သတိထားပါ မျက်စိရေတိမ်ရော

ကမ္ဘာတစ်ဝန်း၌  အမြင်အာရုံကွယ်ပျောက်စေတတ်သော အကြောင်းရင်းများတွင် မျက်စိရေတိမ်ရောဂါသည် ထိပ်ဆုံးမှ ပါဝင်သည်။ အမေရိကန်ဆိုင်ရာ မျက်လုံးရောဂါပညာရှင်အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ တစ်ကမ္ဘာလုံး၏ လူဦးရေ ၆၄ ဒသမ ၃ သန်းခန့် ရေတိမ်ရောဂါခံစားနေကြရပြီး ၂၀၄၀ ပြည့်နှစ်တွင် အဆိုပါ

ကိန်းဂဏန်းသည် နှစ်ဆနီးပါးခန့် တိုးလာနိုင်ကြောင်းသိရသည်။ ထို့ကြောင့် မျက်စိရေတိမ်ရောဂါ အကြောင်းကို လူအများ သတိပြုဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်၍ Glaucoma Research Foundation (GRF)အဖွဲ့အစည်းကြီးက နှစ်စဉ် ဇန်နဝါရီလ တစ်လလုံးကို National Glaucoma Awareness Month အဖြစ် သတ်မှတ်ထားသည်။ ၎င်းင်း GRF အဖွဲ့အစည်းကြီးသည် ၁၉၇၈ ခုနှစ်ကတည်းက စတင်တည်ထောင်ထားပြီး အမေရိကန်ပြည်ထောင်စု  ဆန်ဖရန်စစ္စကို တွင်တည်ရှိသည်။

အရေးပါသောမျက်စိ

လူတစ်ယောက်အတွက် မျက်စိတစ်စုံသည် တန်ဖိုးအရှိဆုံးအရာ ဖြစ်ပြီး ခန္ဓာကိုယ်၏ ထိခိုက်မှုအလွယ်ဆုံးသော အစိတ်အပိုင်းကလည်း   မျက်စိပင်ဖြစ်သည်။

မွေးရာပါ   မျက်စိရောဂါတစ်ခုခုဖြစ်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ထိခိုက်မိခြင်းကြောင့် အမြင်အာရုံ ချို့ယွင်းသွားခြင်းမှအပ လူတိုင်းလိုလို   ပျမ်းမျှအသက် ၄၀ ကျော်လာပါက အမြင်အာရုံစတင် ယိုယွင်းလာကြသည်။ လေ့လာမှု စစ်တမ်းများအရ ၂၀ ရာစုနှစ်မတိုင်ခင်  ကာလများတွင် လူအများစုက ငယ်စဉ်ဘဝတစ်လျှောက်လုံး မျက်မှန်တပ်ဆင်ခြင်း မရှိခဲ့ကြသော်လည်း အသက် ၄၀ ကျော်မှာ အနီးမှုန်လာတတ်သည်။ အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းလာခြင်းကို    အမျိုးသားထက် အမျိုးသမီးတွေမှာ ပို၍စောစီးစွာ တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မျိုးရိုးဗီဇအရ အမျိုးသမီးများက ပို၍အသက်ရှည်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း လေ့လာမှတ်သားရသည်။ သို့သော် ၂၁ ရာစုမှစ၍ နည်းပညာများ  တိုးတက်ခေတ်မီလာ သည့်အလျောက်  Tabletç  Smart Phone ကွန်ပျူတာ Laptop Destop ဟန်းဖုန်း စသည့် အီလက်ထရွန်နစ် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်လာကြရာ   ယခုအခါ သက်ငယ်ပိုင်းမှစ၍    အရွယ်မတိုင်မီ မျက်စိမှုန်ခြင်းကို ကမ္ဘာနှင့်အဝှမ်း ခံစားနေကြရသည်။ “မျက်စိအဆုံး၊ နားအရှုံး”ဟူသော ဆိုရိုးစကားရှိသည်။ မျက်စိမှုန်ခြင်းကို  စောစီးစွာကုသနိုင်မှသာလျှင် မျက်စိအတွင်း အာရုံကြောများပျက်စီးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

