စိတ်ဝင်တစား စောင့်ကြည့်ရမည့် အီရန်နှင့် အမေရိကန်တို့၏ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့် အခြေအနေ

စိတ်ဝင်တစား စောင့်ကြည့်ရမည့် အီရန်နှင့် အမေရိကန်တို့၏ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့် အခြေအနေ

အမေရိကန်နိုင်ငံသားများကို တိုက်ခိုက်ပါက ပြင်းထန်သည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း အမေရိကန်အစိုးရက အီရန်အား ဇန်နဝါရီ ၉ ရက်တွင် သတိပေးလိုက်သည်။

အီရန်တပ်မှူးတစ်ဦးအား  လုပ်ကြံမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ   အမေရိကန်နိုင်ငံသား  ၅၁  ဦးအပေါ် အီရန်က ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အမေရိကန်အစိုးရ၏  အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် မိမိတို့၏ နိုင်ငံသားများကို ကာကွယ်ပေးမည်ဖြစ်ပြီး ပိတ်ဆို့ခြင်း ခံရသည့် အမေရိကန်နိုင်ငံသားများ အပါအဝင် မည်သည့် အမေရိကန်နိုင်ငံသားကို မဆို  တိုက်ခိုက်မည် ဆိုပါက ပြင်းထန်သည့် အကျိုးဆက်များနှင့်    ရင်ဆိုင်ရမည်ဟု   အိမ်ဖြူတော်မှ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီရန်က ပိတ်ဆို့မှု ချမှတ်လိုက်သည့် အမေရိကန် နိုင်ငံသားများတွင် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ မာ့စ်မေးလီလည်း ပါဝင်နေသည်။ မာ့စ်မေးလီအပါအဝင် အမေရိကန် နိုင်ငံသား ၅၁ ဦးအား  အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ ထင်ရှားသည့် တပ်မှူးတစ်ဦးဖြစ်သူ  ကာဆန်ဆိုလေမာနီအား  လုပ်ကြံမှုတွင် ပါဝင်ခြင်းကြောင့် အီရန်အစိုးရက ဇန်နဝါရီ ၈ ရက်တွင် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကာဆန် ဆိုလေမာနီသည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်က  အီရတ်နိုင်ငံ  ဘဂ္ဂဒက်မြို့ရှိ   လေဆိပ်၌  မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း  သေဆုံးခဲ့ခြင်း ဖြစ်သည်။    အဆိုပါ တိုက်ခိုက်မှုတွင်   အမေရိကန်နှင့် အစ္စရေးတို့ ပါဝင်လျက်ရှိသည်ဟု    အစောပိုင်းက သုံးသပ်ချက်များ  ထွက်ပေါ်လာခဲ့သည်။

ကာဆန်ဆိုလေမာနီသည် အီရန်၏ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ    စစ်ရေးမဟာဗျူဟာ၏ ဗိသုကာအဖြစ် ရှုမြင်ခြင်း ခံထားရသူဖြစ်သည်။ ထို့ပြင် ၎င်းသည်

အီရန်၏ ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်တွင်လည်း အရေးပါသည့် နေရာမှ ပါဝင်လျက်ရှိသည်။ ထို့ကြောင့်  ကာဆန်ဆိုလေမာနီသည် အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်၏   မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်  အစ္စရေးအား အဓိက ခြိမ်းခြောက်နေသည့် စစ်သွေးကြွအဖွဲ့များထံ    ဒုံးကျည်များ ထောက်ပံ့ပေးပို့ရာတွင်   အဓိကအရေးပါသူ တစ်ဦးဖြစ်၍ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက   လုပ်ကြံခဲ့ခြင်း ဖြစ်သည်ဟုလည်း   ဆိုနိုင်သည်။ 

ကာဆန်ဆိုလေမာနီအား  လုပ်ကြံလိုက်ခြင်းသည်  ယခင်ကတည်းက ဆက်ဆံရေး တင်းမာနေသည့် အီရန်နှင့် အမေရိကန်တို့အား ပိုမိုတင်းမာသည့် အခြေအနေသို့  တွန်းပို့ပေးခဲ့သည်။ ကာဆန်ဆိုလေမာနီအား  လုပ်ကြံမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က   အီရတ်နိုင်ငံအတွင်း တပ်ဖြန့်ထားသည့် အမေရိကန်တပ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အမေရိကန်တပ်များမှာ  အတော်အထိနာ ခဲ့ရသည်။  သို့ရာတွင်  အမေရိကန်က   အင်အားသုံး တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

အီရန်နှင့် အမေရိကန်တို့ကြား  ဆက်ဆံရေးကို ကြည့်မည်ဆိုလျှင်   အမေရိကန် အစိုးရက   အီရန်၏ နျူကလီးယား အစီအစဉ်မှ ၂ဝ၁၈ ခုနှစ်က နုတ်ထွက်ပြီးနောက်ပိုင်းမှစ၍ ယိုယွင်းလာခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရက  အီရန်နိုင်ငံအပေါ်  ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာမှ   အဆိုးရွားဆုံး အဆင့်သို့  ရောက်ရှိလာခဲ့သည်။    

အီရန်နျူကလီးယား အစီအစဉ်ကို အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက် ၂ဝ၁၅ ခုနှစ်က    လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။  ထိုသို့ လက်မှတ်ရေးထိုးရာတွင် အမေရိကန်အပြင် တခြားကမ္ဘာ့ အင်အားကြီးနိုင်ငံများ ပါဝင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။   နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခြင်းကို တခြားဥရောပ အင်အားကြီးနိုင်ငံများက တားဆီးခဲ့သော်လည်း အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကမ္ဘာ့ခေါင်းဆောင်များတားမြစ်နေသည့်ကြားမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ဒေါ်နယ်ထရမ့်သည်   အယူအဆ တင်းမာသူတစ်ဦးအဖြစ်  ရှုမြင်ခံထားရသူဖြစ်ပြီး    အီရန်နျူကလီးယား သဘောတူညီချက်မှာ  နိုင်ငံအတွက်     မည်သို့မျှ အကျိုးပြုခြင်းမရှိဟူသော အကြောင်းပြချက်ဖြင့် နုတ်ထွက်သွားခြင်းဖြစ်သည်။

