သင်္ချာသဘောတရားက ဖွင့်ဆိုသော အာဆီယံ၏ ပေါင်းစည်းမှုနှင့် ပကတိတန်ဖိုး

သင်္ချာဆိုသည်

သင်္ချာဆိုသည်မှာ ကိန်းဂဏန်းများ လက္ခဏာများဖြင့် ဖော်ပြထားသော ဘာသာစကားတစ်ခုဖြစ်သည်။

ထို့ကြောင့် သင်္ချာဖော်မြူလာတိုင်း၏ နောက်ကွယ်တွင် ဆိုလိုရင်းနှင့် အဓိပ္ပာယ်ရှိစမြဲဖြစ်သည်။ သဘာဝတရားတိုင်း၏ နောက်ကွယ်တွင် သင်္ချာဖော်မြူလာများ ရှိပေသည်။ သိပ္ပံပညာသည်   သဘာဝကို လေ့လာ၍ သင်္ချာဖော်မြူလာများကို ဖော်ထုတ်ပေးခြင်း ဖြစ်သည်။  ထို့ကြောင့် သဘာဝနိယာမ သဘောတရားများသည် သင်္ချာဖြစ်သလို  သင်္ချာဆိုသည်မှာလည်း သဘာဝ နိယာမ သဘောတရားများပင်  ဖြစ်သောကြောင့် သင်္ချာဖော်မြူလာများသည် သဘာဝတရားများ နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်မှာ အထူးအဆန်းတော့ မဟုတ်။ ထို့ကြောင့်လည်း   သင်္ချာအီကွေးရှင်း တစ်ကြောင်းသည် ဆိုလိုရင်း အဓိပ္ပာယ်များစွာ ပါဝင်နေလေ့ရှိပြီး ရှုထောင့်ပေါင်းစုံမှ တွေးကြည့်နိုင်သလို တွေးနိုင်သလောက်လည်း အဓိပ္ပာယ် ရှိနေတတ်သည်။ 

Arithmetic

စာရေးသူတို့  သင်္ချာကို  ထိတွေ့ခဲ့ရသည်မှာ ကိန်းဂဏန်းများကို မည်သို့ ပေါင်း၊ နုတ်၊ မြှောက်၊ စား လုပ်ရမည်ဆိုသော ဗမငအ့ာနအငခ ဘာသာရပ်မှ စတင်သည်။ ကိန်းဂဏန်းများတွင်လည်း ကိုယ်စီအဓိပ္ပာယ်များ ရှိသကဲ့သို့ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား လက္ခဏာများတွင်လည်း ဆိုင်ရာအဓိပ္ပာယ်များရှိလေသည်။ လောကတွင် မည်သည့်အရာမှ တစ်သမတ်တည်းမရှိဘဲ အတက်၊ အကျရှိစမြဲမှာ သဘာဝတရားဖြစ်သည်။  ထို့ကြောင့် သင်္ချာတွင်လည်း ထိုသဘောတရားများကို ဖော်ပြသည့် တိုးခြင်း၊ လျော့ခြင်း လက္ခဏာများ ရှိလေသည်။ တိုးလိုလျှင် ပေါင်းမည်၊ မြှောက်မည်ဖြစ်ပြီး လျှော့လိုလျှင် နုတ်မည်၊ စားမည်ဖြစ်သည်။ တိုးလိုလျှင် ပေါင်းမည်၊ မြှောက်မည်ဖြစ်သော်လည်း သဘောတရား ချင်းတော့မတူ။ အခြေအနေချင်းလည်း  မတူပေ။

အလားတူ လျော့လို၊ လျှော့လိုလျှင် နုတ်မည်၊ စားမည်ဖြစ်ပြီး လျှော့ချင်တိုင်း နုတ်၍မရသလို စား၍လည်း မရပေ။

အပေါင်းနှင့်အမြှောက်

တိုးခြင်းနှစ်မျိုးရှိသည်။ မတူသော ကိန်းများစုဖွဲ့၍ တိုးခြင်းနှင့် တူသောကိန်းများစုဖွဲ့၍ တိုးခြင်းဖြစ်သည်။ အပေါင်းသည် မတူညီသည့် ကိန်းများစုဖွဲ့၍ တိုးခြင်းဖြစ်သလို တူညီသောကိန်းများလည်း စုဖွဲ့နိုင်သည်။