မျက်စိရေတိမ်

မျက်စိရေတိမ်ရောဂါ(Glaucom)သည် မျက်စိအတွင်းဖိအားမြင့်တက်သဖြင့် တဖြည်းဖြည်းဆိုးလာသော အမြင်အာရုံ နာ့ဗ်ကြောရောဂါစုကြောင့် ဖြစ်ပေါ်ရသည်။ တစ်နည်းအားဖြင့် ဆိုသော် မျက်စိရေတိမ် ရောဂါသည် အမြင်အာရုံကြော(Optic Nerve)ကို ထိခိုက်စေသော ရောဂါတစ်မျိုးဖြစ်ပြီး ပြန်လည်ကုသ မရနိုင်တော့သည့် မျက်စိကွယ်ခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ အစောပိုင်းတွင် ရောဂါလက္ခဏာ သိသိသာသာ ပြသလေ့ မရှိသောကြောင့် ရေတိမ်ဖြစ်နေကြောင်းကို အချိန်လွန်သောအခါမှ သိကြရသည်။ ထို့ကြောင့် ရေတိမ်ရောဂါကို “အမြင်အာရုံအလစ်သုတ်သမား”ဟု သြစတြေးလျ မျက်စိအထူးကု ဆရာဝန်ကြီးများက သတိပေးပြောထားသည်။

ရေတိမ်ရောဂါများ

ရေတိမ်ရောဂါတွင် အဓိကအားဖြင့် နှစ်မျိုးရှိသည်။ ၎င်းတို့မှာ ထောင့်ကျယ်ရေတိမ်(Open-Angle Glaucoma)နှင့် ထောင့်ကျဉ်းရေတိမ်(Closed-Angle Glaucoma) တို့ဖြစ်ကြသည်။ ထောင့်ကျယ်ရေတိမ်က အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး ဖြစ်စတွင်  လက္ခဏာမပြဘဲ အချိန်ကြာမှသာ လက္ခဏာပြသည်။ အရည်စီးထွက်ရာ လမ်းကြောင်းပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည်။ မျက်စိမှုန်ဝါးခြင်း၊ အမြင်အာရုံ ကျဉ်းမြောင်းလာခြင်း တို့သည် ထောင့်ကျယ်ရေတိမ်ရောဂါ လက္ခဏာများ ဖြစ်သည်။ ထောင့်ကျဉ်းရေတိမ်က ရုတ်တရက်လက္ခဏာများ ပေါ်လာတတ်ပြီး မျက်စိနီရဲလာခြင်း၊ မျက်စိကိုက်လာခြင်း၊ ခေါင်းကိုက်ပျို့ အန်တတ်ခြင်း၊ အမြင်မှုန်ဝါးပြီး အလင်းရောင်ကြည့်သောအခါ ၎င်းအရာဝတ္ထုဘေးတွင်   အလင်းကွင်း(Halo) များ မြင်ရခြင်းတို့ဖြစ်ပေါ်လာသည်။ ထောင့်ကျဉ်းရေတိမ်သည် မျက်ဝန်းနှင့် ၎င်းင်းအရည် စီးထွက်ရာ လမ်းကြောင်းတို့ ထိကပ်ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည်။ ထောင့်ကျယ်၊ ထောင့်ကျဉ်း ရေတိမ်ရောဂါများအားလုံးကို အချိန်မီကုသမှု မခံယူဖြစ်ပါက ရေဖိအားများသည့်ဒဏ်ကြောင့် မျက်ကြည်လွှာရှိ အမြင်အာရုံကြော ထိခိုက်ချိုင့်ဝင်သွားပြီး  လုံးဝမျက်စိကွယ်သွားခြင်း (Permanent Blindness) ဖြစ်ပေါ်စေသည်။

ရောဂါဖြစ်နိုင်ခြေရှိသူများ

          အသက် ၄၅ နှစ်နှင့်အထက်များ။

                   မိဘမျိုးရိုးတွင် ရေတိမ်ဖြစ်ဖူးသူများ။

                   ယခင် မျက်စိထိခိုက်ဒဏ်ရာရဖူးသူများ။

                   မျက်စိရေချိန်မြင့်တက်သူများ။

                   မျက်စိအနီးမှုန်၊ အဝေးမှုန်ပါဝါထူလွန်းသူများ။

                   မျက်ကြည်လွှာပါးသူများ။

လိမ်းဆေးတချို့နှင့် ပန်းနာရင်ကျပ်ဖျန်းဆေးဘူးများတွင် အသုံးပြုသည့် ကော်တီဇုန်း၊           စတီးရွိုက်ဆေးဝါးများကို အချိန်ကြာကြာ မှီဝဲနေရသူများ။