အမေရိကန်အစိုးရက နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားပြီးနောက် အီရန်အပေါ် တင်းကျပ်သည့် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကြောင့် အီရန်အစိုးရအနေဖြင့်  အခက်အခဲအမျိုးမျိုးတွေ့ကြုံခဲ့ရသည်။အမေရိကန်က ချမှတ်သည့် ပိတ်ဆို့မှုများတွင် အီရန်၏ ဘဏ္ဍာရေးကဏ္ဍသာမက  အသက်သွေးကြောအဖြစ် တည်ရှိနေသည့်  ရေနံထုတ်လုပ် တင်ပို့မှုပါပါဝင်နေသောကြောင့်  အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုသည် အီရန်အား အတော်အတန် ချည့်နဲ့စေခဲ့သည်။

သို့ရာတွင်  အီရန်သည်  အမေရိကန် အစိုးရက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို နည်းလမ်းအမျိုးမျိုး အသုံးပြု၍    ရှောင်ရှားနိုင်ရန်     လုပ်ဆောင်ခဲ့သည်။

တစ်ချိန်တည်းမှာပင်    အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖြန့်ထားသည့်   အမေရိကန်တပ်များ အနေဖြင့် ခြေလှမ်းမမှားစေရန် သတိပြုရမည်ဟု သတိပေးထားပြီး အမေရိကန်တပ်များ၏ လုပ်ဆောင်ချက်များကို သတိထားစောင့်ကြည့်ခဲ့သည်။

အီရန်နှင့်  အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေးသည်   အီရန်စစ်ဘက်မှ အရာရှိကြီး တစ်ဦးဖြစ်သူ ကာဆန်ဆိုလေမာနီ လုပ်ကြံခြင်းခံရပြီး နောက်ပိုင်းမှစ၍  ပိုမိုတင်းမာလာခဲ့သည်ကို တွေ့ရသည်။   အကြောင်းမှာ   ကာဆန်ဆိုလေမာနီ လုပ်ကြံခံလိုက်ရခြင်းသည် အီရန်အတွက် အရှိုက်ကို  ထိုးနှက်ခံလိုက်ရသကဲ့သို့ ဖြစ်စေခဲ့သည်။     ကာဆန်ဆိုလေမာနီ လုပ်ကြံခံရမှုကြောင့် ထွက်ပေါ်လာခဲ့သည့် တင်းမာမှုများသည် အကယ်၍   အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဂျိုးဘိုင်ဒင် အနိုင်ရရှိပါက  အတော်အတန် ပြေလျော့လာမည့်အလားအလာများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိ အမေရိကန် အစိုးရ၏မူဝါဒမှာ  ဒေါ်နယ်ထရမ့်အစိုးရ လက်ထက်က   မူဝါဒများနှင့်ယှဉ်ပါက များစွာ ပြောင်းလဲလာမှု မရှိဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန် အစိုးရသည် အီရန်အား ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့်  နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်နေခြင်းကြောင့်ပင်ဖြစ်သည်။

ယခုအခါ   အီရန်အစိုးရသည်   အမေရိကန်၏ အမြဲတမ်းပိတ်ဆို့ခံဘဝမှ အမေရိကန်အား ပြန်လည်ပိတ်ဆို့မှုများ ချမှတ်လာသည်ကို  တွေ့ရသည်။ အမေရိကန်အပေါ်   ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့်စပ်လျဉ်း၍  အသေးစိတ် အချက်အလက်များကို အတိအကျ မသိရှိရသေးသော်လည်း အီရန်၏ အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန်အား အံ့အားသင့်စေမည်ဖြစ်သည်။

အကြောင်းမှာ အမေရိကန်အစိုးရ အဆက်ဆက်ကသာ အီရန်အပေါ် ပိတ်ဆို့နေခြင်းဖြစ်ပြီး အီရန်မှာ အမြဲတမ်းပိတ်ဆို့ခံအဖြစ်  ရပ်တည်နေသည့် နိုင်ငံဖြစ်သောကြောင့်ဖြစ်သည်။  သို့သော်  ကာဆန်ဆိုလေမာနီ လုပ်ကြံခံရမှုသည် အကျိုးဆက်များစွာကို ဖြစ်ပေါ်စေသည်ဟု   ဆိုရမည်ဖြစ်သည်။   ကာဆန်ဆိုလေမာနီလုပ်ကြံခံရပြီး မကြာမီ  အီရန်က အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို   ဒုံးကျည်များဖြင့်  ပစ်ခတ်တိုက်ခိုက်၍ လက်တုံ့ပြန်ခဲ့သည်။

ယခုအခါ ကာဆန်ဆိုလေမာနီအား လုပ်ကြံရာတွင် ပါဝင်သည်ဟု ယူဆရသူများကိုပါ အီရန်က အရေးယူပိတ်ဆို့မှုများ ချမှတ်လာခဲ့ပြီဖြစ်သောကြောင့် အီရန်နှင့်  အမေရိကန်တို့ကြား  ဆက်လက်ဖြစ်ပွားမည့် ဗုံလုံတစ်လှည့်၊   ငါးဖျံတစ်လှည့် အခြေအနေများကို ကမ္ဘာ့နိုင်ငံများက စိတ်ဝင်တစား စောင့်ကြည့်နေမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။