်းများစွာကို ရရှိစေသည်။
သန့်ရှင်းသော ရေရှားပါးလာကမ္ဘာမြေကြီး၏ ၇၀ ရာခိုင်နှုန်းသည် ရေနှင့်ဖုံးလွှမ်းလျက်ရှိသော်လည်း သန့်ရှင်းသော သောက်သုံးရေမှာမူ အလွန်အမင်းရှားပါးလျက်ရှိသည်။ ကမ္ဘာ့ရေထု၏ ၃ ရာခိုင်နှုန်းခန့် သာလျှင် သန့်ရှင်းသော သောက်သုံးရေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျားဖြစ်ပွားခြင်းနှင့် ရေနှင့်ဆက်စပ်သည့် အခြားရောဂါများ ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ကလေးငယ်အများစုအပါအဝင် နှစ်စဉ် လူ ၂ သန်းခန့်သည် ဝမ်းရောဂါဖြင့် သေဆုံးရလျက်ရှိသည်။ ထို့ပြင် ကမ္ဘာလူဦးရေ ၄ ဘီလီယံခန့်သည် ရေရှားပါးမှုဒဏ်ကို တစ်နှစ်လျှင် အနည်းဆုံး တစ်လခန့်ကြုံတွေ့ရလျက်ရှိသည်။ လူဦးရေ ၂ ဘီလီယံကျော်သည် ရေဖူလုံမှု မရှိသောနိုင်ငံများတွင် နေထိုင်ရလျက်ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်း၌ ရေရရှိရေးအတွက် နည်းလမ်းကောင်းများ တိုးတက် လာသော်လည်း လူဦးရေသန်း ၁၀၀၀ ခန့်သည် သန့်ရှင်းသော သောက်သုံးရေ မရှိနိုင်သေးသည့်အပြင် ကျန်သန်း ၂၅၀၀ ခန့်သည်လည်း ကျန်းမာရေးနှင့် ညီညွတ်သောရေကို ဖူလုံစွာမရှိကြသေးပါ။
ထို့ပြင် ၂၀၂၅ ခုနှစ်ရောက်ရှိချိန်တွင် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်သည် ရေကိုအခြေခံသည့် ရောဂါများနှင့် ရင်ဆိုင်ရမည်ဟု လေ့လာသုံးသပ်သူများက ဆိုထားသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲဒေသများတွင် ရေလိုအပ်ချက်သည် ၅၀ ရာခိုင်နှုန်းကျော်လွန်မည်ဟု ဆိုသည်။
အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် စစ်ပွဲများသည် နိုင်ငံရေးကြောင့် မဟုတ်ဘဲ သောက်သုံးရေရရှိရေးကို အကြောင်းပြု၍ ဖြစ်ပွားလာမည်ဟု ဆိုသည်။ လူဦးရေတိုးပွားလာမှုသည်လည်း ရေရှားပါးရခြင်း၏ အခြေခံ အကြောင်းရင်းတစ်ခုဖြစ်သည်။ ရေရှားပါးမှု ကြုံတွေ့နေရပြီး ဖြစ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေသန်း ၃၅၀၀ ခန့်သည် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ခန့်မှန်းထားရှိသည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို အချိန်မီ စနစ်တကျ ထိန်းသိမ်းကာကွယ်မှု မရှိလျှင်ရေရှားပါးပြတ်လပ်မှုပိုမိုမြင့်မားလာမည်ဖြစ်သည်။
ရေရှားပါးမှုဖြစ်ရသည့် အကြောင်းရင်းများ
မြို့ပြများတိုးချဲ့တည်ဆောက်ခြင်း၊ စက်မှုလုပ်ငန်းများ ထူထောင်ခြင်းနှင့် သဘာဝသစ်တောများကို လွန်ကဲစွာ ခုတ်လှဲခြင်းသည် ရေရှားပါးရခြင်း၏ အခြေခံအကြောင်းတရားများပင် ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အပူလွန်ကဲခြင်း၊မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ဆီးနှင်းများကျခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထိုသို့သဘာဝလွန်ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားမှုသည် သဘာဝရေ အရင်းအမြစ်ကို ထိန်းသိမ်းထားနိုင်စွမ်း နည်းပါးလာပြီး ရေရှားပါးခြင်းဆိုသော နောက်ဆက်တွဲ ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါသည်။
ထို့ပြင် မြို့ပြများတွင် စက်ရေတွင်းများလွန်ကဲစွာ တူးဖော်ခြင်းသည်လည်း မြေအောက်ရေအရင်းအမြစ်ကို ဆုတ်ယုတ်စေပါသည်။ ရေသည်ကမ္ဘာ့စီးပွားရေးလုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လျက်ရှိသည်။ စက်ရုံများမှ ထုတ်လွှတ်သော စွန့်ပစ်ဓာတုပစ္စည်းများကို မြစ်၊ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာ များအတွင်းသို့ စွန့်ပစ်လေ့ရှိကြသည်။ စက်ရုံ၊ အလုပ်ရုံများအား အအေးခံခြင်းနှင့် ထုတ်ကုန်ပစ္စည်းကို တင်ပို့ရာတွင်လည်း ရေလမ်းကိုသာအသုံးပြုကြရသည်။ ထို့ကြောင့် စနစ်တကျ စီမံခန့်ခွဲမှုများဖြင့်သာ အနာဂတ်ရေရှားပါး ပြတ်လပ်မှုပြဿနာကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။