ဥပမာ- ၃+၄+၂ သည် ၉ ဖြစ်သလို ၃+၃+၃ သည်လည်း ၉ ဖြစ်သည်။ သို့သော် တူသောကိန်းများစုဖွဲ့၍ တိုးလျှင်မူ အမြှောက်ဟုခေါ်သည်။ တစ်နည်းအားဖြင့် တူသောကိန်းများကို ပေါင်းခြင်းသည် အမြှောက်ဖြစ်

သည်။ သို့သော် ထိုတူသော ကိန်းများကိုပဲ မြှောက်လိုက်လျှင်မူ ထပ်ကိန်းဟုခေါ်သည်။ တူညီသောကိန်းများ တိုးခြင်းဖြစ်သော်လည်း အမြှောက်နှင့်ထပ်ကိန်းသည် ရလဒ်ပိုင်းတွင် အလွန်တရာကွာခြားလှသည်။ အမြှောက်သည် သာမန်ဆတိုးခြင်းဖြစ်သော်လည်း ထပ်ကိန်းသည်အဆင့်ဆင့် အထပ်ထပ်တိုင်းကို အဆဖြင့်တိုးပွားနေခြင်းဖြစ်သည်။ ဥပမာ  ၂_၂_၂_၂_၂_၂=၆၄ ဖြစ်သည်။

အခြေခံစုဖွဲ့မှုနှင့်အင်အား

 သင်္ချာဖော်မြူလာတစ်ခုသည် စုဖွဲ့မှုပုံစံတစ်ခု သို့မဟုတ် ဖြစ်တည်မှုတစ်ခုကို ဖော်ပြနေခြင်း ဖြစ်သည်။

အထက်ပါ တိုးခြင်းသဘောတွင် အခြေခံတူညီသောကိန်းဂဏန်းများစုဖွဲ့မှုနှင့် အခြေခံမတူညီသော ကိန်းဂဏန်းများ စုဖွဲ့မှုပေါ်မူတည်၍ ရလဒ်များကြီးမားစွာ ကွာခြားသွားသည်ကိုတွေ့ရှိနိုင်သည်။ ထို့ကြောင့် စုဖွဲ့မှုတွင် အခြေခံတူညီသော စုဖွဲ့မှုသည် ကြီးမားသော အင်အားကို ဖြစ်ထွန်းစေ၍ ရလဒ်ကောင်းများစွာ ပေါ်ထွက်စေသည့် အရင်းခံအကြောင်းတရား ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ အင်အားကောင်းသောရလဒ် သို့မဟုတ် အရှိန်အဟုန်ကြီးမားသော တန်ဖိုးတစ်ခုကို ရလိုလျှင် အခြေခံတူညီသော စုဖွဲ့နိုင်မှုသည် ပဓာနကျလှပေသည်။

စုဖွဲ့ခြင်းနှင့် အဖွဲ့အစည်းသဘောတရား

လူဆိုသည်မှာ သဘာဝအရ တစ်ဦးတစ်ယောက်တည်း ရပ်တည်ရှင်သန်၍ မရနိုင်။  မွေးဖွားစဉ်မှစ၍ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် စုဖွဲ့နေထိုင်ကြစမြဲဖြစ်သည်။ စုဖွဲ့ခြင်းဖြင့် အင်အားကို တောင့်တင်းခိုင်မာ စေသည်ဖြစ်ရာ  တစ်ဖက်တွင်  ကျရောက်လာမည့် ဘေးအန္တရာယ်များကို ကာကွယ်နိုင်သကဲ့သို့  အခြားတစ်ဖက်တွင်လည်း မိမိတို့အဖွဲ့အစည်း၏တိုးတက်ရာ တိုးတက်ကြောင်းများကို အဘက်ဘက်မှ ဆောင်ကြဉ်းပေးနိုင်လေမည်ဖြစ်ပေသည်။

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အရင်းရှင်ဝါဒ ယနေ့ခေတ်တွင် နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီဖြစ်ပေသည်။ အထူးသဖြင့် ကွန်ပျူတာနှင့်အင်တာနက်စနစ်သည် နိုင်ငံနယ်နိမိတ် အသီးသီးကို ထိုးဖောက် ဝင်ရောက်လာကာ တစ်ကမ္ဘာလုံးရှိ ကန့်သတ်ချက်များအား ဖြိုလှဲဖျက်ဆီးကာ ဂလိုဘယ်လိုက်ဇေးရှင်း ဟူသောကမ္ဘာပြုစနစ်မှာ  ပီပြင်စွာရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ဂလိုဘယ်လိုက် ဇေးရှင်းနှင့်အတူ အရင်းရှင်ဝါဒသည် ယှဉ်တွဲကြီးထွားလာရာ နယ်ပယ်အသီးသီးတွင် အရင်းအနှီး ကြီးမားသော သူတို့ကသာ အကျိုးအမြတ်များများ ရရှိလာလေတော့သည်။ ထို့ကြောင့်   အဘက်ဘက်မှ သာလွန်သူတို့သာ ပိုမိုအင်အားကောင်းလာပြီး ပိုမိုလွှမ်းမိုးလာနိုင်စွမ်းရှိလာပေတော့သည်။