                   ဟိုက်ပိုသိုင်းရွိုက်၊ ဟိုက်ပါသိုင်းရွိုက် ရှိသူများ။

                   ဆီးချို၊ သွေးချိုရောဂါသည်များ။

                   ခေါင်းတစ်ခြမ်းကိုက်တတ်သူများ။

                   စိတ်မချမ်းမြေ့၊ စိတ်ဖိစီးမှုများသူများ။

                   အဆီများသောအစားအစာများစားသုံးလေ့ရှိသူများ။

                   ထုံးနှင့် ပေါင်းသတ်ဆေးစသောဓာတုဆေးများ မျက်လုံးထဲသို့ မတော်တဆဝင်ခြင်းနှင့်

                   ကိုယ်လက်လှုပ်ရှားမှုနည်း၍ အညောင်းမိခြင်း စသည်တို့ကြောင့် “ရေတိမ်” စွဲစေသည်။

ရောဂါလက္ခဏာများ

ရုတ်တရက် ခေါင်းလှည့်လိုက်သောအခါ အမြင်အာရုံမှာ အစွန်းအထင်းကွက်များ ထင်ဟပ်ခြင်း၊   အရောင်စက်ဝန်းများ သို့မဟုတ် ဒေါင်လိုက်အစင်းများပေါ်ခြင်း၊ ပျို့ချင်အန်ချင်လာပြီး ခေါင်းကိုက်ခြင်း၊ မျက်စိပြာ သကဲ့သို့ ရုတ်တရက်ဘာမျှ မမြင်ရတော့ဘဲ စက္ကန့်အနည်းငယ်ကြာမှ ပုံမှန်အတိုင်းပြန်မြင်ရခြင်း၊ ရုတ်တရက်နားထဲမှ ဘာသံမျှမကြားရတော့ဘဲ စက္ကန့်အနည်း ငယ်ကြာမှသာ    ပုံမှန်အတိုင်း ပြန်လည်ကြားရခြင်း  စသည့်လက္ခဏာများက မျက်စိရေတိမ်စတင် ဖြစ်နေကြောင်းကို ဖော်ပြနေသည်။   ရေတိမ် ရှိ၊ မရှိကို အသက် ၄၀ မတိုင်မီမှစ၍ တစ်နှစ် နှစ်ကြိမ် ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါသည်။

ရေတိမ်ရောဂါစစ်ဆေးပုံနှင့်ကုသပုံ       

ရေတိမ်ရောဂါအတွက် အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း၊ မျက်လုံးရေဖိအားတိုင်းတာခြင်း၊ ဗဟိုမျက်ကြည်လွှာ တိုင်းတာစစ်ဆေးခြင်း၊ မျက်လုံးအိမ်အရှေ့ပိုင်း မျက်စိရည်ကြည်လှည့်ပေါက်ထောင့် စစ်ဆေးခြင်း၊   အမြင်အာရုံကြောနာ့ဗ် စစ်ဆေးခြင်းနှင့်   မြင်ကွင်းစစ်ဆေးခြင်း စသည့်နည်း အမျိုးမျိုးဖြင့် စစ်ဆေးနိုင်သည်။ ကုသမှုအနေဖြင့် ရောဂါအခြေအနေပေါ် မူတည်၍ မျက်စိရည်ကြည်ပမာဏ နည်းစေသော မျက်စဉ်းခတ်ပေးခြင်း၊ လေဆာပစ်ခြင်း နှင့် နောက်ဆုံးအဆင့်အနေဖြင့် ခွဲစိတ်ကုသရသည်။