ရေကိုဘယ်လိုချွေတာမလဲ
လူတိုင်းသည် နေ့စဉ်မိုးလင်းမိုးချုပ်ရေကိုသုံးစွဲနေရမည်ဖြစ်သည်။ ထိုသို့သုံးစွဲရာတွင် လူတစ်ဦးတစ်ယောက်ချင်းစီမှ အဖိုးတန်ရေကို ချွေတာသုံးစွဲသွားမည်ဆိုလျှင် ရေရှားပါးသော ဒေသရှိပြည်သူများကို ကူညီရာရောက်ပါသည်။ သွားတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော်နေစဉ် ရေပိုက်ခေါင်းကိုပိတ်ထားခြင်း။ ရေပိုက်ခေါင်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း။ နေအိမ်ရှိရေပိုက်ခေါင်းအားလုံးကို ပြုပြင်ထားခြင်း။ ရေချိုးခန်းရေပန်းခေါင်း တိုတိုကိုသာ အသုံးပြုခြင်း။ ရေပန်းခေါင်းကို လိုအပ်သလောက်သာ ဖွင့်၍ရေချိုးခြင်း။ ပန်းဥယျာဉ်များကို မိုးရေနှင့်သာ ပက်ဖျန်းခြင်း။ အိမ်သာရေစိမ့်မှုကိုပြုပြင်ထားခြင်း။ ရေစိမ့်နေသည့် နေရာများကို စစ်ဆေးခြင်း။ မိုးရေကိုခံထားခြင်း။ ရေအိမ်ကိုအမှိုက်ပုံးကဲ့သို့အသုံးမပြုခြင်း။ ရေချွေတာသည့်စက်များဝယ်ထားခြင်း (ဥပမာ- ပန်းကန်ဆေးစက်၊ အဝတ်လျှော်စက်)။ မည်သည့်အခါမျှရေကို မသွန်ပစ်ရန်တို့ကို ပြုမူလုပ်ဆောင်ခြင်းဖြင့် ရေကိုချွေတာနိုင်သည်။
ပင်ပန်းဆင်းရဲကြနွေရာသီရောက်ပြီဆိုသည်နှင့် ကျေးလက်နေပြည်သူများ အထူးသဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဝေးကွာသောဒေသများတွင် နေထိုင်သူများအတွက် ခေါင်းအခဲရဆုံး ပြဿနာသည် သောက်သုံးရေရှားပါးမှုပင်ဖြစ်သည်။ နွေရာသီ၌ရေရှားပါးမှု ကြုံတွေ့ရသည့် အချို့သော ဒေသများတွင် နေ့စဉ်သုံးရေရရှိရေးထက် သောက်ရေဖူလုံရေးကိုပင် များစွာ ခက်ခဲကြသည်။ ကျေးလက်နေ ပြည်သူများသည် သောက်သုံးရေတစ်ပုံး၊ တစ်အိုးရရှိရေးအတွက် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာများသို့ ပင်ပန်းကြီးစွာ သွားရောက်ကာ ခပ်ကြရလေ့ရှိသည်။ နွေရာသီတွင် အိမ်မွေး တိရစ္ဆာန်များ ဖြစ်သည့် ကျွဲ၊ နွားများနှင့်အတူ ရေရှိသည့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့်ရေကန်ရှိသော နေရာများသို့ သွားရောက်နားခိုရလေ့ ရှိပါသည်။
အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို စင်စစ်အားဖြင့် နွေရာသီတွင် ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့ နေရသဖြင့် ကျေးလက်နေပြည်သူများ၏ အနာဂတ်ကို မြော်တွေးကာ သောက်သုံးရေ ဖူလုံရေးအတွက် ထိရောက်သော ရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော် ပေးသင့်ပါသည်။ နွေရာသီတွင် ရေရှားပါးပြတ်လပ်မှု ကြုံတွေ့ရသည့် ဒေသများသည် မိုးရာသီတွင် ရေအောက်ကြမ်းပြင် ဖြစ်သွားလေ့ရှိသည်။ ကျေးလက်နေပြည်သူများသည် ထိုအခြေအနေမျိုးကို နှစ်စဉ်ကြုံတွေ့နေကြရသည်။ ထို့ကြောင့် ရေရှားပါးမှုနှင့် ရေလွှမ်းမိုးမှုဒဏ်မှ ကင်းဝေးရလေအောင် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားရန်လည်း လိုအပ်ပါသည်။ နွေရာသီတွင် ကျေးလက်နေပြည်သူများ ရေဖူလုံရေးအတွက် အလှူရှင်များ အပါအဝင် တာဝန်ရှိသူများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်ကြသည်။ ထိုကျေးလက်နေ ပြည်သူအများစုသည် နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ဒဏ်ကို ခါးစည်းခံရလေ့ရှိကြသည်။ ထို့ကြောင့် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် နွေရာသီတွင် သောက်သုံးရေ ဖူလုံစေရေးအတွက် ကြိုတင်မြော်တွေးကာ ကိုယ်စီအသိစိတ်ဓာတ်ရှိစွာ တန်ဖိုးရှိသော ရေကိုစနစ်တကျချွေတာ သုံးစွဲသွားစေချင်ပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)