နိုင်ငံအလိုက်စုဖွဲ့ခြင်း

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံငယ်များ အနေဖြင့် အင်အားကြီးမားသူတို့၏ လွှမ်းမိုးမှုကို အန်တုနိုင်ရန် ကြိုးပမ်း လာရတော့သည်။ ထိုသို့ကြိုးပမ်းရာတွင် နီးစပ်မှု၊ တူညီမှုရှိသော နိုင်ငံများအလိုက် စုဖွဲ့ထားသောနိုင်ငံပေါင်းစုံ အဖွဲ့အစည်းများ အသီးသီး ပေါ်ပေါက်လာကြသည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။ ထိုသို့စုဖွဲ့ထားသည့် ထင်ရှားသော နိုင်ငံအလိုက် အဖွဲ့အစည်းများမှာ ဥရောပသမဂ္ဂ၊ အိုအိုင်စီ၊ အာဖရိကန်ယူနီယံ၊ Shanghai Cooperation Organization စသည်တို့ဖြစ်သည်။     အာဆီယံ အဖွဲ့ကြီးမှာလည်း ထိုသဘောတရားဖြင့်စုဖွဲ့ထားသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်ပေသည်။ သို့သော် နိုင်ငံအလိုက်စုဖွဲ့မှုချင်းတူသော်လည်း အခြေခံတူညီသော စုဖွဲ့မှုနှင့် အခြေခံမတူညီသော စုဖွဲ့မှုပေါ်မူတည်၍ ပူးပေါင်းဆောင်ရွက်မှုချင်းကွဲပြားမှုရှိသလို ရလဒ်ချင်းလည်း ကွဲပြားမှုရှိပေသည်။

သင်္ချာသဘောဖြင့် ရှုမြင်ခြင်း

သင်္ချာသဘောအရ အားကောင်းသော စုဖွဲ့မှုမှာ အခြေခံတူညီမှုများသော စုဖွဲ့မှုဖြစ်သည်။ အခြေခံတူသော စုဖွဲ့မှုသည် မြှောက်လဒ်သာမက Power ဟုခေါ်သော အရှိန်အဟုန် မြင့်မားသည့် အားကောင်းသော ရလဒ်များကို ပေါ်ထွန်းစေမည်ဖြစ်ပေသည်။ ဥရောပသမဂ္ဂသည် တူညီမှုများစွာကိုအခြေခံ၍ စုဖွဲ့ထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပေသည်။ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များ တူညီသည့်အပြင် ဘာသာအယူဝါဒတူညီသောကြောင့်  ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများလည်း နီးစပ်မှုရှိသလို သွင်ပြင်လက္ခဏာများ ဖြစ်သည့် အသွေးအရောင်၊  အသားအရေမှအစ ကွဲပြားမှုမရှိ။ ပထဝီအနေအထား အရလည်း ကုန်းမြေချင်း တစ်ဆက်တစ်စပ်တည်း နီးကပ်မှုရှိနေသလို နိုင်ငံအားလုံး၏ အခြေခံ အသိပညာ၊ အတတ်ပညာ၊ အယူအဆ၊ သဘောထားများလည်း နီးစပ်မှုရှိနေသည့် ပေးထားချက်များ ရှိသည်။