လေထုညစ်ညမ်းမှုကြောင့် မျက်စိကွယ်နိုင်

လေထုညစ်ညမ်းမှု အလွန်မြင့်မားခြင်းသည် မျက်စိကွယ်ခြင်း အတွက် အဓိကအကြောင်းရင်းဖြစ်သော ရေတိမ်ရောဂါ(Glaucoma) ဖြစ်ပွားနိုင်မှု အန္တရာယ် ကြီးမားလာစေသည်ဟု လေ့လာမှု အသစ်တစ်ရပ်ကဖော်ပြသည်။ ၂၀၀၆ နှင့် ၂၀၁၀ ကြား ဗြိတိန်နိုင်ငံ မျက်စိစမ်းသပ်မှု ခံယူခဲ့သူ ၁၁၁၀၀၀ ဦး၏ အချက်အလက်များကို သုတေသီများက ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။ ၎င်းလေ့လာချက်များအရ အလွန်သေးငယ်သောအမှုန်အမွှားများ PM 2. 5 ပါဝင်မှု အများဆုံးဧရိယာများတွင် နေထိုင်သူများသည် Glaucoma ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်အနည်းဆုံး ၆ ရာခိုင်နှုန်း ပိုများသည်ဟု  သုတေသီများက တွေ့ရှိခဲ့သည်။ လေထုညစ်ညမ်းမှု မြင့်မားသော ဒေသမှလူများတွင် မျက်စိအာရုံခံလွှာ ပိုမိုပါးလွှာ နိုင်ကြောင်းလည်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရေတိမ်ရောဂါရင့်လာလျှင် ဖြစ်ပေါ်သော မျက်စိ၏ ပြောင်းလဲမှုဖြစ်ကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ် မျက်စိအထူးကုပညာ  အင်စတီကျု့မှ ဒေါက်တာ ပေါလ်ဖော့စတာက ဆိုသည်။ Glaucoma  ရောဂါသည် ကမ္ဘာတစ်ဝန်း လူသန်း ၆၀ ကျော်ကို   ထိခိုက်နေပြီး အဖြစ်အများဆုံး   အကြောင်းရင်းမှာ မျက်စိအိမ်အတွင်း အရည်များမှ ဖိအားမြင့်တက်လာခြင်းဖြစ်သည်။ ထိုဖိအားမြင့်တက်ခြင်းက  မျက်စိနှင့် ဦးနှောက်ကို ဆက်သွယ်ထားသော နာဗ့်ကြောကို ပျက်စီးစေသည်။   ၎င်းသုတေသနများအရ မျက်စိရေတိမ်ရောဂါသည် တောနေလူထုထက်   မြို့နေလူထုတွင်  ဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့သည်။ ထိုခြားနားမှုတွင် လေထုညစ်ညမ်းမှုကဏ္ဍမှာ အဓိကဖြစ်ကြောင်း သုတေသီများက အကြံပြုထားသည်။

ရှောင်ရန်/ဆောင်ရန် အစားအစာများ

 ရေတိမ်ရောဂါမဖြစ်အောင် ဆား၊ ငါးပိ၊ ငါးခြောက်နှင့် အငန်ဓာတ်လွန်ကဲသော အစားအစာများ ရှောင်ပါ။ ကော်ဖီ တစ်နေ့ သုံးခွက်ထက် ပိုမသောက်သင့်ပေ။   ကိုလာအချိုရည်များနှင့် ကဖိန်းဓာတ်များသော အရည်များကို ရှောင်ပါ။ ကယ်လိုရီများသော အစားအစာများကိုရှောင်ပါ။ ရေသောက်လွန်ခြင်းကလည်း မျက်စိရေတိမ်ရှိသူကို ပို၍ဆိုးရွားစေနိုင်ပါသည်။

          သစ်တော်သီး၊ ပန်းသစ်တော်သီး၊ မင်းကွတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ဘယ်ရီသီးအမျိုးမျိုး၊ ခရမ်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ကြက်ဥ၊ လက်ဖက်ခြောက်ရေနွေးကြမ်း၊ ပင်လယ်ငါးအမျိုးမျိုး၊ မုန်ညင်း၊ ဟင်းနုနယ်၊ ဆလတ်၊ ကန်စွန်းကဲ့သို့သော အစိမ်းရောင်အရွက်ဖားဖား ဟင်းရွက်များ၊  အခွံမာသီး အစေ့အဆန်များက မျက်လုံးရေတိမ်ရောဂါအတွက် လွန်စွာကောင်းကျိုးပြုပါသည်။

အချုပ်အားဖြင့်ဆိုသော် စက္ခုအာရုံချို့ယွင်းသွားခြင်းသည် ကာယကံရှင်နှင့် မိသားစုအတွက်သာမက နိုင်ငံတော်အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ မျက်စိရေတိမ်ရောဂါသည် အမြင်အာရုံအလစ် သုတ်သမားဖြစ်သည့်အတွက်   စဦးပိုင်းတွင် လုံးဝမသိရဘဲ မျက်လုံးထောင့်ရှိ အရာဝတ္ထုတွေကို မမြင်နိုင် မတွေ့နိုင်တော့မှသာ ဆေးရုံဆေးခန်းပြသမိ၍ မျက်စိရေတိမ်ဖြစ်နေကြောင်း သိရသည်။ ထိုအချိန်သည် ရောဂါလွန်နေပါပြီ။ ထို့ကြောင့် ကျန်းမာရေး အခြေခံဗဟုသုတနည်းခြင်းကြောင့် ရေတိမ်မဖြစ်ရလေအောင်   မိမိမျက်စိတွင် အထက်ဖော်ပြပါ လက္ခဏာများ  ဖြစ်ပေါ်ခံစားလာရပါက တတ်ကျွမ်းနားလည်သော မျက်စိအထူးကု ဆရာဝန်ကြီးများဖြင့် စစ်ဆေးသင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။     ။

ပေါက်ပေါက်