ထို့ကြောင့် ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအတွက် တူညီသောငွေကြေးစနစ်တစ်ခုကို တည်ဆောက် နိုင်သလို အခြားသော စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင်လည်း အားကောင်းသော ပူးပေါင်း ဆောင်ရွက်မှုများ၊ ထိရောက်သော လုပ်ဆောင်ချက်များကို ချမှတ်အကောင်အထည် ဖော်နိုင်သည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းတူညီမှုများအပြင် ပထဝီအနေအထား တစ်ဆက်တစ်စပ်တည်း ရှိနေခြင်းသည်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသော အချက်တစ်ချက်ဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်ကဲ့သို့ အင်အားကြီးမား၍ ဦးဆောင်နိုင်စွမ်းရှိသော နိုင်ငံကြီးများ ပါဝင်နေခြင်းကလည်း ဥရောပသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေသော အချက်တစ်ချက်ဖြစ်သည်။ အလားတူ အိုအိုင်စီနိုင်ငံများမှာလည်း ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အယူဝါဒ၊ ဓလေ့ထုံးစံများတူညီမှု၊ နီးစပ်မှုကိုအခြေခံ၍ ဖွဲ့စည်းထားသောနိုင်ငံများဖြစ်သည်။

စုဖွဲ့မှုများတွင်  စစ်ရေးအရ  စုဖွဲ့နိုင်မှုသည် အားအကောင်းဆုံးသော စုဖွဲ့မှုဖြစ်သလို အရှိန်အဟုန် အမြင့်ဆုံးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပေသည်။  အခြေခံတူညီမှုများ  များစွာရှိနေခြင်းနှင့် စိတ်သဘောထား နီးစပ်မှုများသည် စစ်ရေးအရ စုဖွဲ့နိုင်မှုအတွက် အဓိကကျသောအကြောင်းရင်းတစ်ရပ် ဖြစ်ပေသည်။

အာဆီယံ၏ ပကတိတန်ဖိုး

အာဆီယံနိုင်ငံများ၏ စုဖွဲ့မှုကိုလေ့လာကြည့်လျှင် အခြေခံတူညီမှုများ အလွန်နည်းပါးလှသည်ကို ပကတိမျက်စိဖြင့် ကြည့်လျှင် ရှင်းလင်းစွာမြင်နိုင်ပေသည်။

အာဆီယံနိုင်ငံများအကြား နိုင်ငံရေးစနစ်အရ ကွဲပြားမှုများရှိသလို စီးပွားရေးစနစ်များလည်း မတူညီ။ ဘာသာအယူဝါဒ အရလည်း အမျိုးမျိုးတွေ့နိုင်မည်ဖြစ်သလို ယဉ်ကျေးမှု ဓလေ့ထုံးစံများလည်း  ခြားနားမှုရှိနေသည်မှာ ပကတိအမှန်တရားဖြစ်သည်။ ပထဝီအနေအထားအရလည်း တစ်ဆက်တစ်စပ်တည်း ရှိနေသည်မဟုတ်။ ထိုသို့အခြေခံအချက်များ တူညီမှုရှိမနေခြင်းကြောင့် သင်္ချာသဘောတရားအရ မြှောက်လဒ်နှင့် ထပ်ကိန်းအပေါ် အခြေမပြုနိုင်သော်လည်း အာဆီယံနိုင်ငံများသည် ပဋိညာဉ်နှင့်မူဝါဒကို အခြေခံထားသည့် ပေါင်းစည်းမှုအဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည်။ အာဆီယံအဖွဲ့ကြီး ပေါင်းစည်းမှု၏ အသက်မှာ ပဋိညာဉ်နှင့်မူဝါဒဖြစ်သည်။ ထိုပဋိညာဉ်နှင့် မူဝါဒအားကောင်းနေသမျှ အာဆီယံအဖွဲ့ကြီး အဓွန့်ရှည်တည်တံ့နေမည်မှာ မလွဲမသွေဖြစ်ပေသည်။ ၎င်းအပြင် အာဆီယံအဖွဲ့ကြီး၏ အားကောင်းသော စုဖွဲ့မှုဖြစ်ထွန်းရန်မှာလည်း ထိုပဋိညာဉ်နှင့် မူဝါဒများ တိုးတက်အားကောင်းလာ စေဖို့ပင်ဖြစ်ပေသည်။   

မှန်ကန်သောရှုမြင်မှု

လောက၌ အဆွေခင်ပွန်းကောင်း ရှိခြင်းသည် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့် အောင်မြင်စေသည့် အကြောင်းတရားပင် ဖြစ်သည်။ အိမ်နီးချင်းဟူသည် ရှောင်လွှဲမရသည့် မိတ်ဆွေမျိုးဖြစ်ရာ မိတ်ဆွေကောင်းပီသခြင်းသည်သာ မိမိပတ်ဝန်းကျင်ကို လုံခြုံအေးချမ်းစေမည်ဖြစ်သလို ဒေသတွင်းတည်ငြိမ်ဖွံ့ဖြိုးရေးကို များစွာ အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ပေသည်။ ၂၁ ရာစု၏ ပထဝီနိုင်ငံရေးအရ အာဆီယံ၏  အချက်အချာကျမှုသည် အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိလာပြီ ဖြစ်ပေသည်။ လောက၌ မည်သည့်လုပ်ငန်းတွင်မဆို မှန်ကန်စွာရှုမြင်နိုင်မှသာလျှင် မှန်ကန်စွာ ချဉ်းကပ်နိုင်ပြီး မှန်ကန်သော လုပ်ဆောင်ချက်များဖြင့် မှန်ကန်သောရလဒ်များ ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ထို့ကြောင့် မှန်ကန်စွာရှုမြင်နိုင်ခြင်းသည် ကောင်းရာကောင်းကျိုးများ ဖြစ်ထွန်းစေမည့် မင်္ဂလာတစ်ပါး ဖြစ်ပေသည်။ အာဆီယံ၏ ပကတိတန်ဖိုးနှင့် အနေအထားကို ရိုးရိုးရှင်းရှင်း ရှုမြင်နိုင်ခြင်းသည်ပင် မှန်ကန်သောရှုမြင်မှုဖြစ်ပေသည်။ ထို့အတူ အာဆီယံ၏ပဋိညာဉ်နှင့်မူဝါဒပေါ်မူတည်သော စုပေါင်းအားကို သိမြင်ခြင်းနှင့် အဖွဲ့အစည်းကြီးကို စောင့်ရှောက်ထိန်းသိမ်းလိုခြင်း၊ တိုးတက် စေလိုခြင်းသည် အမြော်အမြင်ရှိသော ပညာရှိတို့၏ လုပ်ရပ်ဖြစ်သလို မြင့်မြတ်သော ပရဟိတလုပ်ရပ် တစ်ခုလည်းဖြစ်ပေသည်။ အာဆီယံ၏ လက်တွဲအားသည် ဂလိုဘယ်လိုက်ဇေးရှင်း၏  အင်အားကောင်းသော   ကြီးစိုးလွှမ်းမိုးမှုများကို ကြံ့ကြံ့ခံနိုင်မည် ဖြစ်သလို ဒေသတွင်းတည်ငြိမ်မှုကို မြှင့်တင်ခြင်းနှင့် ဒေသတွင်း ပဋိပက္ခများကို လျော့နည်းစေမည်လည်း ဖြစ်ပေတော့သည်။  

  အချုပ်အားဖြင့်ဆိုသော် အာဆီယံအဖွဲ့ကြီးသည် အာဆီယံနိုင်ငံတစ်ခုချင်းစီ၏မတူညီသောတန်ဖိုးများကို ပေါင်းစပ်ထားခြင်းဖြစ်ပေသည်။ သင်္ချာသဘောတရားက ပြဆိုသော အာဆီယံအဖွဲ့ကြီး၏ပေါင်းစည်းမှုသည် အခြေခံတူညီမှု နည်းပါးသည်ဖြစ်ရာ Power  ဖြစ်စေသော ထပ်ကိန်းတန်ဖိုးကို မရရှိနိုင်သည်မှာ ပကတိအရှိ တရားပင်ဖြစ်သည်။ ထို့ကြောင့် အာဆီယံအဖွဲ့ကြီး၏ ပေါင်းစည်းမှုတွင် ပဋိညာဉ်နှင့် မူဝါဒသည် အဖွဲ့ကြီး၏ အသက်ပင်ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ ပေါင်းစည်းအားရရှိစေရန် အာဆီယံအဖွဲ့ကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက အမြော်အမြင်ကြီးစွာဖြင့် ချမှတ်ထားသော ပဋိညာဉ်နှင့်မူဝါဒများကို အလေးအနက်ထားကာ လိုက်နာကျင့်သုံးခြင်းက အာဆီယံအဖွဲ့ကြီး၏ ပေါင်းစည်းအားကို ပိုမိုကျစ်လျစ်ခိုင်မာစေမည်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ကြီး၏ ပဋိညာဉ်နှင့် မူဝါဒများကို လျစ်လျူရှုခြင်းက ပြင်းထန်လှသည့် ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းများအတွင်း တစ်စစီကွဲပြားလွင့်စဉ် သွားစေမည့် ခြေလှမ်းပင်ဖြစ်ပါကြောင်း...။   ။

မင်းသုခကျော်